ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, February 27, 2010

မြန်မာများ ပါရှိသည့်ကား သေနတ်ပစ်ခံရ၊ ၃ ဦး သေဆုံး

စိုင်းဇွမ်ဆိုင်း

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း၌ စစ်ဆေးခြင်းမခံဘဲ မောင်းပြေးသည့် တရားမဝင် မြန်မာများ တင်ဆောင်လာသော ကားတစီးကို ထိုင်းလုံခြုံရေးများက သေနတ်ဖြင့် ပစ်ခတ်ရာ ၃ ဦး သေဆုံးခဲ့ကြောင်း ရနောင်းမြို့ ရဲစခန်းက ပြောသည်။

ကားပေါ်ပါ မြန်မာ ၁၅ ဦးအနက် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးနှင့် လူကြီး ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့ကာ ရနောင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု တာဝန်ကျ ရဲဝန်ထမ်း တဦးထံမှ သိရသည်။

“မရပ်ဘဲနဲ့ မောင်းပြေးလို့ ကားကို သေနတ်နဲ့ ပစ်ပါတယ်။ စစ်သား (တာဟန်) တချို့လည်း ပါတယ်။ ကလေး နှစ်ယောက်၊ လူကြီး တယောက် သေတယ်။ ၅ ယောက်ကို သေနတ်ထိတယ်။ ၇ ယောက်ကို ရဲစခန်းမှာပဲ ဖမ်းထားတယ်” ဟု ရဲတာဝန်ကျက ပြောသည်။

ဖမ်းမိထားသည့် ထိုင်းကားမောင်းသမားကို တာဝန်အရ တားဆီးသည်ကို မလိုက်နာခြင်း၊ တရားမဝင်သူများကို သယ်ဆောင်ခြင်းတို့ဖြင့် တရားရင်ဆိုင်ရမည်ဖြစ်ပြီး၊ မြန်မာများကိုမူ တရားမဝင်ခိုးဝင်မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရနောင်းမြို့ မြောက်ဘက် မိုင် ၃ဝ ခန့်အကွာရှိ ဟင်းခြံမြို့မှ ချုံဖော်မြို့သို့အသွား စစ်ဆေးရေးစခန်းတခုတွင် ထိုင်းရဲနှင့် စစ်သား ပူးတွဲစစ်ဆေးရေးအဖွဲ့က မော်တော်ကားအား ရပ်တန့်ရန် တားဆီးခဲ့စဉ် ထိုင်းလူမျိုး ယာဉ်မောင်းက မောင်းနှင်ပြေးခဲ့ခြင်း ဖြစ်သည်။

ရနောင်းဒေသခံတဦးကလည်း ယင်းပစ်ခတ်မှု သတင်းကိုကြားသိရကြောင်းနှင့် ဟင်းခြံမြို့နှင့် ချုံဖော်မြို့အကြားတွင် စစ်ဆေးရေးဂိတ် နှစ်ခုရှိပြီး မသင်္ကာစရာ သတင်းရရှိမှသာ ယာဉ်များကို တားဆီးစစ်ဆေးလေ့ရှိတတ်ကြောင်း ပြောသည်။ ယခုကဲ့သို့ ပစ်ခတ်သည်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ၂ဝဝ၈ ခု ဧပြီလ၌ တရားမဝင် မြန်မာအလုပ်သမား ၅၄ ဦးကို ပင်လယ်စာ တင်ဆောင်သည့် ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်ခဲ့ရာ အသက်ရှူကြပ်ပြီး အားလုံး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်အတွင်း၌ ထိုင်းရဲများနှင့် လူမှောင်ခိုအဖွဲ့ ပူးပေါင်းသတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံသား အလုပ်သမား ၉ ဦး သေဆုံးခဲ့ရသည်။ သတ်ဖြတ်မှုအတွက် အပြစ်ရှိသည့် ရဲအရာရှိမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားသော်လည်း တရားခံတချို့ လွတ်မြောက်နေသေးသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် အာဏာအလွဲသုံးစားမှု ကျုးလွန်ကြောင်း တရားရုံးချုပ်ဆုံးဖြတ်

