ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, April 12, 2010

ကလေးမြို့မီး အိမ် ၂၃ လုံး လောင်၊ ၁၂ဝ ကျော် အိုးအိမ်မဲ့



မဇ္ဈိမ
စစ်ကိုင်းတိုင်း ကလေးမြို့နယ် စော်ဘွားရေရှင် ကျေးရွာတွင် ယခုလ ၉ ရက်နေ့က နေအိမ် ၂၃ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားကာ၊ လူဦးရေ ၁၂ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း သိရသည်။

တောမီးမှတဆင့် ဝါးကပ်ကာ သက်ကယ်မိုးနှင့် ပျဉ်ထောင်ကာ သွပ်မိုး နေအိမ် ၂၃ လုံး ကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးဘေးဒုက္ခသည် ၁၂၆ ဦင်္း ရှိကြောင်း ကလေးမြို့ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။

“၉ ရက်နေ့ ညနေပိုင်း ၂ နာရီခွဲလောက်က လောင်တာပါ။ တောမီးကနေ လူနေအိမ်တွေကို ကူးလောင်တာပါ။ မီးသတ်ကား ၇ စီး သွားတယ်။ ညနေ ၅ နာရီလောက်မှာ မီးပြန်ငြှိမ်းနိုင်တယ်” ဟု ကလေးမြို့ မီးသတ်ဌာနမှ တပ်ကြပ်ကြီး ဦးဖိုးနီက ပြောသည်။

စော်ဘွားရေရှင်သည် ကလေးမြို့မြောက်ဘက် ၃၅ မိုင် အကွာတွင် ရှိကာ၊ ကလေး-တမူး ကားလမ်းဘေးတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၅ဝဝ ခန့် ရှိသည်။

“C Group က လောင်တာပါ။ ကလေးမြို့ကနေ တမူးမြို့သွားတဲ့ လမ်းပေါ်မှာ လောင်တာဖြစ်တယ်။ လမ်းအနောက်ဘက်က ၅ လုံး လောင်တယ်။ လမ်းအရှေ့ဘက်က ၁၈ အိမ် လောင်တယ်။ ညနေပိုင်း ၃ နာရီလောက်မှာ ကျနော်တို့ ရုံးကို အကြောင်းကြားတယ်။ ရုံးကား ၇ စီး ချက်ချင်း သွားတယ်” ဟု သူက ဆက်ပြောသည်။

စော်ဘွားရေရှင် ကျေးရွာလူငယ်အဖွဲ့ဝင် ဦးရိုဆန်းက “လူအသေအပျောက်တော့ မရှိဘူး။ ဒဏ်ရာရတာလည်း မရှိကြဘူး။ ဦးခုမ်းလျံ နေအိမ်ကို မီးစကျလို့ ရွာထဲကို ကူးတာ။ လေက တိုက်တော့ မီးတအားမြန်တယ်။ လူအားနဲ့ လုံးဝမနိုင်ဘူး။ မီးသတ်ကားသာ အချိန်မီ မရောက်ရင် တရွာလုံး ပြာကျမှာ” ဟု ပြောသည်။

မီးလောင်နေစဉ် ကလေးမြို့ မြို့နယ်နှင့် ခရိုင်အဖွဲ့ဝင် လူကြီးများ ရောက်ရှိလာကြောင်းနှင့် မည်သူ့ကိုမျှ အရေးယူခြင်း မရှိဘဲ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အစိုးရထံ တောင်းဆိုပေးမည်ဟု ပြောဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။

ယခုအခါ မီးဘေးဒုက္ခသည်များသည် တွဲဖက်အလယ်တန်းကျောင်းတွင် ခေတ္တနေထိုင်လျက်ရှိပြီး လိုအပ်သည့် အစားအသောက်နှင့် အဝတ်အထည်များကို ဆွေမျိုးသားချင်းများက ပေးဝေနေကြောင်းနှင့် ရပ်မိရပ်ဖများနှင့် လူငယ်အဖွဲ့ဝင်များက ဒုက္ခသည်များအတွက် တမိသားစုစီ နေထိုင်နိုင်ရန် ယာယီတဲအိမ်များ ဆောက်လုပ်ပေးနေကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ စုစုပေါင်း ကျပ် သိန်း ၂ဝ ခန့်ရှိကြောင်း တပ်ကြပ်ကြီး ဦးဖိုးနီက ခန့်မှန်းသည်။

ယခုမီးလောင်မှုကြောင့် ပြီးခဲ့သည့် ၁၉၉၆ ခုနှစ်တွင် ရပ်မိရပ်ဖများက ကိုယ်ထူကိုယ်ထ ဆောက်လုပ်ပေးခဲ့သော တွဲဖက်မူလတန်းကျောင်း တကျောင်းလည်း လောင်ကျွမ်းပျက်စီးသွားသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

No comments:

Post a Comment