ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, March 11, 2010

လာမည့် မတ်လ ၁၄ ရက်နေ့တွင် ဘန်ကောက်မြို့ sanamluang ကွင်း၌ အကြီးမားဆုံး ဆန္ဒပြပွဲတရပ်ပြုလုပ်မည် ဖြစ်သောကြောင့် မနက်ဖြန်မှ စတင် စုရပ်များတွင် စုရုံးမည်

ဘစောတင်
.ဆန္ဒပြ အနီရောင်ဝတ် (ရှပ်နီ) ထိုင်းအစိုးရ ဆန့်ကျင်ရေးသမားများ ကြားတွင် တွေ့ရသည့် ရွှေ့ပြောင်း အလုပ်သမား များကို ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးက ပြောကြားလိုက်သည်။

“ဒီသတင်းပတ်ကုန် ဘန်ကောက်မှာ လုပ်မယ့် ရှပ်နီတွေရဲ့ ဆန္ဒပြပွဲမှာ ရွှေ့ပြောင်း အလုပ်သမားတွေ ပါလာ နိုင်တယ်။ ဒီဆန္ဒပြပွဲထဲမှာ ဖမ်းမိတဲ့ ဘယ်ရွှေ့ပြောင်းအလုပ်သမား ကိုမဆို ထိုင်းအစိုးရက ထောင်ချ၊ဒဏ်ရိုက်မယ့် အပြင် အလုပ်လုပ်ခွင့်ပါမစ်ကိုပါ ဖျက်သိမ်းမယ်။ အလုပ်ရှင်ကိုလည်း ရွှေ့ပြောင်းအလုပ်သမား တယောက်စီအတွက် ဘတ် ၁ သိန်းစီ ဒဏ်ရိုက်မယ်” ဟု ထိုင်းအလုပ်သမား ၀န်ကြီး Phaitoon Kaeothong က မတ်လ ၉ ရက်နေ့တွင် ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြ ထားသည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီများသည် လာမည့် မတ်လ ၁၄ ရက်နေ့တွင် ဘန်ကောက်မြို့ sanamluang ကွင်း၌ အကြီးမားဆုံး ဆန္ဒပြပွဲတရပ်ပြုလုပ်မည် ဖြစ်သောကြောင့် မနက်ဖြန်မှ စတင်ကာ စုရပ်များတွင် စုရုံးကြရန် ဆော်သြထားသည်။

တရားရုံးချုပ်၏ အမိန့်အရ သက်ဆင်နှင့် ၎င်း၏ ဇနီးပိုင်ဆိုင်သော ဘတ်ငွေ ၄၆ ဘီလီယံကို သိမ်းလိုက်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ရှပ်နီများသည် ၎င်းတို့ ထောက်ခံသော ၀န်ကြီးချုပ်ဟောင်း၏ ပိုင်ဆိုင်မှု အများစုကို အစိုးရပိုင်အဖြစ် သိမ်းမည် ဟူ၍ ယခင် ရက်သတ္တ ၂ ပတ်ခန့်က အမိန့် ချလိုက်သောကြောင့် ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အစိုးရကို ရှပ်နီများက ၎င်းအာဏာရချိန်မှစ၍ ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်ရှင်နှင့် အတူ ထိုင်းတနိုင်ငံလုံးကို သွားခွင့်ရှိရာ အနီရောင်ကို ထောက်ခံသည့် အလုပ်ရှင်ဖြစ်နေပါက အလုပ်သမားများကိုခေါ်ပြီး ဆန္ဒပြပွဲတွင် ပါဝင်ခိုင်းနိုင်ကြောင်း၊ ထို့ပြင် တချို့ ရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ဆန္ဒပြပွဲ အနီးဝန်းကျင်တွင် သွားလာ လှုပ်ရှားမှုများ ရှိနိုင်ကြောင်း ပြောသည်။

ယခုကဲ့သို့ ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ခြင်းမှာ ယခင်က ဖြစ်ပေါ်ခဲ့ဖူးသော အနီဝတ်နှင့် အ၀ါဝတ် အုပ်စု ဆန္ဒပြပွဲများတွင် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ခဲ့ဖူးသည့် သာဓကများ ရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။

အ၀ါရောင်ဝတ် ဆန္ဒပြသမားများက သက်ဆင်ရှင်နာဝပ်နှင့် နောက်တက်သည့် သက်ဆင်၏ နောက်လိုက် ၀န်ကြီးချုပ်များကို ပြုတ်ကျစေရန် ဘန်ကောက်မြို့တွင် ကြီးမားသော ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြဖူးသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ စမတ် နှင့် ဆုမ်ချိုင်း စသော ၀န်ကြီးချုပ် သုံးဆက်ကို အ၀ါရောင်ဝတ် ဆန္ဒပြ သမားများက ဖြုတ်ချပြီးနောက် လက်ရှိဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အာဏာရလာခြင်းဖြစ်သည်။

ထိုင်းအလုပ်သမား ၀န်ကြီး၏ ထုတ်ပြန်ကြေညာချက်မှာ ရွှေ့ပြောင်းအလုပ်သမားများ အတွက် များစွာ စိုးရိမ်ဖွယ်ရာကောင်းကြောင်းနှင့် ထိုင်းနိုင်ငံသား အချင်းချင်း ဖြစ်ပျက်နေသော နိုင်ငံရေး ပြဿနာကို မဖြေရှင်းဘဲ အားနည်းသော ရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်ခြင်းမှာ အလုပ်သမား အခွင့်အရေးနှင့် လူ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်ဟု ကိုနစ်ကပြောသည်။

ထိုင်း အလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ခြိမ်းခြောက်သည့် ကြေညာချက် ထုတ်နေသော်လည်း အလုပ်သမားအများစုမှာ မကြာမီပြုလုပ်မည့် ဆန္ဒပြပွဲကို သိသူ နည်းပါးလှသည်ဟု ကိုနစ်က ဆက်ပြောသည်။

ကိုမြင့်ဝေကလည်း “ထိုင်းအလုပ်သမား ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်မရှိဘူး။ ဒါကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ်အန္တရာယ်ဖြစ်စေမယ့် အရေးကို သတိထားပြီး ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါတယ်” ဟုဆိုသည်။

ယခုလတ်တလောကာလသည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ အလုပ်သမား လက်မှတ်သက်တမ်းတိုးခြင်း ပြုလုပ်နေသည့် ကာလဖြစ်သကဲ့သို့ လက်မှတ်မရှိသူများအား ထိုင်းအစိုးရက ဖမ်းဆီး ပြန်ပို့မည်ကို စိုးရိမ်နေသည့် ကာလလည်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းမှ ၄ သန်း ရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

No comments:

Post a Comment