ရာထူးကဖြုတ်ချခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှီန၀ဒ် ဟာ တိုင်းပြည်ကို သူ တာဝန်ယူထားတုန်းက သူ့အကျိုးစီးပွားအတွက် ရာထူးနဲ့လုပ်ပိုင်ခွင့်တွေကို အသုံးချခဲ့ကြောင်းနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေဟာ မသမာတဲ့နည်းရခဲ့တာလို့ ထိုင်းတရားရုံးချုပ်က ဆုံးဖြတ်ချက် ချလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အစိုးရက သိမ်းယူဖို့ ချမှတ်မယ့် ဆုံးဖြတ်ချက်ပါ ထိုင်းဘတ်ငွေ သန်းပေါင်း ၄၆,၀၀၀ ဟာ မစ္စတာ တက်ခ်ဆင် ပိုင်တဲ့ ရှင်း ကုမ္ပဏီပိုင် ဆက်သွယ်ရေး လုပ်ငန်းတွေကို စင်္ကာပူကုမ္ပဏီ Tamasek ဆီ ရောင်းချရာကနေ ရရှိတဲ့ငွေတွေဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။

မစ္စတာတက်ခ်ဆင်ဟာ သူ ရာထူးလက်ကိုင်ရှိနေစဉ်က အခွန်ရှောင်ဖို့် သူ့ရဲ့ကုမ္ပဏီက အစုရှယ်ယာတွေကို မိသားစုဝင်တွေရဲ့ နံမည်နဲ့ လွှဲပြောင်းထားပေးခဲ့ကြောင်းနဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ကာကွယ်ဖို့ အစိုးရရဲ့ မူဝါဒတွေကိုလည်း အသုံးပြုခဲ့ကြောင်း အစိုးရရှေ့နေတွေရဲ့ လျှောက်လဲချက်မှာ ပါဝင်ပါတယ်။

မစ္စတာတက်ခ်ဆင် ၀န်ကြီးချုပ်တာဝန်ယူထားစဉ်တုန်းက ထိုင်းဘတ်ငွေ သန်းပေါင်း ၃,၀၀၀ ကနေ ၄,၀၀၀ အထိ ချေးငွေတွေ တိုးပေးဖို့ မြန်မာဘက်က တောင်းဆိုတာကို လိုက်လျောခဲ့တာကလည်း မစ္စတာတက်ဆင် ပိုင်ဆိုင်တဲ့ ရှင်း ကော်ပိုရေးရှင်းနဲ့ ထိုင်းကွန် ကုမ္ပဏီတို့ အကျိုးစီးပွားအတွက် ရည်ရွယ်ခဲ့တာလို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

အစိုးရရှေ့နေတွေရဲ့ စွဲချက်တွေကို မစ္စတာတက်ခ်ဆင်က ငြင်းဆိုလိုက်ပြီးတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေ အားလုံးဟာ သူတို့မိသားစုရဲ့ ကိုယ်စွမ်းဉာဏ်စနဲ့ ကြိုးစားအားထုတ်ပြီးတော့ ရခဲ့တာလို့ သူ့ရဲ့ အင်တာနက် ၀က်ဆိုဘ်ကနေ ခုခံပြောဆိုပါတယ်။ တကယ်လို့ သူ့ကိုချမှတ်လိုက်တဲ့ ပြစ်ဒဏ်က ကြီးလေးမယ်ဆိုရင် ဆူပူအကြမ်းဖက်မှုတွေနဲ့ တိုင်းပြည်မငြိမ်မသက်ဖြစ်လာမှာကို ထိုင်းအာဏာပိုင်တွေက စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး စစ်အစိုးရနဲ့ ၀ အပစ်ရပ်အဖွဲ့တွေကြား သဘောတူညီမှုမရ

