ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, March 11, 2010

ပြည်တွင်း၌ သဘာဝဓာတ်ငွေ့များ ပေါပေါများများ ထွက်နေသော်လည်း (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက်

မျိုးဝင်းဇော်

မီးဖိုချောင်သုံး ဂက်စ်အရည် ဈေးနှုန်းမှာ (၃) လအတွင်း (၄ဝ) ရာခိုင်နှုန်းအထိ မြင့်တက်လာသည့်အတွက် လူလတ်တန်းစားနှင့် အခြေခံအလုပ်သမား မိသားစုများ လောင်စာစရိတ် ပိုမိုကုန်ကျလာကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှ အိမ်ရှင်မတဦးက “ဂက်စ်ဈေး တက်လာတာရော၊ မီးပျက်တာများလို့ ဂက်စ်မီးဖိုကို ပိုပြီး သုံးရတာ အတွက်ကြောင့်ပါ ငွေကုန်ကြေးကျ ပိုများလာတယ်။ ခုဆို ဂက်စ်ဖိုး တလ ကျပ် (၁၀,၀၀၀) လောက်တော့ ကုန်တယ်။ ကိုယ်စားရမယ့် စရိတ်တွေ ဂက်စ်ဖိုးထဲ အများကြီးဝင်သွားလို့ ချွေတာနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် မီးဖိုဆောင်သုံးဂက်စ်ကို တပိဿာလျှင် ကျပ် (၂,ဝဝဝ) နှုန်းပေးခဲ့ရကြောင်း၊ ယခုသီတင်းပတ်အတွင်း တပိဿာ ကျပ် (၂,၈ဝဝ) နှုန်း ဖြစ်နေပြီး မကြာသေးမီက ကျပ် (၃,ဝဝဝ) အထိမြင့်တက်ခဲ့သည်ဟု ဂက်စ်ရောင်းသည့်ဆိုင်မှ သိရကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မီးဖိုဆောင်သုံး ဂက်စ် (LPG) ကို အစိုးရနှင့် နီးစပ်သူများသာ ၀ယ်ယူခွင့် ပါမစ်ရရှိထားပြီ်း ၎င်းတို့ထံမှ ပုဂ္ဂလိက အရောင်းဆိုင်ငယ်များက တဆင့်ပြန်လည်ဝယ်ယူပြီး ပိဿာအချိန်အတွယ်ဖြင့် ရောင်းချလျက်ရှိသည်။

စီအန်ဂျီကဲ့သို့ မော်တော်ယာဉ်သုံး ဂက်စ်ကိုမူ လီတာစနစ်ဖြင့် အစိုးရ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးသော်လည်း မီးဖိုချောင်သုံး ဂက်စ်ကိုမူ ပုဂ္ဂလိကအရောင်းဆိုင်များတွင် တဆင့် ၀ယ်ယူရသဖြင့် ဈေးနှုန်းအမြင့်ဖြင့် သုံးစွဲကြရသည့် အနေအထားဖြစ်သည်။

ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းတွင် ဂက်စ်မီးဖိုနှင့် ဂက်စ်အရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ယခုကဲ့သို့ ဂက်စ်ဈေး တက်ရခြင်းသည် ရန်ကုန်တွင် မီးအပျက်များပြီး ဂက်စ်လိုအပ်ချက် များနေချိန်ဖြစ်သည့်အပြင် ထိုင်းနယ်စပ် မဲဆောက်မြို့၌ မြန်မာနိုင်ငံဘက်ပို့မည့် ဂက်စ်အိုးများကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးသည့်အချိန်နှင့် တိုက်ဆိုင်သွားခြင်းကြောင့်ဖြစ်ကြောင်း ရှင်းပြသည်။

ထိုင်းအစိုးရသည် မြန်မာနိုင်ငံ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်သည့် ဂက်စ်ကိုဝယ်ယူပြီး ထိုင်းနိုင်ငံသားများကို အရှုံးခံကာ ဈေးချိုချိုဖြင့် ပြန်လည်ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း၊ အဆိုပါဂက်စ်များကို မဲဆောက်ကုန်သည်တို့က မြန်မာနိုင်ငံဘက် ပြန်ပြီး ရောင်းစားနေခြင်းကြောင့် ယခုကဲ့သို့ တားမြစ်ဖမ်းဆီးမှု လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်တွင်း၌ သဘာဝဓာတ်ငွေ့များ ပေါပေါများများ ထွက်နေသော်လည်း ပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် မသုံးရဖြစ် နေကြသည်။

ရန်ကုန်မြို့တွင် ဂက်စ်ကို စားသောက်ဆိုင်များ အပါအ၀င် မြို့လယ်ကွန်ဒိုနှင့် တိုက်ခန်းနေသူတို့က အများဆုံး အသုံးပြု ကြကြောင်း၊ မြို့ဆင်ခြေဖုံးရပ်ကွက်တို့တွင်မူ ထင်း၊ မီးသွေးကို အသုံးများပြီး ဂက်စ်သုံးသည့် အိမ်များကလည်း ဘူးငယ်များကိုသာ ဝယ်ယူအသုံးပြုသည့်အတွက် ကုန်ကျစရိတ် ပိုမိုကြီးမားကြောင်း သိရသည်။

စစ်အစိုးရသည် နိုင်ငံအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး မစွမ်းဆောင်နိုင်သဖြင့် ပြည်သူများ ရေမလုံလောက်မှုအပါအဝင် နောက်ဆက်တွဲ ပြဿနာပေါင်း မြောက်မြားစွာ ကြုံတွေ့နေရပြီး ယခု ဂက်စ်ဈေးတက်၍ ငွေကုန်ကြေးကျ များရခြင်းက ထပ်ဆင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

No comments:

Post a Comment