ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, March 1, 2010

ထပ်ဆင်ရဲ့ ဓနငွေကြေး ဘာကြောင့် အသိမ်းခံရသလဲ

ကျော်လင်းဦး

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးရာထူး လက်ကိုင်ထားသူတွေအတွက် သီးသန့်ထားရှိတဲ့ တရားရုံးကနေ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ထပ်ဆင် ရှင်နဝတ် ဆီကနေ သိမ်းဆည်းထားတဲ့ ၇၆ ဘီလီယံဘတ်ကနေ ၄၆ ဘီလီယံဘတ်ကို သိမ်းယူဖို့ အမိန့်ချလိုက်ပါတယ်။ (တစ်ဘီလီယံ= သန်းပေါင်း ၁ ထောင်)

မစ္စတာ ထပ်ဆင် ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အာဏာကို အလွဲသုံးစားလုပ်ပြီး သူ့ရဲ့ ရှင်းကော်ပိုရေးရှင်းကို ဓနဥစ္စာတွေ ပိုမို ကြွယ်ဝအောင် အားထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် သက်သေခိုင်လုံတဲ့အတွက် အဲဒီလို သိမ်းယူခဲ့တာပါ။

ဒီလို တရားရုံးက ဆုံးဖြတ်တာကို ထပ်ဆင်ကို ထောက်ခံတဲ့ ဖို့ထိုင်းပါတီ နဲ့ အင်္ကျီအနီဝတ် ဆန္ဒပြသမားတွေကတော့ မကျေနပ်ကြပါဘူး။ ဒီလိုဆုံးဖြတ်တာက သူတို့ခေါင်းဆောင်အပေါ် သက်သက်မဲ့ အကွက်ဆင်ပြီး သိက္ခာကျအောင် လုပ်တာလို့ မြင်ပါတယ်။ ဒါပေမဲ့လည်း တရားရုံးကတော့ စွဲဆိုထားတဲ့ အမှုပေါင်း ၁၀ ခုမှာ မစ္စတာထပ်ဆင်ဘက်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး သူပိုင်ငွေကြေးထဲက ဒီ ပမာဏကို သိမ်းယူလိုက်တာပါ။

သူ့အပေါ် စွဲဆိုထားတဲ့အမှုပေါင်း ၁၀ ခုထဲက ပထမတခုကတော့ သူ ဝန်ကြီးချုပ်အဖြစ် ရှိနေစဉ်ကာလအတွင်း TOT လို့ခေါ်တဲ့ နိုင်ငံပိုင် တယ်လီဖုန်းကုမ္မဏီကနေ ဝန်ကြီးချုပ်ပိုင် ရှင်းကော်ပိုရေးရှင်းရဲ့ လုပ်ငန်းဖြစ်တဲ့ AIS မိုဘိုင်းဖုန်းကုမ္ပဏီကို အငှားချထားရာမှာ ဖုန်းပြောခရဲ့ ၂၅ ရာခိုင်နှုန်းကို TOT ကို ပေးသွင်းနေရာကနေ ၂၀ ရာခိုင်နှုန်းကို လျှော့ချလိုက်ပါတယ်။ ဒီအတွက် နိုင်ငံပိုင် TOT အနေနဲ့ ၇၀.၂ ဘီလီယံဘတ် နစ်နာခဲ့ရပါတယ်။

နောက်ထပ် ပြစ်မှုတခုကတော့ ရှင်းကော်ပိုရေးရှင်းပိုင် ရှင်း ဂြိုဟ်တုလုပ်ငန်းနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ အကြား ဂြိုဟ်တု အငှားချထားခြင်းနဲ့ ဆိုင်တဲ့ ကိစ္စပါပဲ။ အစိုးရနဲ့ သဘောတူညီချက်အရ ရှင်း ဂြိုဟ်တုလုပ်ငန်းက ရှင်း ဂြိုဟ်တု ၄ ဆိုတဲ့ ဂြိုဟ်တုတလုံး တိုးချဲ့လုပ်ကိုင်မယ်လို့ သဘောတူထားရာကနေ ရှင်း ဂြိုဟ်တု ၄ အစား IPSTER ဆိုတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကိုပဲ ပြောင်းလဲလုပ်ကိုင်ပါတယ်။

