ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, September 30, 2010

သီရိလင်္ကာရောက် ကလေးများကို ပြန်ခေါ်ရန် သီတဂူဆရာတော် အကူအညီလို

သီရိလင်္ကာရောက် မြန်မာ သီလရှင်ကလေးများ။ (ဓာတ်ပုံ - wanna23.com)
ဧရာဝတီ
ရန်ပိုင်
သီရိလင်္ကာ နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ကလေး ၁၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရန် သီတဂူ ဆရာတော်ကြီးက ကြိုးစားလျက်ရှိရာ အလှူငွေ လိုအပ်နေကြောင်း သတင်းရရှိသည်။

ယင်းကလေးများသည် နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများမှ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လာရောက် လုပ်နေသည့် သီရိလင်္ကာနိုင်ငံသား ရဟန်းတော် ဒေါက်တာ စန္ဒိမာထေရ်က ပညာသင်ကြား ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် နှစ် အတွင်း က ခေါ်ယူသွားခြင်း ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့သာသနာပြုအဖွဲ့မှ ဆရာတော် ဦးပညာသီဟက ပြောသည်။

“ကလေးတွေက မိဘမဲ့တွေရော ပါတယ်။ ဟိုရောက်တော့ ညီအစ်ကိုတွေဆိုလည်း တနေရာစီခွဲထားတာ၊ အခုအထိမတွေ့ရ ဘူး။ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ သင်ပေးမယ်ဆိုပြီး ခေါ်တာ”ဟု ဆရာတော်က ဆိုသည်။

ကလေးများကို ပညာသင်ကြားပေးခြင်း မရှိဘဲ လူခွဲပြီး ထားကြောင်း၊ သီရိလင်္ကာနိုင်ငံတွင် စာသင်ကြားနေသည့် မြန်မာ သံဃာတော်များကို ကလေးငယ်များက ဆက်သွယ်၍ အိမ်ပြန်ပို့ပေးရန် အကူအညီတောင်းကြောင်း၊ စာသင်သားများမှာလည်း ငွေကြေး မတတ်နိုင်သည့်အတွက် သီတဂူဆရာတော်ကြီးက ဦးစီး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆရာတော် ဦးပညာသီဟက ဆက်လက် ရှင်းပြသည်။

ကလေးများ၏ မိဘများကလည်း ပြန်လည် ခေါ်ယူရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း လေယာဉ်စရိတ်မှာ တဦးလျှင် အမေရိ ကန် ဒေါ်လာ ၃၅၀ နှုန်းရှိသည့်အတွက် ပြန်လည်ခေါ်ယူရန် ငွေကြေးမတတ်နိုင်ကြောင်း သိရသည်။

ကလေးများသည် ရန်ကုန်တိုင်းမှ ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များမှလည်း ပါဝင် ပြီး ဟိန္ဒူလူမျိုး ကလေးများလည်း ပါဝင်ကြောင်း၊ အသက်၁၀ နှစ်မှ ၁၄ နှစ်သားအရွယ်အထိ ပါဝင်သည်ဟု ဆရာတော် ဦးပညာသီဟ က ဆိုသည်။

ကလေးငယ်များကို စောင့်ရှောက်ရန် သီရိလင်္ကာ ဆရာတော်က ထိုင်ဝမ်နိုင်ငံရှိ တရုတ်လူမျိုးများကို ကလေးတဦးလျှင် အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာနှုန်းဖြင့် အလှူငွေ ကောက်ခံခဲ့ကြောင်း၊ ၎င်း၏ အင်တာနက် ၀က်ဘ်ဆိုက်တွင်လည်း ကလေး ငယ်များ၏ ဓာတ်ပုံများဖြင့် အလှူခံနေကြောင်း သိရသည်။

သီတဂူ ဆရာတော်မှ ဆရာတော် ဒေါက်တာ စန္ဒိမာကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိဟု သိရသည်။

ဒေါက်တာ စန္ဒိမာကမူ “တချို့ကလေးတွေက စာမသင်ချင်ဘူး။ မြန်မာပြည်ပြန်ချင်တယ်။ ပြန်ပို့ဖို့လည်း သံရုံးနဲ့ စီစဉ်နေတယ်။ မြန်မာ သံအမတ်ကြီးလည်း ကလေးတွေကို လာတွေ့တယ်”ဟု ပြောသည်။

ဒေါက်တာ စန္ဒိမာသည့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် မေတ္တာကျေးရွာကို တည်ထောင်ခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာဖွင့်ပွဲကို သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု ၂၀၀၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၂၀၀၉ ခုနှစ် နိုဝင်ဘာလက သွားရောက်ခဲ့သည့် သီရိလင်္ကာ ခရီးစဉ်တွင် ဒေါက်တာ စန္ဒိမာနှင့် တွေ့ဆုံခဲ့သေးသည်။

သီရိလင်္ကာတွင် ပညာသင်ကြားနေသည့် စာသင်သား ရဟန်းတပါးက “ကလေးတွေ သူတို့ ခံစားချက်လေးတွေကို စာရေးပြီး ဆက်သွယ်ကြတယ်။ သီလရှင်လေးတွေ အပါး ၂၀ ပါတယ်”ဟု ပြောသည်။

သီတဂူ ဆရာတော်ကြီးအနေဖြင့် သီရိလင်္ကာသို့ လာရောက်စဉ် စာသင်သား ရဟန်းတော်များနှင့် သီရိလင်္ကာရှိ မြန်မာသံရုံးမှ ၀န်ထမ်းများက လျှောက်ထားသည့်အတွက် ယခုကိစ္စကို ဖြေရှင်းပေးခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကလေးများကိစ္စနှင့် ပတ်သက်၍ နေပြည်တော်ရှိ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့ကို သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက စာရေး အကြောင်းကြားခဲ့သော်လည်း အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိဟု သီရိလင်္ကာရှိ မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ယင်းကလေးများကို ဒေါက်တာ စန္ဒိမာက ပြည်ထဲရေး ၀န်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူ သွားခြင်းဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment