ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, September 7, 2010

ငမိုးရိပ်တံတား အဆက်များ ပျက်စီးမှု စိုးရိမ်ရ



အောင်ထက်
တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့ကို ဆက်သွယ်ထားသော ငမိုးရိပ်ချောင်းကူး ငမိုးရိပ်တံတားဧ။် ကြမ်းခင်း အဆက်အဟ နှစ်နေရာသည် အန္တရာယ်ရှိနိုင်လောက်အောင် ဆိုးရွားစွာ ပျက်စီးနေ၍ အရေးပေါ် ပြင်ဆင်လျက်ရှိသည်။

ဘေလီတံတားဟု ဒေသခံတို့ ခေါ်ဝေါ်လေ့ရှိသော အဆိုပါတံတားသည် တည်ဆောက်ပြီးကတည်းက ကြံ့ခိုင်မှု အားနည်းပြီး ယခုအခါ ကြမ်းခင်းအဆက်အဟ (၈) နေရာလုံး အနည်းနှင့်အများ ပျက်စီးလျက်ရှိသည်ဟု သိရသည်။

“တောင်ဥက္ကလာအတက် တံတားအဟအဆက် နံပါတ် (၁) နဲ့ (၂) ကို အရေးပေါ် ပြင်ဆင်နေပါတယ်။ ကျန်အဆက်အဟ နေရာတွေကိုလည်း ဆက်လက် ပြင်ဆင်သွားမှာပါ။ ယာဉ်ကြောပိတ်ဆို့မှု နည်းအောင် ညပိုင်းမှာ ပြင်ဆင်ရတော့ ပြင်ဆင်ကာလ ဘယ်လောက်ဆိုတာ မှန်းမရဘူး” ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ကျ အင်ဂျင်နီယာတဦးက ပြောသည်။

စက်တင်ဘာ (၃) ရက် နံနက် (၆) နာရီခန့်က ခရီးသည်တင် ပါရမီ ဒေ၀ူးယာဉ် (၄) စီး တံတားပေါ်တွင် ရှေ့ဆင့်နောက်ဆင့် အရှိန်ပြင်းပြင်း မောင်းတက်ခဲ့သည့်အတွက် တံတားမှာ လိုအပ်သည်ထက် ယမ်းခါခဲ့ကြောင်း၊ အဆက်အဟနေရာများ ပို၍ ပျက်စီးသွားရကြောင်း ထိုနေ့နံနက် တာဝန်ကျ ယာဉ်ထိန်းရဲတဦးက ပြောသည်။

ယင်းနေ့ နံနက် (၉) နာရီခန့်တွင်ပင် ကိုယ်ပိုင် ယာဉ်ငယ်တစီး တံတားကြမ်းခင်းအဆက် နံပါတ် (၂) နေရာ၌ ကျွံကျသွား၍ ရှေ့ကားတစီးဖြင့် ချိတ်ဆက် ဆွဲတင်ခဲ့ရသည်ဟု မျက်မြင်တို့က ပြောသည်။

“အဲဒီယာဉ်ငယ် တံတားအဆက် ကြမ်းခင်းကျွံကျပြီးကတည်းက တောင်ဥက္ကလာအတက် ယာဉ်ကြောကို ပိတ်လိုက်ရတယ်။ ယာဉ်ကြောတခုတည်းကို ယာဉ် နှစ်လိုင်း မျှသုံးရတယ်။ တောင်ဥက္ကလာနဲ့ မြောက်ဒဂုံ တံတားအတက်တွေမှာ ယာဉ်ထိန်း (၁၀) ဦးခန့် လမ်းကြောရှင်းနေရတယ်” ဟု တံတားလုံခြုံရေး တာဝန်ကျ ရဲတဦးက ပြောသည်။