ဒီအတွက် ဆက်သွယ်ရေး ဂြိုဟ်တုအတွက် ပေးရမယ့် အဖိုးအခကို မပေးဆောင်တော့ဘဲ ရိုးရိုးဂြိုဟ်တုအတွက်သာ ပေးတဲ့အတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနက ဘတ် ၂၀ ဘီလီယံ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ရှင်း ဂြိုဟ်တုလုပ်ငန်းအတွက် ရှင်းကော်ပိုရေးကနေ ရင်းနှီးမြှပ်နှံဖို့ တာဝန်ရှိတဲ့ ၅၁ ရာခိုင်နှုန်းကိုလည်း ၄၀ ရာခိုင်နှုန်းအထိ ပြင်ဆင်လျှော့ချခဲ့ပါတယ်။

တတိယ ပြစ်မှုကတော့ နိုင်ငံပိုင် သွင်းကုန်ထုတ်ကုန် ဘဏ်ကနေ မြန်မာစစ်အစိုးရကို ငွေချေးရာမှာ မူလ သတ်မှတ်ထားတဲ့ ၃.၄ ဘီလီယံကနေ ၄ ဘီလီယံဘတ်တိုးမြှင့်ဖို့ ဝန်ကြီးချုပ် အမိန့်အာဏာကို အသုံးပြုခဲ့ပါတယ်။

အဲဒီ ချေးငွေတွေကနေ သူ့ရဲ့ ကိုယ်ပိုင် ရှင်း ဂြိုဟ်တုလုပ်ငန်းကနေ ဝန်ဆောင်မှုနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလို အာဏာအလွဲသုံးစားလုပ် ငွေချေးမှုကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ၁၂ နှစ်စာ ချေးငွေအတွက် အတိုးငွေ ပမာဏ ဘတ်သန်းပေါင်း ၆၇၀ သီးသန့်ဖယ်ထုတ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒီလို နိုင်ငံပိုင် သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ အာဏာအလွဲသုံးစားလုပ်ပြီး ငွေချေးမှုကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒါမှမဟုတ် သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ နောက်ထပ် တရားစွဲမှုတခု ထပ်တိုးလာဖို့ ရှိနေပါတယ်။

ဒါတွေအပြင် ထိုင်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အာဏာရလာတဲ့ နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဘက်တွေအနေနဲ့ ပိုင်ဆိုင်မှု ကြေညာရပါတယ်။ အဂတိလိုက်စားမှု ပပျောက်ရေး အမျိုးသား ကော်မရှင်ရဲ့ အချက်အလက်တွေအရ မစ္စတာ ထပ်ဆင်နဲ့ သူ့ရဲ့ဇနီး ပိုဂျမင်တို့ရဲ့ ၂၀၀၁ ခုနှစ်က တရားဝင် ပိုင်ဆိုင်မှုဟာ ဘတ် သန်းပေါင်း ၅၆၉ နဲ့ ဘတ် ၉.၉၆ ဘီလီယံ အသီးသီးဖြစ်ကြပါတယ်။ ၂၀၀၅ ခုနှစ် ရောက်တဲ့အခါ မစ္စတာ ထပ်ဆင်ရဲ့ ပိုင်ဆိုင်မှုက ဘတ်သန်းပေါင်း ၅၅၇ ထိ လျော့သွားပြီး၊ ဖိုခ်ျဂျမန်းကတော့ ၈.၈၄ ဘီလီယံအထိ ပဲရှိတယ်လို့ စာရင်းပြပါတယ်။

