ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, April 20, 2010

ဖုန်းတပ်ဆင်ခွင့် နေ့ချင်းပြီးချထားရန် ဆက်သွယ်ရေးက စီစဉ်

စိုးမိုး
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ်သည့် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ဈေးကွက် ကျယ်ပြန့်လာစေရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့လက်ဝါးကြီးအုပ် ဈေးနှုန်းကြီးမြင့်စွာ ရောင်းချနေသော မိုဘိုင်းလ်ဖုန်း တပ်ဆင်ခွင့် ပါမစ်ကို နေ့ချင်းပြီး ချထားပေးရန် စီစဉ်နေသည်။

ပြီးခဲ့သည့်နှစ်အတွင်း မိုလ်ဘိုင်းလ်ဖုန်း ဆက်သွယ်ရေး စနစ်ပေါင်း (၇) မျိုးခန့် ပေါ်ပေါက်ခဲ့ပြီး နောက်ဆုံးပေါ်လာသည့် (၅) သိန်းတန် စီဒီအမ်အေဖုန်းများကို နေ့ချင်းပြီးလျှောက်ထားရယူနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စီစဉ်နေခြင်းဖြစ်သည်။

“အခုတော့ တရက်တည်းနဲ့ ချထားပေးတာ မရှိသေးဘူး။ နောက်လထဲလောက် ချပေးနိုင်မယ်။ အခုက ရန်ကုန်မှာ နယ်အကန့်အသတ်မရှိ သုံးနိုင်အောင် စီစဉ်နေတုန်းပဲ” ဟု ရန်ကုန်တိုင်း ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာက ပြောသည်။

နှစ်ပေါင်းများစွာ စစ်အစိုးရ ဆက်သွယ်ရေးလုပ်ငန်းက တင်းကျပ်စွာ ထိန်းချုပ်ထားသော တယ်လီဖုန်း သုံးစွဲခွင့်ကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လာပြီးနောက် ဖြည်းဖြည်းချင်း လျှော့ချလာခြင်း ဖြစ်သည်။

ထူးကုမ္ပဏီမှ ပထမဆုံး ထုတ်လုပ်ရောင်းချသည့် အက်ဖ်အီးစီ (၂၀) တန် တခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်များ ထွက်ပေါ်လာချိန်တွင် ဂျီအက်စ်အမ် ဟန်းဆက်များ ၀ယ်လိုအားတက်ခဲ့ပြီး နောက်ပိုင်း အက်ဖ်အီးစီ (၅၀) တန် စီဒီအမ်အေ တခါသုံးကတ်များ ထွက်ပေါ်လာရာ လူထုက စီဒီအမ်အေဖုန်းများ ထပ်မံ ၀ယ်ယူလာရသည်။

“အခု (၂၀) တန် ဖုန်းကတ်က လိုင်းမကောင်းဘူး။ အမြဲတမ်း ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတာ။ နောက်ပိုင်းတော့ စီဒီအမ်အေက သုံးလို့ ရတယ်။ ဟန်းဆက်တော့ ပြောင်းသုံးရတယ်” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

လက်ရှိ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ရတနာပုံ ဆိုက်ဘာကော်ပိုရေးရှင်းတွင် ထူးကုမ္ပဏီနှင့် အေးရှားဝေါ ကုမ္ပဏီတို့မှ မိုဘိုင်းလ် ဆက်သွယ်ရေး ပစ္စည်းများ၊ ဆင်းကတ်များကို တရုတ်နှင့်ရုရှားကုမ္ပဏီများနှင့် ဖက်စပ်စက်ရုံများ ထူထောင်ကာ ထုတ်လုပ်နေပြီဖြစ်သည်။

အေးရှားဝေါ ကုမ္ပဏီမှ တနှစ်လျှင် မိုဘိုင်းလ် လက်ကိုင်ဖုန်း အလုံးရေ (၁) သိန်း (၂) သောင်း ထုတ်လုပ်မည်ဖြစ်သည်။

လက်ရှိ မြန်မာပြည်တွင်း ယခင် အသုံးပြုနေသည့် ကျပ် (၁၅) သိန်းတန် အမည်ပေါက် ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာတို့အပြင် နာဂစ်အတွင်း ပေါ်ပေါက်လာသည့် ကမ်းရိုးတန်း စီဒီအမ်အေ ဖုန်းများ၊ ယခုပေါ်ပေါက်လာသည့် တခါသုံး ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ ဖုန်းကတ်များ၊ (၅) သိန်းတန် စီဒီအမ်အေ ဖုန်းများကြောင့် ဖုန်းဈေးကျသွားပြီး ငှားရမ်းသုံးစွဲမှုလည်း နည်းသွားကြောင်း သိရသည်။

“ဖုန်းတွေ များများ ချပေးတာ ကောင်းပါတယ်။ ဖုန်းက လူထုဆက်သွယ်ရေးမှာ လိုအပ်ချက် ရှိတယ်။ ဈေးကွက်လဲ ကြီးတယ်။ လူချမ်းသာသုံး ပစ္စည်းကနေ လူတိုင်းသုံးစွဲလာနိုင်မယ့် ပစ္စည်းတွေ ဖြစ်လာမှာကို ကြိုဆိုပါတယ်” ဟု ကွန်ပျူတာပညာရှင် အသင်းဝင်တဦးက ပြောသည်။

မြန်မာလူထုအနေဖြင့် ဈေးနှုန်းကြီးမြင့်လှသည့် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကြောင့် ပြည်ပဆက်သွယ်ရေး ကိစ္စများတွင် အင်တာနက်ဆက်သွယ်ရေး လုပ်ငန်းဖြစ်သော စကိုက်နှင့် ပီဖင်းဂိုးတို့ကို သုံးစွဲနေကြရသည်။

No comments:

Post a Comment