ငမိုးရိပ်တံတားသည် ကုန်တင်ယာဉ် အသွားအလာ နည်းသော်လည်း ခရီးသည်တင်ယာဉ် အများဆုံးဖြတ်သန်းရာ မြောက်ဒဂုံ ၀င်ပေါက်တခု ဖြစ်သည်။

အဆိုပါ ငမိုးရိပ်တံတားသည် သံလျင်မြို့အ၀င် သံလျင်တံတားကဲ့သို့ ဂျွိုင်းဆက် အံထိုး ခင်းထားခြင်းမဟုတ်ဘဲ တေ့ဆက် ဆက်ထားကြောင်း၊ တေ့ဆက်သည် ဂျွိုင်းဆက်လောက် ယာဉ်သွားလာမှုကို ခံနိုင်ရည် မရှိသည့်အပြင် အောက်ခြေ ရေစီးအားကြောင့် တံတားတိုင် တုန်ခါခြင်းကိုလည်း ခံနိုင်ရည်နည်းကြောင်း၊ ထို့ကြောင့် ယာဉ်အသွားအလာများခြင်းနှင့် အောက်ရေ ရေစီးအားတို့ကြောင့် ငမိုးရိပ်တံတား အဟအဆက်များ ပိုမိုကျယ်လာကာ အသုံးပြုပြီး (၁၀) နှစ်ကျော်အကြာတွင် ယခုကဲ့သို့ သိသာစွာ ပျက်စီးလာခြင်းဖြစ်ကြောင်း အငြိမ်းစားဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “တံတားကြမ်းခင်း အဆက်အဟနေရာတွေကို ကားတာယာတွေ၊ သစ်သားချောင်းတွေနဲ့ အလွယ် ဖာထေးထားတယ်။ တနေ့ ကားနင်းတာနဲ့ ဒါတွေက ကျိုးကျေကုန်တယ်။ ဒီတံတားက နဂိုကတည်းက ကြံ့ခိုင်မှု အားနည်းနေတယ်။ ယာဉ်တွေဖြတ်ရင် လိုအပ်သည်ထက် ပိုပြီး ယမ်းခါတယ်။ အဓိက တည်ဆောက်ထားတာ စနစ်မကျဘူး။ တည်ဆောက်ရေး ပစ္စည်းတွေ လျှော့သုံးထားတယ်။ ကြာရင် ဘေလီတံတား ကျိုးကြနိုင်တယ်” ဟု သုံးသပ်သည်။

အဆိုပါတံတားသည် လမ်းအဆင့် နိမ့်ကျစွာ တည်ဆောက်ထားပြီး တံတား၏ သတ်မှတ်ခံနိုင်ဝန်နှင့် ဖြတ်သန်းယာဉ် အရေအတွက် မမျှတခြင်းကြောင့် ယခုကဲ့သို့ ဆောလျင်စွာ ပျက်စီးခြင်း ဖြစ်နိုင်သည်ဟု ခရီးသွားပြည်သူတို့က ခန့်မှန်းကြသည်။

ရုံးဝန်ထမ်းတဦးကလည်း “တံတားကြမ်းခင်း အဆက်အဟ နေရာအားလုံး ပျက်စီးနေတယ်။ လူသွားလမ်းဘေး နှစ်ဖက်မှာလည်း အပေါက်အပြဲတွေချည်းပဲ။ မြောက်ဒဂုံဘက်အဆင်း လူသွားလမ်းဆို ပေ (၂၀) လောက်အရှည် ကျွံကျနိမ့်ဝင်နေတယ်” ဟု ပြောကြားသည်။

ငမိုးရိပ်တံတားသည် ပေ (၁၈၀) အထက် သံမဏိသံဘောင် အသုံးပြု သံကူကွန်ကရစ် တံတားတစင်းဖြစ်ပြီး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ တံတားဆောက်လုပ်ရေးအဖွဲ့မှ တည်ဆောက်ကာ ၁၉၉၇ စက်တင်ဘာ (၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

No comments:

Post a Comment