ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, May 18, 2010

မြန်မာ ကျောင်းသားများ ဂျာမဏီ ပညာသင်ဆု ရမည်

စိုင်းဇွမ်ဆိုင်း
.မြန်မာဘွဲ့ရ ကျောင်းသားများ ဂျာမဏီ နိုင်ငံတွင် ပညာဆက်လက် သင်ကြားနိုင်ရန် ပညာသင် ဆုကြေးများကို ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် ဂျာမဏီ သံရုံးက ပြောသည်။

“အဆင့်မြင့်ပညာ ဘွဲ့ရပြီးသူတွေကို ဂျာမဏီနိုင်ငံမှာ မဟာတန်းနဲ့ ပါရဂူ တန်းတွေတက်ဖို့ ဂျာမန်အစိုးရက ထောက်ပံ့တာဖြစ်ပါတယ်။ ကျောင်းသားအရေအတွက် ကန့်သတ်ထားတာမျိုး မရှိပါဘူး”ဟု ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ ပညာသင်ဆုကြေးသည် ၂၀၁၁- ၂၀၁၂ ပညာသင်နှစ်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များ၊ အင်ဂျင်နီယာ ဘာသာရပ်များနှင့် တခြား သိပ္ပံဘာသာရပ်များ ဆက်လက်သင်ကြားနိုင်ရန် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် ဘွဲ့တခုခု ရရှိပြီး မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုများ လိုအပ်ကြောင်း၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း ဂျာမန်သံရုံး တာဝန်ရှိသူက ဆိုသည်။

ဆက်လက်၍ ၎င်းက “အဓိက ကတော့ အင်္ဂလိပ်စာ အရည်အချင်းပေါ့၊ TOEFL ဆိုရင် အနည်းဆုံး ၅၅၀ မှတ် ရရှိထားသူ၊ IELTS ဆိုရင် ၆ မှတ် ရရှိထားသူဖြစ်မှ ပညာသင်ဆုကြေးရရှိဖို့ အခွင့်အလမ်းပိုများမယ်” ဟု ပြောသည်။

ဂျာမဏီနိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ သံတမန်အရေး စတင်ထားရှိခဲ့သည့် ၁၉၅၀ ပြည့်နှစ်ကပင် မြန်မာ ကျောင်းသားများကို တနှစ်လျှင် ပျမ်းမျှ ၂၀ ဦးခန့် ထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားများအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ နိုင်ငံတကာ ညီလာခံများ တက်ရောက်ရန် ထောက်ပံ့ခြင်းမျိုးများလည်း ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင် တက္ကသိုလ်တွင် မဟာသိပ္ပံသင်တန်း တက်ရောက်နေသူတဦးကလည်း “အဘက်ဘက်က ယိုယွင်းနေတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်အောက်က ကျောင်းသားတွေအတွက် ပညာသင်ဆုကြေး ဆိုတာ တကယ်ကို လိုအပ်နေပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အင်ဂျင်နီယာ ဘာသာရပ်နှင့် မဟာတန်း တက်နေသူ ကိုညီလင်းအောင်က “တခြားနိုင်ငံမှာ ပညာသင်တယ်ဆိုတာ အင်မတန် စရိတ်ကြီးတဲ့အလုပ်ပါ။ မိဘက ထောက်ပံ့ပြီး လာတက်တဲ့သူ ရှားတယ်။ ပညာသင်ဆု ပေးတယ်ဆိုတာ အင်မတန် ဝမ်းသာစရာကောင်းတဲ့ သတင်းပါ” ဟု သူကဆိုသည်။

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပညာသင်ဆု ပေးရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော ဘာသာရပ်များကိုသာ အများဆုံး ထောက်ပံ့သည်ဟု သိရသည်။

“နိုင်ငံရပ်ခြားမှာ ပညာသင်ပြီးပြန်လာတဲ့ ကျောင်းသားတွေက မြန်မာပြည်အတွက် အများကြီး အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ကိုညီလင်းအောင်က ဆက်ပြောသည်။

No comments:

Post a Comment