ကိုမိုးဇော်
အပစ်အခတ်ရပ်စဲရေး ၀ အမျိုးသားသွေးစည်းညီညွတ်ရေးပါတီရဲ့ ဥက္ကဌ ပေါက်ယူချန်းဟာ ဒီကနေ့ မနက်ပိုင်းမှာ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ တာယန်းမြို့မှာ တွေ့ဆုံပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို ထပ်မံဆွေးနွေးခဲ့ပေမဲ့ တိကျတဲ့သဘောတူညီချက် မရခဲ့ပါဘူး။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး ကြားဝင် စေ့စပ်ခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးတခုကိုပဲ တင်ပြဆွေးနွေးလာတယ်လို့ သိရပါတယ်။

မြန်မာစစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ၀အမျိုးသား သွေးစည်းညီညွတ်ရေးပါတီရဲ့ ဥက္ကဌ ပေါက်ယူချန်းကို ဒီနှစ်အတွင်း အနည်းဆုံး သုံးကြိမ်လောက် တွေ့ဆုံဖို့ ဖိတ်ခေါ်ပြီးတဲ့နောက်မှာ ၀တပ်ဖွဲ့ရဲ့ ဥက္ကဌ ပေါက်ယူချန်းဟာ မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း တာယန်းမြို့ကို သွားရောက်ပြီး ဒီမနက်မှာ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံခဲ့တာဟာလည်း တရုတ်အစိုးရဘက်က ၀ခေါင်းဆောင် ပေါက်ယူချန်းကို သွားရောက်တွေ့ဆုံဖို့ တွန်းအားပေးခဲ့တာကြောင့်ဖြစ်တယ်လို့ ၀တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အရင်အခေါက်တွေကတော့ ၀ခေါင်းဆောင် ပေါက်ယူချန်းဟာ ကျန်းမာရေး မကောင်းတာကြောင့် သွားရောက်တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံး တွေ့ဆုံတာမှာလည်း ၀တပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရကြားမှာ သဘောတူညီချက် မရ။

ဒီဆွေးနွေးပွဲမှာ ၀တပ်ဖွဲ့ဘက်က တင်ပြတဲ့ အချက် ၉ ချက်ပါ တောင်းဆိုချက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ၀တပ်ဖွဲ့ဘက်က တင်ပြခဲ့တာတွေဖြစ်ပြီး အဲဒီအချက်တွေ ထဲမှာ ၀နယ်မြေကို တိုးချဲ့သတ်မှတ်ရေးနဲ့ နယ်ခြားစောင့်အသွင် ပြောင်းရာမှာ တပ်ရင်းအဆင့်တွေမှာ ၀တပ်မှူးတွေကိုသာ ခန့်ထားရေး ဆိုတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။

ဒီတခေါက် ဆွေးနွေးပွဲကိုတော့ ၀ခေါင်းဆောင် ပေါက်ယူချန်းဟာ လုံခြုံရေးအင်အား ၁၆၀၊ စစ်ကား ၂၁ စီးနဲ့ မနေ့က တာယန်းမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဘက်ကတော့ ၀တပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းရေးကို အကြောင်းပြန်ဖို့ တောင်းဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၂၃ ရက်နေ့ကလည်း အရှေ့မြောက်တိုင်း စစ်တိုင်းမှူးဟာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဥက္ကဌနဲ့ လားရှိုးမြို့မှာ တွေ့ဆုံခဲ့ပြီး SSA မြောက်ပိုင်းကို ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ ထပ်မံတောင်းဆိုခဲ့ပေမဲ့ SSA မြောက်ပိုင်းက တပ်မှူးတွေက လက်မခံတာကြောင့် သူတို့အဖွဲ့အတွင်းမှာ ပြန်လည် ညှိနှိုင်းနေရတယ်လို့ သိရပါတယ်။