ဒါပေမဲ့ သူ့သားနဲ့ သမီးဖြစ်တဲ့ ဖန်းထောင်းထေ့နဲ့ ဖိန်းထောင်းထားတို့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ရှိတယ် မသိပါဘူး။ သူတို့ ၂ ဦးက အရွယ်ရောက်လာပြီဖြစ်လို့ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကြေညာစရာ မလိုတော့လို့ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ထပ်ဆင်မိသားစုရဲ့ တရားဝင် ပိုင်ဆိုင်မှုကလည်း မခန့်မှန်းနိုင်ပါဘူး။ သူ့ရဲ့ သားနဲ့ သမီး ပိုင်ဆိုင်မှုတွေ အခု အစိုးရက သိမ်းယူထားတဲ့ ၇၆ ဘီလီယံဘတ်ရဲ့ အပြင်ဘက် သီးသန့်ဓနတွေလို့ ယူဆရပါတယ်။ ဒီလို ပိုင်ဆိုင်မှုတွေကို လိမ်ညာထွက်ဆိုမှုတွေကြောင့် နောက်ထပ် တရားစွဲဆိုမှု ၄ ခုထိ ရင်ဆိုင်ရဦးမှာပါ။

ဒါတွေအပြင် ဝန်ကြီးချုပ်အဖြစ်နဲ့ရှိစဉ်က မစ္စတာ ထပ်ဆင်ရဲ့ အာဏာအလွဲသုံးစားမှုတွေကို စုပေါင်းပြီး တရားစွဲဆိုမှု တခုနဲ့ မစ္စတာ သက်ဆက်ရဲ့ဇနီး ပိုဂျမင်ရဲ့ ရှယ်ရာအရောင်းအဝယ်၊ အပေးအယူတွေနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှု တခုကလည်း တရားရုံးမှာ အဆင်သင့် ရှိနေပါသေးတယ်။ ပြီးတော့ အာဏာရ နိုင်ငံရေးသမားတွေအနေနဲ့ အစိုးရက ကန်ထရိုက်ချပေးတဲ့ လုပ်ငန်းတွေမှာ ရှယ်ယာ ၅ ရာခိုင်နှုန်း ထက်မပိုတဲ့ ပိုင်ဆိုင်မှုပဲ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိပါတယ်။ ဒီအချက်ကိုလည်း မစ္စတာ ထပ်ဆင် မိသားစုက ဖောက်ဖျက်တယ်လို့ ယူဆရပါတယ်။ ဒီအမှုတွေအားလုံး စုပေါင်းပြီး မစ္စတာ ထပ်ဆင်နဲ့ ပိုဂျမင်တို့ရဲ့ ပိုင်ဆိုင်မှုထဲက အာဏာရပြီးမှ ချမ်းသာလာတဲ့ ၄၆ ဘီလီယံကို သိမ်းယူဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမဲ့လည်း မစ္စတာ ထပ်ဆင်ဘက်ကတော့ ဒီလိုချမ်းသာမှုက သူ့အနေနဲ့ ရိုးရိုးသားသား ချမ်းသာလာတဲ့ ဓနတွေသာဖြစ်ပြီး တခြား ကုမ္ပဏီတွေလို သူပိုင် ရှင်း ကော်ပိုရေးရှင်းရဲ့ ရှယ်ယာဈေးနှုန်းတွေ တက်လာလို့ ချမ်းသာလာတာလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း သူဝန်ကြီးချုပ်ဘဝနဲ့ ရှိနေစဉ်အတွင်း အစိုးရရဲ့ ပေါ်လစီတွေမှာ သတင်းဆက်သွယ်ရေးကဏ္ဍကို ဦးစားပေးတဲ့ ပေါ်လစီတွေ ချမှတ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ အထူးသဖြင့် ရှင်း ကော်ပိုရေးရှင်းရဲ့ လုပ်ငန်းတွေ အမြတ်အစွန်း ရစေဖို့အတွက် အစိုးရဝန်ကြီးဌာနတွေကနေ အလျှော့ပေးရတဲ့ ကန်ထရိုက်စာချုပ်တွေကို ချုပ်ဆိုစေခဲ့တာပါ။ ဒါကြောင့်လည်း ထပ်ဆင်မိသားစုအတွက် အကျိုးအမြတ်တွေ ရခဲ့ပါတယ်။

