ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, September 10, 2010

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့

ဧရာဝတီ
စိုင်းဇွမ်ဆိုင်း

စင်ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (Permanent Residents-PR) လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ညွှန်ကြား လိုက်သဖြင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ အခက်တွေ့နေကြောင်း သိရသည်။

စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး ဌာနက PR လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူရန် တိုက်ရိုက် ညွှန်ကြား ထားခြင်း ဖြစ်ပြီး မလုပ်ဆောင် သူများကို သက်တမ်း ထပ်မံ တိုးပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့ တွင်လည်း စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်က PR များကို နိုင်ငံသား အဖြစ် ခံယူကြရန် တိုက်တွန်း ထားသည်။

“စင်ကာပူနိုင်ငံမှာ PR ဦးရေ ၅ သိန်း လောက်ရှိပါတယ်။ အဲဒီထဲကမှ ၅ သောင်းလောက်က စင်ကာပူ နိုင်ငံသား အဖြစ် ခံယူမယ်ဆိုရင် ဒါဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ပြုလိုက်တာနဲ့ အတူတူပါပဲ” ဟု ဂိုချုပ်တောင်က ပြောကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သို့သော် စင်ကာပူနိုင်ငံမှ PR လက်မှတ်ရ မြန်မာနိုင်ငံသား အများစုသည် နိုင်ငံသားခံယူရန် ဆန္ဒမရှိကြကြောင်း၊ နိုင်ငံသားအဖြစ် ခံယူရန် ငြင်းဆန်လျှင်လည်း ၎င်းတို့၏ လက်ရှိအနေအထားမှာ ပို၍ ကျပ်တည်းသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံသားများအတွက် ဘေးကျပ်နံကျပ် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံသားတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်သိရသလောက်က PRကိုင်ထားတဲ့သူ အများစုက မိသားစုတွေနဲ့လေ။ တကယ်လို့ သူတို့က နိုင်ငံသား ခံယူဖို့ ငြင်းမယ်ဆိုရင် PRကို သက်တမ်းတိုးပေးတော့မှာ မဟုတ်ဘူး။ EP (Employment Pass) နဲ့ပဲ နေရမယ်။ အဲဒါဆိုရင် သူတို့အတွက် အခွန်တွေ၊ ကလေး ကျောင်းစရိတ်တွေကအစ ဈေးပိုကြီးလာတော့မယ်” ဟု ရှင်းပြသည်။

စင်ကာပူနိုင်ငံတွင် PR လက်မှတ် ကိုင်ဆောင်သူများတွင် မြန်မာနိုင်ငံသားများအပြင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသားဦးရေ အများဆုံးဖြစ်သည်ဟု သိရသည်။

PR လက်မှတ်ကို ဆယ်နှစ်ကျော် ကိုင်ဆောင်ထားပြီး စင်ကာပူနိုင်ငံသားအဖြစ် ခံယူခြင်း မရှိသေးသူ မြန်မာတဦးက “ဒီကို ရောက်ခါစ ကျောင်းတက်တုန်းက အရမ်း အနှိမ်ခံရတယ်။ ဆရာ၊ ဆရာမတွေကအစ နှိမ်တယ်။ အဲဒါက ကလေးဘဝတုန်းက ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အခုထက်ထိ စွဲနေတယ်။ နောက်တခုက တနေ့တနေ့ကို လူတွေ အကုန်လုံးက ပိုက်ဆံနောက် လိုက်မယ်ဆိုတာပဲ တွေ့နေရတယ်။ အဲဒီလိုနေရာမျိုးက ကိုယ်အသက်ကြီးသွားရင် ဘယ်လိုမှ နေနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံသား မခံချင်တာလည်းပါတယ်” ဟု သူ၏ သဘောထားကို ပြောပြသည်။

မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူမှုသည် တဦးချင်းစီ၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်ကြောင်း၊ စင်ကာပူနိုင်ငံသားအဖြစ် ခံယူသူ မြန်မာပြည်မှ လူအများစုမှာ မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသားကတ် (FRC) ကိုင်ဆောင်ကြသည့် တရုတ်လူမျိုးများနှင့် နိုင်ငံခြားတွင် အမြဲ အခြေချ နေထိုင်ရန် ဆုံးဖြတ်ထားသူ လူငယ်အများစုဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “Passport လေး ပြောင်းလိုက်တာနဲ့ ကိုယ်က မြန်မာ မဟုတ်တော့ဘူး ဆိုတာမျိုး မဟုတ်ဘူးလေ။ ကိုယ်က မြန်မာပြည်ကို ချစ်နေတုန်းပဲ” ဟု ဆိုသည်။

