ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, April 19, 2010

ဗုံးခွဲတရားခံများအား သတင်းပေးနိုင်ကဆုငွေချီးမြှင့်မည်ဟု တယက ကြေညာ


အောင်ထက်
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးခွဲသည့် လက်သည်တရားခံများအား ထိရောက်စွာ သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်မည်ဟု ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ သိရသည်။

ယင်းညွှန်ကြားချက်ကို ဧပြီ (၁၈) ရက်တွင် ထုတ်ပြန်လိုက်ပြီး သက်ဆိုင်ရာ ခယက၊ မယက၊ ရယက ရုံးများတွင် ထင်သာမြင်သာ ကပ်ထားမည် ဖြစ်ကြောင်း သိရသည်။

ဧပြီ (၁၅) ရက် သင်္ကြန် အကြတ်နေ့ မွန်းလွဲ (၃) နာရီခန့်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်ရှေ့၌ ဗုံး (၃) လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ (၈) ဦးသေဆုံးကာ (၁၇၀) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိုဗုံးပေါက်ကွဲမှုနောက်ပိုင်း ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက် အပြည့်အစုံမှာ “မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၅.၄. ၂၀၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် မသင်္ကာဖွယ်ရာ အဖျက်သမား (၂) ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွား၍ အပြစ်မဲ့ ပြည်သူများ သေဆုံး ဒဏ်ရာရရှိခဲ့ပါသည်။ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူများအား တွေ့ရှိသူများက သတင်းပေးနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန်နှင့် ထိရောက်သော သတင်းဖြစ်ပါက ဆုငွေ ကျပ် (၁၀) သိန်းအား ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ချီးမြှင့်မည်” ဟု ဖော်ပြပါရှိသည်။

ယင်းညွှန်ကြားချက်ပါ မသင်္ကာဖွယ် အဖျက်သမား (၂) ဦးဟု တိကျစွာ ဖော်ပြထားခြင်းအပေါ် ပြည်သူများက သို့လော သို့လော အငြင်းပွားစရာဖြစ်နေကြသည်။

“အဖျက်သမား (၂) ဦးဆိုတာ သူတို့အချင်းချင်းပဲ သိနိုင်မယ်။ အဲဒီနေ့က ကျနော်တို့ ညီအစ်ကိုက X2O ပိုင် လိုက်အေ့စ် ဇုန်ကားရှေ့မှာ ရှိနေတယ်။ အဲဒီမှာ X2O မဏ္ဍပ်ပေါ်က စူပါဝမ်းလင်ကွန်း စီးကရက်အမည်းဘူးလေးတွေ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ပြီး စင်အောက်ကြဲတယ်။ ဒါလည်း သူတို့ နေ့စဉ်ဝေနေကျ။ အဲလို ဝေအပြီး မိနစ်ပိုင်းအကြာမှာ ၀ုန်းဆို ထကွဲတာ။ ကျနော့်အစ်ကို ခါးကိုတောင် ဗုံးစ စင်သွားသေးတယ်” ဟု မျက်မြင်လူငယ်တဦးက ဆိုသည်။

အခြား မျက်မြင်တဦးကလည်း “ပထမအလုံးနဲ့ မိနစ်ဝက်လောက်အကြာမှာ နောက်ထပ် ဗုံး (၂) လုံး ဆက်ပေါက်တယ်။ လူတွေဆိုတာ ဖွေးခနဲပဲ။ သွေးတွေနဲ့ ကောင်မလေးတယောက်ဆို လက်ကလေးထောင်ပြီး လှုပ်ပြနေတာ တွေ့ရတယ်။ ကုလားကြီးတယောက်က ကျနော့်လက်ထဲမှာ သေသွားတယ်။ ရဲအုပ်တယောက်ဆို သွေးအိုင်ထဲကနေ အဘကို ခေါ်ပေးပါနဲ့ ကယောင်ကတမ်း အော်နေတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

