ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, September 9, 2010

FEC ဈေးကွက်



ဧရာဝတီ
စစ်အစိုးရ ထုတ်ဝေထားသော FEC (Foreign Exchange Certificate) ဈေးနှုန်း အလွန်အမင်း ကျဆင်းသွား သောကြောင့် အရောင်း အ၀ယ် ရပ်ဆိုင်းပြီး ဈေးကွက် မတည်မငြိမ် ဖြစ်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့က FEC တယူနစ်လျှင် ၈၈၀ ကျပ် ရှိနေရာမှ သုံးရက် အတွင်း FEC တယူနစ် ၇၃၀ ကျပ်အထိ ကျသွားပြီး အရောင်း အ၀ယ်ရပ်ကာ ဈေးကွက် ပျက်သွားခြင်း ဖြစ်သည်။

“FEC တဒေါ်လာကို ၇၃၀။ အရောင်း အ၀ယ်လုံးဝ မရှိတော့ဘူး။ ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြစ်နေတယ်။ အကျ မြန်လွန်းလို့ အခု FEC အရောင်း အ၀ယ် မလုပ်တော့ဘူး” ဟု ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းအနီး ပြည်ပ ငွေကြေး ရောင်းဝယ်သည့် စီးပွားရေး သမားကြီး တဦးက ပြောသည်။

အမေရိကန် ဒေါ်လာဈေးမှာလည်း ကျဆင်းလျက်ရှိပြီး တဒေါ်လာလျှင် ၉၂၅ ကျပ်ရှိသော ကြောင့် FEC နှင့် အမေရိကန်ဒေါ်လာ ဈေးကွာဟမှုမှာ တဒေါ်လာလျင် ၁၉၅ ကျပ် ခြားနားနေသည်။

“အမေရိကန်ဒေါ်လာက တဒေါ်လာ ၉၇၀ ကနေ ၉၂၅ အထိ ကျတယ်” ဟု နိုင်ငံခြားငွေ ရောင်းဝယ်သူ ကုန်သည်တဦးက ပြောသည်။

FEC အရောင်းအဝယ် လုံးဝမရှိသော်လည်း အမေရိကန်ဒေါ်လာ အရောင်းအဝယ်မှာမူ အနည်းငယ်ရှိနေကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံခြားငွေကြေးဆိုင်ရာ ပေါ်လစီများနှင့် ဘဏ္ဍာရေး မူဝါဒဆိုင်ရာ ပေါ်လစီအသစ်များ ထွက်ပေါ်လာကာ FEC သုံးစွဲခြင်း ရပ်ဆိုင်းနိုင်သည်ဆိုသော ကောလာဟလသတင်းများ ကျယ်ကျယ် ပြန့်ပြန့်ထွက် ပေါ်လာခြင်း အပါအ၀င် စီးပွားရေးအရ အသုံးဝင်မှုနည်းလာသည်ဆိုသော အချက်များကြောင့် FEC တန်ဖိုး ရုတ်တရက် ကျဆင်း သွားရခြင်းဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ တဦးက သုံးသပ်သည်။

“ရွေးကောက်ပွဲပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အစိုးရသစ်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုချင်ရင် ပြည်တွင်းမှာ
တင်းကျပ်ထားတဲ့ နိုင်ငံခြားငွေသုံးစွဲခွင့် ပေါ်လစီတွေကို ဖြေလျှော့ပေးရမယ်။ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် သုံးစွဲခွင့်ရှိလာရင် FEC က တန်ဖိုးမရှိတဲ့ စက္ကူဖြစ် သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် FEC သုံးစွဲနိုင်မှု အခွင့်အလမ်း နည်းပါးလာခြင်းကလည်း တန်ဖိုး အလွန်ကျဆင်းစေသော အကြောင်းရင်း တရပ်ဖြစ်သည်ဟု သူက ဆိုသည်။