စင်ကာပူနိုင်ငံတွင် ဆယ်နှစ်ကျော် နေထိုင်လာသူ မြန်မာတဦးက “စင်ကာပူမှာ ရှိနေတဲ့ PR တော်တော်များများက ပညာတတ်တွေ၊ အလုပ်အကိုင် အတွေ့အကြုံရှိတဲ့သူတွေ၊ အရည်အချင်း ရှိတဲ့သူတွေများတယ်။ အဲဒီလိုလူတွေကို နိုင်ငံသားပေးလိုက်တာက စင်ကာပူနိုင်ငံအတွက် အကျိုးယုတ်စရာ လုံးဝမရှိဘူးလေ” ဟု ပြောသည်။

PR လက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံသားခံယူခွင့် ပေးခြင်းသည် တိုးပွားမှုနှေးနေသော စင်ကာပူလူဦးရေ အတွက် အထောက်အကူဖြစ်နိုင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် စင်ကာပူအစိုးရက ရည်ရွယ်ထားခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ဆိုသည်။

စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ခြင်းအားဖြင့် ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ ဆိုးကျိုးများလည်း ရှိနိုင်သည်ဟု စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာတဦးက ပြောသည်။

စင်ကာပူနိုင်ငံသား ဖြစ်လာလျှင် အခွန်မြင့်မားစွာ ပေးဆောင်ရန် မလိုတော့ခြင်း၊ စင်ကာပူ နိုင်ငံကူးလက်မှတ်သည် တခြားနိုင်ငံကြီးများသို့ သွားလာရန် လွယ်ကူခြင်း၊ စင်ကာပူနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ဈေးနှုန်း ချိုသာခြင်း စသည်တို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခြင်းမရှိသေးပါက မြန်မာနိုင်ငံသားတဦး အနေဖြင့် တလလျှင် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး စင်ကာပူနိုင်ငံသား ဖြစ်သွားပါက တနှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ စင်ကာပူအစိုးရထံ ပေးဆောင်ရကြောင်း သိရသည်။

စင်ကာပူနိုင်ငံရောက် မြန်မာတဦးက “တချို့ Citizen ခံလိုက်တဲ့သူတွေ ပြောတာကတော့ မြန်မာ သံရုံးမှာ အခွန်မဆောင်ချင်ဘူး။ အဲဒီဆောင်ရမယ့် ငွေတွေကို မြန်မာပြည်သူတွေဆီ တိုက်ရိုက် ကူညီလိုက်တာ ပိုကောင်းတယ်လို့ ပြောကြတယ်”ဟု ပြောသည်။

စင်ကာပူနိုင်ငံသားအဖြစ် ခံယူပြီးပါက မြန်မာနိုင်ငံသည် နိုင်ငံသား ၂ မျိုး (Dual Citizenship) ခံယူမှုကို ခွင့်မပြုသဖြင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်မည်ဆိုပါက ဗီဇာကြေး နှစ်ဆ ပိုပေးရခြင်း၊ မြန်မာနိုင်ငံတွင်းမှ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားစရိတ်များကိုလည်း နိုင်ငံခြားသားတဦးအနေဖြင့် ပေးဆောင်ရခြင်း၊ အသက်အရွယ် ကြီးရင့်သူများအနေဖြင့် မြန်မာပြည်သို့ ပြန်လည်နေထိုင်လိုပါက ခက်ခဲခြင်းများသည် ဆိုးကျိုးများဟု ဆိုနိုင်ကြောင်း စင်ကာပူနိုင်ငံသား ခံယူထားသူ မြန်မာက ရှင်းပြသည်။

၂၀၀၉ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် လူဦးရေ ၄.၉၈ သန်းရှိပြီး ကုန်ပစ္စည်း တင်ပို့ခြင်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း နှင့် ရေနံဓာတုလုပ်ငန်းတို့ကို အဓိကထား လုပ်ကိုင်သည်။

No comments:

Post a Comment