ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, April 23, 2010

ဗုံးဖောက်ခွဲသူကို ဖမ်းမိထားကြောင်း ပြည်တွင်းထုတ်ဂျာနယ်တွင် ဖော်ပြ


မျိုးဝင်းဇော်

ပြီးခဲ့သည့် ဧပြီ (၁၅) ရက်နေ့က ကန်တော်ကြီး X20 မဏ္ဍပ်စင်အနီး ဗုံး (၃) လုံးပေါက်ကွဲမှု ဖြစ်ပွားရာ ဗုံးဖြင့်ပစ်သူကို အာဏာပိုင်များက ဖမ်းမိထားကြောင်း ယနေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ (၅) တွင် ဖော်ပြထားသည်ဟု ဖတ်ရှုရသူ ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “လျှပ်တစ်ပြက်မှာ ဗုံးခွဲသူကို ချက်ချင်း ဖမ်းမိတယ်လို့ ရေးထားတယ်။ ဒါပေမယ့် အစိုးရက ဗုံးခွဲသူ (၂) ယောက်ကို တွေ့ရင် သတင်းပေး၊ ဆုငွေ (၁ဝ) သိန်းပေးမယ် ဆိုပြီးလည်း နေရာတကာမှာ ကြေညာထားတယ်။ နောက် ဗုံးခွဲသူကို မိထားပါလျက်နဲ့ ဘာသတင်း ထုတ်ပြန်တာမှ မလုပ်ဘူး။ ဒါတင်မက သတင်းစာထဲကနေ အတိုက်အခံ အင်အားစုတွေကို ဗုံးခွဲမှုနဲ့ပဲ ဆက်စပ် ပတ်သက်သယောင်ယောင် အမျိုးမျိုး လျှောက်ရေးနေတယ်။ သေချာတာကတော့ အစိုးရဟာ အခုဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လုံးဝရိုးသားမှုမရှိဘူး” ဟု ပြောသည်။

အဆိုပါသတင်းတွင် “သင်္ကြန်မှာ ဗုံးပေါက်ခွဲသူသည် လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ခြင်းဖြစ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဗုံးပေါက်ခွဲသူသည် လက်ပစ်ဗုံးဖြင့် မဏ္ဍပ်ပေါ်သို့ ပစ်တင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတဦးက လျှပ်တစ်ပြက်သို့ ပြောကြားသည်ဟု ဖော်ပြထားသည်။

သင်္ကြန်တွင် ဗုံးဖောက်ခွဲခဲ့သူသည် ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသော လက်ပစ်ဗုံးများကို X20 မဏ္ဍပ်စင်ပေါ်သို့ ပစ်တင်နေစဉ် သပြေကုန်းရပ်ကွက် ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “ဟိုမှာ မဏ္ဍပ်ပေါ်ကို ဗုံးနဲ့ ပစ်နေပြီ၊ ဝပ်” ဟု ပြောပြီး မကြာခင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဗုံးဖြင့် ပစ်သူကို သက်ဆိုင်ရာက ချက်ချင်း ဖမ်းမိခဲ့ကြောင်း မျက်မြင်သက်သေ တဦးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

အခြား ရန်ကုန်မြို့ခံတဦးက “အာလုံးက ထင်မြင်နေသလို စစ်အစိုးရကပဲ လုပ်ကြံဖောက်ခွဲတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဗုံးခွဲသူကို ဖမ်းမိထားပေမယ့် လုံးဝကို ထုတ်ဖော်မကြေညာတာ။ မကြာခင် ဒီ ဖမ်းဆီးရမိထားမှုကို တခြား သူတို့လိုချင်တဲ့ အဖြေတခုခု ဖြစ်အောင် လုပ်ကြံဖန်တီးလာနိုင်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာတဦးက စစ်အစိုးရသည် တရားခံကို ဖမ်းမိပြီဆိုပါက ဖမ်းမိထားကြောင်း၊ အမှုမှန်ကို ဆက်လက်ဖော်ထုတ်နေကြောင်း စသဖြင့် ရိုးရိုးသားသား ကြေညာသင့်ကြောင်း ပြောသည်။

၎င်းက “ခုတော့ လုံးဝ မရိုးသားဘူး။ အရင် (၅) လောင်းပြိုင် လူသတ်မှုအပါအဝင် ဗုံးဖောက်ခွဲမှု များစွာမှာလည်း ခုလိုပဲ တရားခံတွေ ထုတ်ပြတာ မရှိခဲ့ဘူး။ သတင်းစာရှင်းလင်းပွဲတွေမှာ မေးရင်လည်း အမေးမခံဘူး” ဟု ပြောသည်။

ဗုံးခွဲမှုနှင့်ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ်တွင် ယခုကဲ့သို့ ရေးသားချက်၊ စာပေစိစစ်ရေး၏ ခွင့်ပြုချက်၊ စစ်အစိုးရပိုင် သတင်းစာရေဒီယိုများက သတင်း ထိန်ချန်ထားမှု စသည့်တို့အပေါ် ရန်ကုန်မြို့ခံများက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။

No comments:

Post a Comment