ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, November 6, 2010

အရုဏ်ဦးမှာ ဖူးသည့်ကြာ ဒါရိုက်တာ တင်သန်းဦးကွယ်လွန်

မြင့်မောင် .

သမိုင်းရေးရာ အချက်အလက်များ အငြင်းပွားခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကား ရိုက်ကူးခဲ့သူ ၅၈ နှစ်အရွယ် ဒါရိုက်တာ တင်သန်းဦးသည် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ၌ ယနေ့ နံနက် ကွယ်လွန်သွားသည်။

“အသည်းခြောက် ရောဂါနဲ့ ဒီနေ့ မနက် ၂ နာရီ ၄၅ မိနစ်မှာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆုံးတာပါ။ ရုပ်အလောင်းကို ၅ ရက်ထားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တနင်္ဂနွေနေ့က မဲထည့်တာတွေ ရှိတယ်ဆိုတော့ လူကြီးတွေက လာချင်သေးတယ်လေ” ဟု ဦးတင်သန်းဦး၏ မရီးဖြစ်သူက ပြောသည်။

ဦးတင်သန်းဦး (ဒုဗိုလ်မှူးကြီးဟောင်း) သည် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးရုံးတွင် နှစ် ၂ဝ ခန့် အမှုထမ်းခဲ့ပြီး ကျန်းမာရေးအရ ၂ဝဝ၇ ခုနှစ်ထဲတွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

နာမည်ကြီး သရုပ်ဆောင် ၆၈ ဦး ပါဝင်ကာ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လုပ်သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကို စစ်အစိုးရ ဝါဒဖြန့်ချိရေး ဇာတ်ကားအဖြစ် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

ဖဆပလ အစိုးရ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့် ဈာပနအရေးအခင်း၊ ရှစ်လေးလုံး လူထုလှုပ်ရှားမှုနှင့် ကရင်အမျိုးသား အစည်းအရုံး KNU အပေါ် စစ်အစိုးရက အသရေဖျက်သည့် အပြောအဆိုများဖြင့် သမိုင်းကို လိမ်လည် တင်ပြခဲ့သည့် ဇာတ်ကားဖြစ်သည်။

ယခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ဦးတင်သန်းဦးက “ဇာတ်လမ်း ဇာတ်ညွှန်းတွေက ကျနော့်စိတ်ကြိုက် မဟုတ်ဘူး။ သူတို့ ချပေးတဲ့အတိုင်း၊ သဘောတူတဲ့အတိုင်း ကျနော်က ရိုက်တာ’’ ဟု ပြောဆိုခဲ့သည်။

ဇနီးဖြစ်သူ ဒေါ်စန်းစန်းသူသည် လွန်ခဲ့သည့် ၆ လခန့်ကတည်းက ကွယ်လွန်ခဲ့ပြီး၊ သားသမီး ထွန်းကားမှု မရှိခဲ့ပါ။ ရုပ်အလောင်းကို မင်္ဂလာဒုံ စစ်ဆေးရုံမှ ရေဝေးသုဿန် ရေခဲတိုက်သို့ သယ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ ယခုလ ၉ ရက်နေ့ နံနက် ၁၁ နာရီတွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

No comments:

Post a Comment