ထိုင်းနိုင်ငံရေးမှာ နိုင်ငံရေးသမားတွေ အာဏာအလွဲသုံးစားလုပ်ပြီး ချမ်းသာလာတာဟာ သိပ်ထူးခြားတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို နိုင်ငံရေးသမားတွေ အာဏာကို အလွန်အကျွံသုံးလို့ အာဏာသိမ်းမှုအထိ ပေါ်ပေါက်လာခဲ့တဲ့ ဖြစ်ရပ်မျိုး အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ ဝန်ကြီးချုပ် ချတ်ချိုင်း ချွန်ဟာဗွန် လက်ထက်မှာ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုတွေ ကြီးမားလွန်းလို့ စစ်တပ်ရဲ့ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ရဖူးပါတယ်။

အခုတခါ မစ္စတာ ထပ်ဆင် လက်ထက်မှာလည်း ဒီလို အဂတိလိုက်စားမှုတွေကြောင့် ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းမှုတွေ ပေါ်ပေါက်လာပြီး မစ္စတာ ထပ်ဆင်ကို တရားစွဲဆိုတဲ့ အဆင့်အထိ ရောက်ခဲ့တာပါ။
ဒီလို သူပိုင်ဆိုင်တဲ့ ငွေကြေးတွေကို သိမ်းယူဖို့ ဆုံးဖြတ်တဲ့အပြင် သူအာဏာရှိစဉ်က ဘဏ္ဍာရေးဝန်ကြီးဌာနပိုင် ဘန်ကောက်မြို့လည်က မြေကွက်တကွက်ကိုလည်း သူ့ရဲ့ဇနီးကို ရောင်းချမှုမှာ ဝန်ကြီးချုပ် အာဏာကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်း ခံထားရပါတယ်။ ဒါပေမဲ့ မစ္စတာ ထပ်ဆင်ကတော့ ဒီထောင်ဒဏ်တွေကို တိမ်းရှောင်ဖို့အတွက် နိုင်ငံခြားမှာ သွားရောက်နေထိုင်နေတာ ဖြစ်ပါတယ်။

မစ္စတာ ထပ်ဆင်ကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားမျိုးအဖြစ် ထိုင်းနိုင်ငံ တရားရေးစနစ်ကနေ အပြစ်ပေး အရေးယူလိုက်တာဟာ နိုင်ငံရေးစနစ်တရပ် ခိုင်မာဖို့အတွက် အရေးကြီးလှပါတယ်။ ကျင့်ဝတ်သိက္ခာနဲ့ မညီတဲ့ နိုင်ငံရေးသမားတိုင်းဟာ အာဏာရလာတာနဲ့ တပြိုင်ထဲ အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတတ်လေ့ ရှိပါတယ်။ ဒီလို နိုင်ငံရေးသမားမျိုးကို လူ့အဖွဲ့အစည်းက ဖယ်ထုတ်ဖို့ ခိုင်မာတဲ့ တရားရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ လိုအပ်လှပါတယ်။ ဒါ့အပြင် ပြည်သူလူထုကလည်း ဒီလို နိုင်ငံရေးသမားမျိုးတွေကို စောင့်ကြည့်လေ့လာပြီး ဆန့်ကျင် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။

(စာရေးသူ ကျော်လင်းဦးသည် ထိုင်းနိုင်ငံ ရမ်းခမ်းဟင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကို ရရှိခဲ့သူ ဖြစ်သည်။)

No comments:

Post a Comment