ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 16, 2010

တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ်ကားသစ်များကို ပေါက်ဈေးထက် ထက်ဝက်မက နိမ့်သည့်ဈေးဖြင့် အသုံးပြုသူလက်ဝယ်သို့ ရောင်းချပေး မှုများရှိလာ


ဟိုတယ် ခရီးလုပ်ငန်း အတွက် အသုံးပြုရန် တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ် ကားသစ်အစီး ၂၀၀ နှင့် ပြည်ပမှတင်သွင်းလာသည့် အစီးရေ ရာနှင့်ချီသော ၂၀၀၇ မော်ဒယ်နှင့်အထက် အခြား အိမ်စီးကားသစ်များကို ပေါက်ဈေးထက် ထက်ဝက်မကနိမ့်သည့်ဈေးဖြင့် အသုံးပြုသူများ လက်ဝယ်သို့ ရောင်းချပေးမှုများ ရှိလာကြောင်း သတင်းရရှိပါသည်။

ယခင်က ဟိုတယ်လုပ်ငန်း သုံးဖြစ်စေ၊ အခြားလုပ်ငန်းသုံးဖြစ်စေ တင်သွင်းလာပါက ယခုဈေးထက်မြင့်သည့် ဈေးနှုန်းများဖြင့်သာ အသုံးပြုမည့်သူများသို့ ရောင်းချပေးလေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ပြင်ပပေါက်ဈေးထက် ထက်ဝက်မကနိမ့်သည့်ဈေးဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ အသုံးပြုခွင့်ရ သူများအနေဖြင့် များစွာသက်သာ ခွင့်ရခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအတွက် သုံးစွဲရန် တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ်ကားသစ်များမှာ Previa နှင့် Hiace အမျိုးအစားများ ဖြစ်ကြောင်း သိရသည်။

"Previa က လက်ရှိပေါက်ဈေးဆို ၂၀၁၀ မော်ဒယ်ဖြစ်လို့ ကျပ်သိန်း ၂၀၀၀ နဲ့အထက်မှာရှိတယ်။ ဟိုတယ်ခရီးလုပ်ငန်းအတွက် သုံးဖို့ တင်သွင်းတုန်းက သုံးစွဲခွင့်ရထားတဲ့ သူတွေအနေနဲ့ အမြင့်ဈေးနဲ့ မဟုတ်တော့ဘဲ ကျပ်သိန်း ၈၀၀ ကျော်ပဲ ပေးသွင်းခွင့်ရတဲ့အတွက် အသုံးပြုသူတွေကတော့ ထက်ဝက်မကနိမ့်တဲ့ ဈေးနဲ့သုံးခွင့်ရတာပေါ့။ Hiace 2010 မော်ဒယ်ကလည်း အခုဆို အပြင်မှာ ပေါက်တဲ့ဈေးက ကျပ် သိန်း ၁၂၀၀၊ ၁၃၀၀ ၀န်းကျင်ရှိ တယ်လေ။ ဒါပေမယ့် သုံးစွဲခွင့်ရတဲ့ သူတွေကို ကျပ်သိန်း ၆၀၀ ၀န်းကျင်ပဲ ပေးသွင်းရတဲ့အတွက် ဈေးသက်သာ ခွင့်ရလာတာပေါ့" ဟု ဟိုတယ်လုပ်ငန်းနှင့် ဆက်နွှယ်သည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း အခြားအိမ်စီးကားသစ်များကို အစီးရေရာနှင့်ချီတင်သွင်းရန် စီစဉ်ထားမှုမှ အစီးရေအများစု ရန်ကုန်သို့ရောက်ရှိခဲ့ကြောင်း၊ ရောက်ရှိလာသည့် ၂၀၀၇ မော်ဒယ် အထက် ကားများကိုလည်း ပေါက်ဈေးထက် များစွာသက်သာသည့် ဈေးဖြင့် ၀ယ်ယူအသုံးပြု ခဲ့ရသူများရှိကြောင်း သိရသည်။


"ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလအတွင်းမှာ Toyota အမျိုးအစား အိမ်စီးကားသစ်တွေကို အစီးရေရာနဲ့ချီတင်သွင်းခွင့် ရထားတဲ့သူတွေရှိတယ်လေ။ အဲဒီအထဲက အမျိုးအစားတချို့ ရန်ကုန်ရောက်နေပြီ။ ၂၀၀၇ မော်ဒယ်အထက် အဲဒီကားတွေကိုတော့ တစ်စီးကို ကျပ်သိန်း ၂၀၀ ၀န်းကျင်နဲ့ပဲ အသုံးပြုမယ့်သူတချို့ကို ရောင်းပေးလိုက်တယ်လို့ ကြားရတယ်။ အဲဒီကားတွေ ရဲ့တင်သွင်းဈေးက အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကနေ ၂၀၀၀၀ ကြားထဲမှာ ရှိတဲ့တွက် အရမ်းနိမ့်တဲ့ဈေးနဲ့ ရောင်းပေးတဲ့သဘောပေါ့။ ဒီတော့ ကားဝယ်ယူရရှိတဲ့ သူကကျပ်သိန်း ၂၀၀ အရင်းဆိုပါတော့၊ နောက်ထပ် အမြတ်တစ်ဆတင်ဦး၊ ကျပ်သိန်း ၄၀၀ လောက်ဆို ရောင်းပျော်ပြီ။ အဲဒီကား တွေရဲ့လက်ရှိ ပြင်ပပေါက်ဈေးက ကျပ်သိန်း ၄၀၀ ရဲ့အထက် အများကြီး မြင့်သေးတယ်လေ။ ဒီကားတွေ ကလည်း ဒီလိုပဲ အနိမ့်ဈေးနဲ့ ဈေးကွက်ထဲ အနှေးနဲ့အမြန် ရောက်လာမှာပဲ။ ဒါဆို ကားသစ်ဈေးက အနိမ့်ဘက်ကို ထပ်ဦးတည်မယ့် သဘောပေါ့"ဟု ကားဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးကလည်း ရှင်းပြခဲ့ပါသည်။