အဆိုပါ X2O မဏ္ဍပ်သည် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်၏ သူငယ်ချင်း ဖိုးအေးဆိုသူ၏ မဏ္ဍပ် ဖြစ်ကြောင်း၊ သင်္ကြန်အကျနေ့ နေ့လယ်မတိုင်မီတွင် ဖိုးလပြည့်က (၁၅) မိနစ်ခန့် ရေပက်ကစားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသည့် သင်္ကြန်အကြတ်နေ့တွင် X2O မဏ္ဍပ်သို့ ဖိုးလပြည့် ရောက်ရှိမလာကြောင်း မဏ္ဍပ်တွင် ရေကစားသူတဦးက ပြောသည်။

မျက်မြင်အချို့ကမူ “ဗုံးမပေါက်မီ နာရီဝက်လောက်အလိုမှာ စစ်ဒေသမှူးအပါအ၀င် ဒေသအာဏာပိုင်တွေ X2O မဏ္ဍပ်ရှေ့ ရောက်လာတယ်။ သတင်းရလို့လား၊ ပုံမှန် စစ်ရိုး စစ်စဉ်လား မသိဘူး။ မဏ္ဍပ်ဝန်းကျင်ကို လာစစ်တယ်။ ဗုံးရှိနေတယ်လို့လည်း ပြောနေကြတယ်။ အဲဒီ စစ်ဒေသမှူးသားနဲ့ ဖိုးလပြည့်တို့က အရင်ကတည်းက အငြိအစွန်းတွေ ရှိတယ်လည်း ကြားတယ်” ဟု ပြောကြသည်။

လုံခြုံရေးယာဉ်များနှင့် ဆေးရုံလူနာတင်ကားများ သင်္ကြန်အကျနေ့ကတည်းက ကန်တော်ကြီးပန်းခြံအတွင်း အသင့်ရှိနေခြင်း ကလည်း ထူးခြားချက်တရပ်ဟု အချို့က ယူဆနေကြသည်။

“လုံခြုံရေးယာဉ်တွေ ရှိနေတာ ထားတော့။ လူနာတင်ကားက ဘာလို့ ကြိုစောင့်နေရတာလဲ။ ဗုံးကွဲပြီးပြီးချင်း လူနာတင်ကား ချက်ချင်း ရောက်လာတယ်။ ဗုံးပေါက်တော့မယ်ဆိုတာ ကြိုသိနေလို့လား။ ဒါကြောင့် ကြိုတင်အကွက်ချ စီမံထားတာလား သံသယဖြစ်စရာပဲ” ဟု အချို့က မေးခွန်းထုတ်နေကြသည်။

X2O မဏ္ဍပ်ပေါ်ရှိ ရေကစားသူများ တဦးတယောက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ခြင်းအပေါ် အဆိုပါဗုံးသည် စီးကရက်ကြဲဖြန့်ချိန် သို့မဟုတ် အင်အားပြင်းလှသော ရေလုံးအားနှင့်အတူ ပါလာခြင်း ဖြစ်နိုင်သည်ဟု အချို့က သုံးသပ်ကြသည်။

“ဗုံးအမျိုးအစား ခွဲခြားတာ၊ ဗုံးအစအန ရှာဖွေတာတွေကို စစ်မြေပြင် အင်ဂျင်နီယာတပ်တွေသာ လုပ်ကြပါတယ်။ သူတို့တွေ တယောက်မှ ရောက်မလာဘဲ ယာဉ်ထိန်းရဲတွေက ပေကြိုးဆွဲ၊ မြေပြင်ရှင်းလင်းရေးတွေ လုပ်နေတာ သဘာဝမကျဘူး။ ကိုယ့်လူနဲ့ကိုယ် အဖွင့်အပိတ် စည်းဝါးရိုက်ထားလည်း ဖြစ်နိုင်တယ်” ဟု အများက သံသယ၀င်နေကြသည်။

နအဖလက်ထက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော (S2) ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီး သေဆုံးသွားသည့် စာအိတ်ဗုံးကိစ္စ၊ ကမ္ဘာအေးဘုရား ပန်းအိုးအတွင်းမှ ပေါက်ကွဲခဲ့သော ဗုံးကိစ္စ၊ ၀င်ဒါမီယာ (၅) လောင်းပြိုင် လူသတ်မှု၊ မြေနီကုန်း Junction 8 Center ဗုံးပေါက်ကွဲမှုဖြစ်စဉ်များသည် ယနေ့အထိ လက်သည်တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

No comments:

Post a Comment