ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, March 1, 2010

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီကဆားလုပ်ငန်းရှင်များထံမှ ဆားတန်ချိန် တသိန်း မဝယ်နိုင်၍ကတိဖျက်အပြီး ဆားဈေးထိုးကျ

ဖနိဒါ

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီက ဆားလုပ်ငန်းရှင်များထံမှ ဆားတန်ချိန် တသိန်း ဝယ်ယူမည့် အစီ အစဉ် ဖျက်လိုက်ပြီးနောက် ဆားဈေးများ တဟုန်ထိုး ကျဆင်းသွားသည်။

ကော့စတစ်စက်ရုံဆောက်လုပ်မည်ဖြစ်၍ ဆားများကို ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း စက်ရုံ မတည်ဆောက်ရသေးသဖြင့် အစီအစဉ် ဖျက်သိမ်းလိုက်ကြောင်း ယခင်လ ၇ ရက်နေ့က ဆားလုပ်ငန်းရှင်များကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော ဦးပိုင်မှ အကြီးအကဲများက နေပြည်တော်တွင် တွေ့ဆုံပြောကြားခဲ့သည်။

နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ဆားထွက်ရှိရာ ဒေသတခုဖြစ်သော ဧရာဝတီတိုင်း လပွတ္တာမြို့တွင် ဆားကြမ်းဈေးသည် ယခင်လက ၁ ပိဿာ ၇ဝ ကျပ်ရှိနေရာမှ ယနေ့တွင် ၄ဝ ကျပ်ထိ ဈေးကျသွားသည်။

“လောလောဆယ်မဝယ်ဖြစ်သေးဘူးလို့ ပြောတယ်။ ကော့စတစ်စက်ရုံ ဆောက်ဖို့အတွက် ဆားလို မယ်။ ဒါပေမဲ့ စက်ရုံက မလုပ်သေးဘူး။ လုပ်တဲ့အချိန်မှာ ဝယ်မယ်ပေါ့လေ” ဟု နေပြည်တော် အစည်း ဝေးတက်ခဲ့သည့် ဧရာယတီတိုင်းမှ ဆားလုပ်ငန်းရှင်တဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလက ဆားလုပ်ငန်းရှင်များကို ဦးပိုင်ကုမ္မဏီက ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ် ဧရာဝတီတိုင်းမှ ဆား တန်ချိန် ၈ သောင်းနှင့် ရခိုင်ပြည်နယ်မှ တန်ချိန် ၂ သောင်း ဝယ်မည်ဟု ပြောကြားခဲ့သည်။

“နေပြည်တော်မှာတွေ့ပြီးတော့ မဝယ်ဖြစ်တော့ဘူးလို့ ပြောရော ဆားဈေးတွေက တအားဆင်းသွား တယ်။ ဝယ်မယ်လို့ ပြောပြီးတော့မှ မဝယ်တော့ဘူးဖြစ်သွားတဲ့ အကျိုးသက်ရောက်မှုဖြစ်လာတယ်” ဟု အခြားဆားလုပ်ငန်းရှင်တဦးက ပြောသည်။

၂ဝဝ၈ ခု နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဆားကွင်း ၂ သောင်းကျော် ပျက်စီးသွားခဲ့ သည်။ ထို့ကြောင့် ဆားလုပ်ငန်းရှင်များကို အစိုးရနှင့် ပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇ၊ မြဝတီ၊ မွေးမြူရေး၊ စက်မှုလက်မှု စသည့် ဘဏ်များက ချေးငွေများကို ထုတ်ချေးပေးခဲ့ သည်။

ဆားလုပ်ငန်းရှင်များကို တဧကလျှင် ၃ သိန်းနှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာ အများစုမှာ ယခုအချိန်အထိ အတိုးအရင်း အကြေပြန်မဆပ်ကြရပဲ ဆားဈေးကလည်း ကျနေသဖြင့် စိတ်ပူပန်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ဆားကို ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့ တွင် အဓိက ထုတ်လုပ်သည်။

ယခင်နှစ်က မွန်ပြည်နယ်၊ ရန်ကုန်၊ ရခိုင်ရှိ အစိုးရဆားလုပ်ငန်းများမှ တန်ချိန် ၃၈ဝဝဝ ကျော်ထွက် ရှိပြီး ပုဂ္ဂလိက လုပ်ငန်းများမှ တန်ချိန် ၃ဝဝဝဝ ရှိကြောင်း လေ့လာသိရှိရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

No comments:

Post a Comment