ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, July 10, 2010

ဗီယက်နမ် ဘဏ်ခွဲ ဖွင့်ခွင့်မရ

မျိုးမောင်
ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသော ဗီယက်နမ် ရင်းနှီးမြုပ်နှံမှုနှင့် ဖွံဖြိုးရေး ဘဏ် (Bank for Investment and Development of Vietnam-BIDV) က မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ခွင့် မရရှိကြောင်း တာဝန်ရှိသူတဦး က ပြောသည်။

ဗီယက်နမ် ဘဏ်ခွဲတည်ထောင်ခွင့်မရရှိခြင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေ အရ ဖြစ်သည်ဟု BIDV တာဝန်ရှိသူ က ပြော ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဥပဒေ အရလုပ်လို့ မရတာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဘဏ်နှင့် အာမခံလုပ်ငန်းများ အပါအ၀င် လုပ်ငန်း ၁၂ ခုကို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ပုဒ်မ(၃) အရ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အတွက် ကန့်သတ်ထားကြောင်း သိရသည်။

ယင်းသို့ ဘဏ်ခွဲဖွင့်လှစ်ခွင့် မရရှိသဖြင့် Myanmar Investment and Development Company အမည်ဖြင့် ရင်းနှီး မြုပ်နှံမှု လုပ်ငန်း တခုထူထောင်ရန် စီစဉ်နေသည်ဟု BIDVတာဝန်ရှိသူက ပြောသည်။

BIDVကိုယ်စားလှယ်ရုံးကို ပြီးခဲ့သည့် ဧပြီလ အတွင်းက ရန်ကုန်မြို့ပြည်လမ်းတွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ ဈေးကွက်သတင်း အချက် အလက်များ ကောက်ယူနေလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဗီယက်နမ် နိုင်ငံပိုင် BIDV သည် အာဆီယံနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကVietnamese-invested Bank of Investment and Development of Cambodia (BIDC) အမည်ရ ဘဏ်ခွဲဖွင့်လှစ်ထားပြီး အမေရိကန် ဒေါ်လာသန်း ၇၀ ကနဦး ရင်းနှီးမြုပ်နှံကာ ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းများနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် လာရောက်လုပ်ကိုင်လျက်ရှိသော ဗီယက်နမ် စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာများ အထောက်အပံ့ပေးလျက်ရှိကြောင်း ဗီယက်နမ် သတင်းတရပ်တွင် ဖော်ပြထားသည်။

“ဗီယက်နမ်က မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးလုပ်ခွင့်ရဖို့ မျှော်လင့်နေတာပါ”ဟု ဇွန် ၂၁ ရက် က ရန်ကုန်တွင် ကျင်းပခဲ့သော “Myanmar-The new Denstination for Vietnamese Investors” ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တဦးက ပြောဆိုသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ရန်ကြိုးစားလျက်ရှိပြီး အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ရာဘာစိုက်ပျိုးရေးလုပ်ငန်း တို့တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရန်ရှိကြောင်း၊ Vietnam Airways သည်လည်း ရန်ကုန်-ဟနွိုင်း ခရီးစဉ်ကို တပတ် ၄ ရက် ပျံသန်းနေပြီး ဟိုချီမင်း-ရန်ကုန်၊ ဟိုချီမင်း-မန္တလေး ခရီးစဉ်များ တိုးချဲ့ပျံသန်းရန်ရှိကြောင်း သိရသည်။

ဗီယက်နမ်လုပ်ငန်းရှင်များသည် မြန်မာ့ရေလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံရန် အဓိက စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးက မော်ဒန် သတင်းဂျာနယ်နှင့် အင်တာဗျူး တခုတွင်ပြောဆိုထားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသော ဗီယက်နမ် ၀န်ကြီးချုပ်၏ ဧပြီလအတွင်းက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဗီယက်နမ် က ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိနေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

၂၀၀၉ ခုနှစ်က နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၉၉ သန်းရှိခဲ့ကြောင်း Xinhua သတင်းတွင်ဖော်ပြထားသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ပြီးခဲ့သည်မတ် ၃၁ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၂၃.၆၄၉ သန်း ရင်းနှီးမြုပ်နှံထားပြီး နိုင်ငံ အလိုက်ရင်းနှီးမြုပ်နှံမှုတွင် အဆင့် ၂၀ ရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၏ စာရင်းဇယားများအရ သိရသည်။

No comments:

Post a Comment