ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, July 10, 2010

ဘုရားသုံးဆူဂိတ် မြန်မာအာဏာပိုင်တို့ကပိတ်

မြတ်ခိုင်ဦး


သောကြာနေ့ နေ့လယ်ပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဖြတ်သန်းသွားလာရသော စံခရဘူရီ-ဘုရားသုံးဆူဂိတ်၏ (No man land) ဘုံဆိုင်မြေကို ပိတ်လိုက်သဖြင့် ခရီးသွားလာသူများ ဒုက္ခရောက်နေကြကြောင်း သိရသည်။

ယမန်နေ့က စတင်၍ မြန်မာဘက်အခြမ်းရှိ လမ်းကို ကွန်ကရစ်လောင်းနေပြီး ယနေ့နံနက်တွင် ဘုံဆိုင်မြေအတွင်းသို့ ဝင်ရောက် လောင်းချလာသည့်အတွက် ထိုင်းအာဏာပိုင်များက ကန့်ကွက်ခဲ့သောကြောင့် အများပြည်သူသွားလာရန် ဖွင့်လှစ်ထားပေးသောလမ်းကို မြန်မာအာဏာပိုင်တို့က ပိတ်လိုက်သဖြင့် ဘုရားသုံးဆူမြို့အတွင်း သွားလာလည်ပတ် အရောင်းအဝယ်လုပ်နေသူများ ဒုက္ခရောက်နေကြသည်ဟု ထိုင်းအာဏာပိုင် သတင်းရပ်ကွက်နှင့်နီးစပ်သူတဦးက ပြောသည်။

၎င်းက “မနေ့ကတည်းက မြန်မာဘက်အခြမ်းမှာ ကွန်ကရစ် လောင်းနေတာ ဒီမနက်ကြတော့ ဒီဘုံဆိုင်မြေအထဲကို ဝင်လောင်းလာတယ်။ ထိုင်းဘက်ကသွားပြောတော့ မြန်မာဘက်က ဒါသူတို့မြေ သူတို့ပိုင်တယ်ပေါ့လေ။ အဲဒီမှာ စကားများကြပြီး မြန်မာတပ်ရင်းမှူးက ပိတ်ခိုင်းလို့ ပိတ်လိုက်တယ်” ဟု ပြောသည်။

အဆိုပါ တပ်ရင်းမှူးမှာ ခလရ (၃၂) မှ ဒု-ဗိုလ်မှူးကြီး အောင်တင့်ခိုင်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ကော်မတီ၏ မြန်မာဘက်ခြမ်းမှ ဥက္ကဋ္ဌလည်းဖြစ်သည်။ ယခင်မူလ တည်ရှိနေသော ဝင်ထွက်သွားလာရာ ဂိတ်ကြီးကိုမူ ပိတ်ထားသည်မှာ (၃) နှစ်ခန့် ရှိပြီဖြစ်သည်။ ယခုလမ်းကိုမူ လူ၊ မော်တော်ကား၊ ဆိုင်ကယ်များ သွားလာ၍ရရန် ဖွင့်ပေးထားခြင်းဖြစ်သည်။

အဆိုပါကိစ္စဖြစ်ပွားခဲ့၍ ဓာတ်ပုံမှတ်တမ်းတင်ရန် ထိုင်းနိုင်ငံဘက်အခြမ်း ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဓာတ်ပုံသွားရိုက်သူများကိုလည်း မြန်မာစစ်တပ်မှ ခဲဖြင့်ပေါက်၍ ပြန်လှည့်လာခဲ့ရကြောင်း အဆိုပါ ထိုင်းသတင်းရပ်ကွက်နှင့် နီးစပ်သူက ပြောသည်။

အလားတူ ထိုင်း-မြန်မာနှစ်နိုင်ငံ ဖြတ်သန်းသွားလာရသော မဲဆောက်-မြဝတီ ဂိတ်ကိုလည်း ယမန်နေ့က မြ၀တီသို့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းနှင့် ပြည်နယ်ရဲမှူးကြီးကျော်မြင့်တို့ လာရောက်ပြီး ကုန်သွယ်ရေးကိစ္စများ လာရောက်စစ်ဆေးနေ၍ ယနေ့နံနက် (၇) နာရီခန့်က လူရောကားပါ ပိတ်ထားလိုက်ကာ နေ့လယ် (၃) နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နှင့်ကပ်လျက် မယ်ဆိုင်-တာချီလိတ်ဂိတ်မှာမူ ပုံမှန်ဖွင့်လှစ်ထားရှိကြောင်း ဒေသခံတဦးက ပြောသည်။

No comments:

Post a Comment