ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, September 28, 2010

Cyber Attack တရုတ် လက်ချက်လား

ဧရာဝတီ
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ IP (ကွန်ပျူတာ ကိုယ်ပိုင် နံပါတ်) လိပ်စာများဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီ သတင်းဌာန၏ ဝက်ဘ်ဆိုက်များကို တရုတ်နိုင်ငံမှ တဆင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံ တို့မှ IP လိပ်စာများလည်း ပါဝင်သည်ဟု မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။

“၂၀၀၈ ခုနှစ် စက်တင်ဘာ လထဲမှာတုန်းက ပမာဏ 1 Gb နဲ့ အတိုက်ခံရတယ်၊ အခုတကြိမ်က 4 Gb ဆိုတော့ အရင်ထက် ၄ ဆ ပိုပြင်းတယ်”ဟု ဧရာဝတီ သတင်းဌာန၏ မန်နေဂျာက ပြောဆိုသည်။

မြန်မာသတင်းဌာနများဖြစ်သော ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန များ၏ ဝက်ဘ်ဆိုက် များကို တနင်္လာနေ့ နံနက်ပိုင်း ၁၂ နာရီခွဲခန့်ကတည်းက DDoS (Distributed Denial of Service) နည်းစနစ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်အတွင်း ပထမအကြိမ် တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ကြောင်း သတင်းဌာနများက ပြော ဆိုသည်။

DDoS တိုက်ခိုက်ခြင်းသည် ပစ်မှတ်တခုတည်းကို မြောက်မြားစွာသော ကြားခံစနစ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဟု လည်းကောင်း၊ ဝက်ဘ်ဆိုက်၏ ခံနိုင်စွမ်းရည်ထက် ကျော်လွန်သော ဝင်ရောက်သူများ ဖန်တီးလိုက်သောကြောင့် တခါး ကျဉ်းကျဉ်းတွင် လူများ စုပြုံတိုးသကဲ့သို့ ဖြစ်သွားကာ မည်သူမှ ဝင်ရောက်၍ မရတော့ခြင်းဖြစ်ကြောင်း သတင်းဌာန များက ဥပမာပေး ပြောဆိုသည်။

ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က ယခုတိုက်ခိုက်မှုသည် နိုင်ငံရေးအရတွန်းအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန်လိုကြောင်း၊ ထို့အတွက် စွမ်းအားများ၊ အရင်းအမြစ်များလည်း ထပ်မံ လိုအပ်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အစိုးရရဲ့ နည်းပညာတွေက ပိုပြီးတော့မှ အဆင့်မြင့်လာတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အစီအစဉ်တွေကို အသေအချာ စီစဉ်ထားရပါလိမ့်မယ်”ဟု ကိုအောင်ဇော်ကပြောသည်။

မဇ္ဈိမ သတင်းဌာနကိုလည်း ပမာဏ 6 Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန် နှင့် တူရကီ နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အယ်ဒီတာဖြစ်သူ ကိုစိန်ဝင်းက ပြောသည်။

“တိုက်ခိုက်တဲ့သူတွေက ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်း သန်းနဲ့ချီတဲ့ ဝင်ရောက်မှုတွေ လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဝက်ဘ်ဆိုက်ကြီး လေးပြီး ကျသွားတော့တာပဲ”ဟု ကိုစိန်ဝင်းက ဆိုသည်။

အလားတူ တိုက်ခိုက်မှုမျိုး ခံခဲ့ရသည့် DVB သတင်းဌာနကိုမူ ရုရှား၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။

“အခုတကြိမ် တိုက်တာက လာမယ့်ရွေးကောက်ပွဲမှာ တိုက်ဖို့အတွက် စမ်းသပ်နေတဲ့သဘောပဲဗျ၊ ဘယ်လောက် အထိ သူတို့ဘက်က တိုက်နိုင်လဲ၊ ကျနော်တို့ဘက်က ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ စမ်းတဲ့သဘောပဲ”ဟု ကိုတိုးဇော်လတ် က ဆိုသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားသည်။

၂၀၀၈ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၏ ပထမ နှစ်ပတ်လည်ကာလတွင်လည်း မြန်မာသတင်းဌာနများကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးများ ရှိခဲ့ကြောင်း ယခုအကြိမ်တိုက်ခိုက်မှုသည်လည်း ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် ကာလ အဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

No comments:

Post a Comment