“အရင်တုန်းက ဖုန်းဘီလ်ဆောင်တာ၊ စက်သုံးဆီဝယ်တာ၊ ကုမ္ပဏီအခွန်ဆောင်တာတွေလို နေရာ မျိုးတွေမှာ FEC ဒေါ်လာကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်။ ပုဂ္ဂလိကဆီဆိုင်တွေ၊ တခါသုံးဖုန်းကတ်တွေ ပေါ်လာပြီးတဲ့နောက်မှာ FEC
အသုံးဝင်မှု အရမ်းနည်းလာတယ်” ဟု ခရီးသွား အေဂျင်စီပိုင်ရှင်တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စီးပွားရေးသမားများသည် လုပ်ငန်းသစ်များကို ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံရေး အခြေအနေကို စောင့်ကြည့်ကာ လုပ်ငန်းဟောင်းများကိုသာ မှေးလုပ်နေကြခြင်းကြောင့် စီးပွားရေး ရပ်တန့်သည့် အနေအထား ဖြစ်ပေါ်နေပြီး အမေရိကန် ဒေါ်လာ နှင့် FEC ဈေးများ ထိုးကျခြင်းဖြစ်သည်ဟု စီးပွားရေး ပညာရှင် တချို့က သုံးသပ်သည်။

ထိုင်း - မြန်မာ နယ်စပ် မြဝတီ ကုန်သွယ်ရေး ရပ်တန့်နေခြင်းကလည်း ကုန်သွယ်ရေး လုပ်ငန်းများကို များစွာ ထိခိုက်စေပြီး ငွေကြေးဈေးနှုန်းများ ကျဆင်းစေကြောင်း ကုန်သည်များက ဆိုကြသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းများ အလွန် နှေးကွေးနေခြင်းကြောင့် ပို့ကုန်ဝင်ငွေ (Export Earning) ဈေးများ ဆက်တိုက် ကျဆင်းလျက်ရှိသည်။

“ပို့ကုန်ဝင်ငွေ အမေရိကန် တဒေါ်လာ ၈၈၅ ကျပ် ဝန်းကျင်ပါ။ ပို့ကုန်ဝင်ငွေ ဈေးကွက်လည်း ရပ်နေတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဂဏန်းလုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာ့ရွှေဈေးကွက် တွင်လည်း အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ၆၅၀၀၀၀ ၀န်းကျင်မှ ၆၃၅၀၀၀ အထိ ဈေးကျသွားသည်။

စီးပွားရေး နှေးကွေးခြင်းအပြင် ပြည်တွင်း၌ မြန်မာကျပ်ငွေ ရှားပါး လာခြင်းကလည်း FEC ၊ အမေရိကန်ဒေါ်လာ၊ ပို့ကုန်ဝင်ငွေ နှင့် ရွှေဈေးများ နိမ့်ကျစေသော အကြောင်းရင်း ဖြစ်သည်ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောသည်။

“အစိုးရက အခွန်အခတွေတိုးကောက်တယ်၊ လိုင်စင်မဲ့ကားတွေ ဒဏ်ရိုက်ပြီး လိုင်စင်တွေ ထုတ်ပေးတယ်။ ကားတွေ လေလံပစ်တယ်။ ပြည်သူပိုင်လုပ်ငန်းတွေ လေလံပစ်တယ်။ မြေကွက်တွေရောင်းတယ်။ ဆီဆိုင်တွေရောင်းတယ်။ အဲဒီတော့ ကျပ်ငွေက အစိုးရဆီကို အလုံးအရင်းနဲ့ ပြန်ဝင်သွားတယ်။ လူတွေလက်ထဲမှာ လုပ်ငန်းတွေ၊ ကားတွေ၊ မြေကွက်တွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရောက်လာပြီး ပိုက်ဆံ ရှားသွားတယ်။ အဲဒီတော့ ငွေလိုချင်တဲ့အခါ ရွှေတို့၊ ဒေါ်လာတို့ ထုတ်ရောင်းရလို့ ဈေးကျတာ” ဟု ၎င်းက ပြောဆိုသည်။

FEC၊ အမေရိကန်ဒေါ်လာ၊ ပို့ကုန်ဝင်ငွေ နှင့် ရွှေဈေး ကျသော်လည်း ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများမှာ လိုက်ပါကျဆင်းခြင်း မရှိကြောင်း ဘုရင့်နောင်ပွဲရုံပိုင်ရှင်များက ပြောသည်။

No comments:

Post a Comment