ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, March 2, 2010

ကမ္ဘာ့ကဗျာနေ့ ရန်ကုန်တွင် စည်ကားစွာကျင်းပမည်

အောင်သက်ဝိုင်း
ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာပွဲတော်ကို စည်ကားစွာ ကျင်းပမည် ဖြစ်သောကြောင့် ပြည်တွင်းရှိ ကဗျာဆရာများ၊ ကဗျာ ချစ်သူများနှင့် ကဗျာ မြတ်နိုးသူများ အကြား စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ရှိလာနိုင်ကြောင်း ယင်းပွဲ စီစဉ်သူ တဦးဖြစ်သည့် ကဗျာဆရာ သစ္စာနီက ပြောသည်။

“အရင်က အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ကဗျာဆရာတွေ ကွဲလွဲကြတယ်။ နိုင်ငံရေးကို အခြေခံပြီး သဘောထား ကွဲကြတာတွေ ရှိတယ်။ ခုချိန်မှာတော့ အသင်းအဖွဲ့ရယ်လို့ တိတိ ကျကျမရှိပေမယ့် ကဗျာတွေအပေါ် အခြေခံပြီး လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်တွေနဲ့ ဒီမိုကရေစီနည်းကျ ကဗျာလောက ညီညွတ်ရေး ဦးတည်သွားမယ်” ဟု ကဗျာဆရာသစ္စာနီက ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ကဗျာနေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် ကဗျာပွဲတော်များ စီစဉ်ကျင်းပလေ့ရှိသကဲ့သို့ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက မြန်မာနိုင်ငံတွင် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ကဗျာဆရာ အစုအဖွဲ့ငယ်များဖြင့် သီးခြား တနေရာစီ ကျင်းပခဲ့ကြ သော်လည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် တနိုင်ငံလုံး အတိုင်းအတာရှိကဗျာဆရာများ ပါဝင်မည့် ကဗျာနေ့ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပန်းဆိုးတန်း ပန်းချီခန်းမ၊ စာပေလောက ၅ တွင် မတ်လ ၁၉ ရက်မှ ၂၂ ရက်ထိ ကဗျာစာတမ်းဖတ်ပွဲများ၊ ရှားပါးကဗျာ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပွဲနှင့် ကဗျာစာအုပ် ရောင်းပွဲ များဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ကဗျာဆရာ မင်းထက်မောင်က ဆိုသည်။

ရန်ကုန်တွင် ကျင်းပမည့် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲတွင် ကွယ်လွန်ပြီးဖြစ်သော ကဗျာဆရာများ၏ ကဗျာများ၊ လက်ရေး စာမူများကိုလည်း ပြသမည်ဖြစ်သည့်အပြင် ရာစုနှစ်၊ ဆယ်စုသစ် အမည်ဖြင့် ကဗျာပြပွဲများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ဆယ်စုသစ် ကဗျာပြပွဲ ပြုလုပ်မှာဖြစ်သလို၊ ရာစုနှစ်ကဗျာပြပွဲလည်း ပြုလုပ်မှာပါ။ ဒါ့အပြင်
ကဗျာဆရာတွေ ကိုယ်တိုင်ရေးထားတဲ့ လက်ရေးစာမူတွေကိုလည်း ဘောင်သွင်းပြသ ရောင်းချသွားဖို့ ရှိပါတယ်” ဟု ကဗျာဆရာ မောင်လင်းရိပ်က ပြောသည်။

ကဗျာဆရာများသည် ခေတ်တခေတ်၏ အခြေအနေများကို စာပေဖြင့် ဖော်ထုတ်ပြသပြီး အာဏာရှင် အဆက်ဆက်ကို တွန်းလှန်ကာ ပြည်သူ့ဘက်မှ ရပ်တည်လေ့ရှိသောကြောင့် မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်တွင် ရန်သူအဖြစ် သဘောထား ခံရသော လူတန်းစား တရပ်ဖြစ်ကြောင်း၊ ယခု နအဖ စစ်အစိုးရ လက်ထက်တွင်လည်း ကဗျာဆရာများ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို တင်းကျပ်စွာ ပိတ်ပင်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ကဗျာဆရာတဦးက ပြောသည်။

“လူထုနဲ့ တသားတည်း၊ ဒုက္ခတွေကို ခါးစည်းခံ၊ အကျပ်အတည်းတွေ ကြားမှာရုန်းကန်ရင်း ကဗျာတွေရေးဖွဲ့ကြတယ်။မျက်ရည်တွေ၊ သွေး၊ ချွေးတွေပြည့်နေတဲ့ ဒီကဗျာတွေက စာပေစိစစ်ရေးကြောင့် စာမျက်နှာပေါ် ရောက်မလာနိုင်ဘူး” ဟု မဂ္ဂဇင်းအယ်ဒီတာ တဦးက ဆိုသည်။

နိုင်ငံတကာတွင် ကဗျာဆရာများကို တိုင်းပြည် စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင် သူများအဖြစ် လေးစား ချီးမြှောက် ကြသော်လည်း မြန်မာနိုင်ငံတွင်မူ ကဗျာဆရာများကို လျစ်လျူရှုထားသည့်အပြင် ကဗျာရေးသားခွင့် ကိုလည်း တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည့်အတွက် မြန်မာ့စာပေယဉ်ကျေးမှု တိုးတက်ရေးကို ကြီးမားသော အနှောင့် အယှက် ဖြစ်စေသည်ဟု ရန်ကုန်အခြေစိုက် စာရေးဆရာတဦးက ပြောသည်။

မြန်မာပြည် စာပေအသိုင်းအ၀န်းတွင် ကဗျာတပုဒ်အတွက် စာမူခ ကျပ် ၅၀၀၀ ခန့်သာ အများဆုံးရရှိပြီး မဂ္ဂဇင်းတအုပ်တွင် ကဗျာတပုဒ် ပါရန် အလွန်ခဲယဉ်းလှကြောင်း၊ ကဗျာရေးခြင်းဖြင့် စားဝတ်နေရေး ပြေလည်ရန် မလွယ်ကူသောကြောင့် ကဗျာဆရာ အများစုမှာ ဆင်းဆင်းရဲရဲ ရုန်းကန်နေရကြောင်း သိရသည်။

ယခုခေတ်သည် သတင်းဂျာနယ်ခေတ်ဖြစ်ပြီး ကဗျာများ ပုံမှန် ထည့်သွင်းဖော်ပြသည့် ရသ မဂ္ဂဇင်း လောက မှေးမှိန်သွားသည့် အတွက် မြန်မာ့ ကဗျာလောက အခြေအနေမှာ ဆုတ်ယုတ်မှုအပိုင်းတွင် ရှိနေကြောင်း ပြည်တွင်း ကဗျာဆရာများက ဆိုကြသည်။

No comments:

Post a Comment