ကားသစ်များ ပေါက်ဈေးထက် ထက်ဝက်မက နိမ့်သည့်ဈေးဖြင့် ၀ယ်ယူသုံးစွဲခွင့်ရလာမှုကြောင့် ကားဈေးနှုန်းများ၏ အလားအလာမှာလည်း အကျဘက်သို့ ဆက်လက်ဦးတည်ဖွယ်ရှိသည်ဟု ကားဈေးကွက် အတွင်းမှ ဈေးကွက်နှံ့စပ်သူများက သုံးသပ်လာကြသည်။

"Previa 2010 ရဲ့ ကျပ်သိန်း ၈၀၀ ၀န်းကျင်ဈေး၊ Hiace 2010 ရဲ့ ကျပ်သိန်း ၆၀၀ ၀န်းကျင်ဈေးနဲ့ အိမ်စီးကား ၂၀၀၇ မော်ဒယ်အထက် တိုယိုတာအုပ်စု အမျိုးအစားကားရဲ့ ကျပ်သိန်း ၂၀၀ ၀န်းကျင်ဈေးဆိုတဲ့ ကားဈေးတွေက သုံးစွဲသူလက်ထဲကို ရောက်တဲ့ဈေးတွေလေ။ ထပ်ပြီး ကားတင်သွင်းမယ့် အစီအစဉ်တွေကလည်း ကြားနေသေးတယ်။ ဒီတော့ ကားဈေးကတော့ အကျ ဘက်ကိုပဲ ဦးတည်မယ်ဆိုတာ ပြောစရာကိုမလိုဘူး။ လက်ရှိအနေ အထားအရလည်း ၀ယ်လက်ပျောက်နေတယ်။ ကားထက် ငွေကိုပဲကိုင်ထားတဲ့သူ များသွားပြီ" ဟု ကားဝယ်ရောင်းတစ်ဦးကလည်း ရှင်းပြခဲ့သည်။
လိုင်စင်မဲ့ကားများ လိုင်စင်ပြုလုပ်ပေးသည့် အချိန်မှစ၍ ၃ လအတွင်း ကားဈေး ၄၀ ရာခိုင်နှုန်းကျ ဆင်းခဲ့ပြီးနောက် ဆက်လက်၍လည်း ၀ယ်လိုအားကျဆင်းမှုကို လိုက်ကာ ကားဈေးများထပ်မံကျ ဆင်းခဲ့ကြောင်း၊ ယခုကဲ့သို့ ကား သစ်များ ပေါက်ဈေးထက်များစွာ သက်သာသည့်ဈေးဖြင့် အသုံးပြုခွင့် ရလာသည့်အချက်ပါ ထည့်ပေါင်းပါက ကားဈေးဆက်လက် ကျဆင်းနိုင်ကြောင်း သိရသည်။
"လိုင်စင်မဲ့တွေ လိုင်စင်လုပ်ပေးတဲ့ အချိန်ကစတွက်ရင် သုံးလအတွင်း ကားဈေးက ၄၀ ရာခိုင်နှုန်း လောက်ကျသွားတယ်။ အဲဒီနောက်ပိုင်းမှာလည်း ထပ်ပြီးကျတယ်။ ဥပမာ Mark II ရွှေငါးက လွန်ခဲ့တဲ့ လေးလက နံပါတ်မြင့်ဆိုရင် ကျပ်သိန်း ၁၂၀၀၊ ၁၃၀၀ အထိဈေးရခဲ့တယ်။ အောက်တိုဘာလထဲလည်း ရောက်ရော ကျပ်သိန်း ၈၅၀ ၀န်းကျင်ပဲ ရှိတော့တယ်။ အဲဒီကနေ အခုဆို ကျပ်သိန်း ၈၀၀ အောက်ထိဆင်းသွားတယ်။ ပြောချင်တာက ကားက အမြတ်ကြီးကျန်တဲ့ အလုပ်မဟုတ်ဘူးလို့ ၀ယ်တဲ့သူတွေသုံးသပ်ပြီး အ၀ယ်အေးသွားတာက အဓိကျတာ ပါပဲ။ ကားဈေးကွက်ကတော့ ဘယ်လိုပဲရောင်းရောင်း ၀ယ်သူဈေးကွက် ဘက်ကို ဦးတည်လာပြီလို့ပဲ ပြောရမယ်။ ၀ယ်သူက ဈေးကြိုက်လို့ ပေးဝယ်မှ အ၀ယ်ဖြစ်တော့မယ့် အနေအထားလေ"ဟု ကားပွဲစားတစ်ဦး ကလည်း ဆိုပါသည်။

No comments:

Post a Comment