ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, March 1, 2010

ကလေးမြို့မှာ လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ

မြင့်မောင်
စစ်ကိုင်းတိုင်း ကလေးမြို့၌ ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ CDMA 450 MHz ကဒ်သုံး လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

FEC ၅ဝ တန် ကဒ်ဖုန်းများကို စစ်အစိုးရမှ တရားဝင် ချထားပေးခြင်း မဟုတ်ဘဲ ဒေသခံ စီးပွားရေးသမားများက ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ သယ်ယူရောင်းချသဖြင့် အသုံးပြုနိုင်ခြင်း ဖြစ်သည်။

“အစိုးရက ပြီးခဲ့တဲ့ ၂ လ လောက်ကတည်းက ကဒ်ဖုန်းတွေ ချပေးဖို့ ပြောထားတယ်။ အခုထိ ရောက်မလာသေးဘူး။ ဒါကြောင့် ကိုယ်တိုင် ရန်ကုန်ဆင်းပြီး ဝယ်တယ်။ နောက် ဒီမှာ ပြန်ရောင်းတယ်” ဟု ကလေးမြို့ရှိ ဖုန်းအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

ကမ်းရိုးတန်းဖုန်းဟု နာမည်ကြီးသည့် CDMA 450 MHz ဖုန်းတွင် ဝ၉-၄ ဖြင့် စတင်သည့် ဂဏန်း ၉ လုံးပါဝင်ပြီး ဖုန်းခေါ်ဆိုခအပြင် ပြန်လည်ဖြေဆိုခပါ ပေးဆောင်ရသည့်ဖုန်း အမျိုးအစားဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာ ဖုန်း hand set ဖြင့်သာ ဖုန်းကဒ်များ ထည့်သွင်းအသုံးပြုနိုင်ပြီး hand set တခုလျှင် အနည်းဆုံး ကျပ် ၅ သောင်းခန့်မှ ၄ သိန်းကျော်အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

ဖုန်းကဒ်များမှာ FEC ၂ဝ တန်၊ ၅ဝ တန်၊ ကျပ် ၁ သောင်းတန်နှင့် ကျပ် ၃ သောင်းတန်ဟူ၍ အမျိုးအစား ၄ မျိုး ရှိသော်လည်း ကလေးမြို့တွင် FEC ၅ဝ တန် ကဒ်များသာ ရောင်းချသည်။

ပြည်တွင်းခေါ်ဆိုခမှာ တမိနစ်လျှင် ၅ဝ ကျပ်၊ ပြည်တွင်းဖုန်း ပြန်လည်ဖြေဆိုခ တမိနစ် ၃ဝ ကျပ်နှင့် ပြည်ပခေါ်ဆိုခ တမိနစ် ၉ဝဝ ကျပ် ကုန်ကျသည်။


CDMA 450 ဖုန်းများသည် ကြိုတင်ငွေဖြည့်ကဒ်ကို အသုံးပြုရမည့် ဖုန်းအမျိုးအစားဖြစ်ကာ၊ ယင်းကဒ်များ ရောင်းချခွင့်ရသည့် ကုမ္ပဏီမှာ အီလိုက်တက် ကုမ္ပဏီက အမျိုးအစား ၄ မျိုး ခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် FEC 20 တန်၊ FEC 50 တန်ကဒ်၊ ကျပ် ၁ သောင်း၊ ကျပ် ၃ သောင်းတန်ကဒ် ဟူ၍ ဖြစ်သည်။

ထို့ပြင် CDMA 450 ၄၅ဝ မဂ္ဂါဟဇ် hand set ဖြင့် သာ အသုံးပြု၍ရကြောင်းနှင့် hand set တခုလျှင် အနည်းဆုံး ကျပ် ၅ သောင်းခန့်မှ တသိန်းကျော်တန်အထိ ရှိကြောင်း သိရသည်။

ပြည်တွင်းခေါ်ဆိုခမှာ တမိနစ်လျှင် ကျပ် ၅ဝ ဖြစ်ပြီး၊ မည်သည့်နိုင်ငံသို့ ခေါ်ဆိုစေ တမိနစ်လျှင် 1 FEC သို့မဟုတ် ဒေါ်လာ (0.90) ဖြစ်ကာ၊ ၎င်းဖုန်းများ၏ နံပါတ်မှာ 09-4 ဖြင့် စတင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတဦးက ပြောသည်။

“အခုက ကလေးမြို့မှာ လူကြိုက်များနေတယ်။ ဒီ ၃ ရက် ၄ ရက်အတွင်း ၁ဝ လုံးလောက် ရောင်းလိုက်ရတယ်။ ကဒ်ဖုန်း အသုံးပြုနိုင်တော့ စီးပွားရေးရော၊ လူမှုရေးကိုပါ အမျာကြီး အထောက်အကူ ပြုတာပေါ့ဗျာ” ဟု အဆိုပါ ဆိုင်ပိုင်ရှင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တခါသုံး ဖုန်းကဒ်လိုင်းများ မပါဝင်ဘဲ မိုဘိုင်းဖုန်းများ၊ အော်တိုတယ်လီဖုန်း (လိုင်းဖုန်း၊ ကြိုးဖုန်း) များ၏ ဖုန်းလိုင်းပေါင်းမှာ ၇ သိန်းခွဲနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် ထုတ်ပြန်ထားသည်။

No comments:

Post a Comment