မနေ့ကတော့ ရှမ်းပြည်နယ် အထူးဒေသ (၄) မိုင်းလားအဖွဲ့က ဒုဥက္ကဌနှစ်ဦးဟာ တြိဂံတိုင်း စစ်တိုင်းက ဗိုလ်မှူးကြီး သန်းထွဋ်သိန်းတို့နဲ့ တွေ့ဆုံပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ထပ်မံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ထပ်မံတင်ပြခဲ့ပေမဲ့ ပြီးပြတ်တဲ့ သဘောတူညီချက်တော့ မရခဲ့ပါဘူး။

မြန်မာစစ်အစိုးရဟာ ၁၉၈၈ နောက်ပိုင်းမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲပြီးတဲ့နောက် ၂၀၀၉ ခုနှစ် ဧပြီလကုန်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့အထိတော့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ၀ ၊ မိုင်းလားနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ မြန်မာစစ်အစိုးရရဲ့ တောင်းဆိုချက်တွေကို လက်မခံခဲ့ပါဘူး။

နယ်စပ်ဖြတ်ကျော် အကူအညီတွေ သြစတြေးလျ ဆက်ပေးတော့မည်မဟုတ်

သြစတြေးလျအစိုးရက မြန်မာပြည်ထဲကို နယ်စပ်ဖြတ်ကျော် အကူအညီပေးနေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ ပြောကြားလိုက်ပါတယ်။

နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေကို ဆက်မလုပ်တော့ဘူးလို့ သြစတြေးလျအစိုးရက ပြောလိုက်တဲ့ အကြောင်းပြချက်ကတော့ ရှင်းရှင်းလင်းလင်း ပြောမထားတဲ့ နိုင်ငံတော် အချုပ်အချာ ပိုင်ဆိုင်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကြောင့် ဖြစ်တယ်လို့ ပြောပြထားပါတယ်။

သြစတြေးလျ အစိုးရဟာ ၂၀၀၃ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံတွင်း နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

တူးမြောင်းဖောက်ပုံမမှန်၍ ရေနက်ကွင်းပိုတိုး

အောင်ထက်

ရေနက်ကွင်းလယ်မြေများ ကင်းပျောက်စေရန်အတွက် စစ်အစိုးရက ဖောက်လုပ်သော တူးမြောင်းမှာ နည်းစနစ် မမှန်ကန် သောကြောင့် ရေနက်ကွင်းဧရိယာ နည်းမသွားဘဲ ပိုမိုတိုးပွားလာနေသည်ဟု ဒေသခံ တောင်သူများက ပြောကြားသည်။

“ဒယ်အိုးကြီး (၃) လုံးလို့ ခေါ်ဆိုကြတဲ့ ကြာကန်၊ အဖျောက်၊ လက်ခိုက် ကျေးရွာ ရေနက်ကွင်းလယ်မြေတွေ ကင်းပျောက်ဖို့ နအဖက ပေ (၇၀) တူးမြောင်း ဖောက်လိုက်တယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း မမှန်တော့ အဲဒီ တူးမြောင်းကြောင့်ကို ရေနက်ကွင်းတွေ ပိုများလာတယ်” ဟု တွံတေးမြို့နယ် စမ်းရွာဒေသခံတို့က ပြောသည်။

နအဖ၏ “ဒယ်အိုးကြီး (၃) လုံး ဖော်ထုတ်ရေး” စီမံချက်အပေါ် ရေနက်ကွင်းဆိုးကျိုးကို နှစ်စဉ်ရင်ဆိုင်နေရသည့် ဒေသခံတို့က ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

ညောင်ငူကျေးရွာ တောင်သူတဦးကလည်း “နွေပိုင်းမှာ ပြဿနာမရှိဘူး။ ဒီဒေသက မိုးကာလမှာ ရေများတယ်။ အဲဒီရေတွေက ကွမ်းခြံကုန်း၊ ထန်းတော ရေတံခါးကပဲ ထွက်ပေါက်ရှိတယ်။ ရေတံခါးက (၉) ပေအကျယ် (၈) ပေါက်ရှိတယ်။ ကွင်းတွေထဲက လာတဲ့ မိုးရေပမာဏနဲ့ ရေထွက်ပေါက်ကျဉ်းကျဉ်းက အင်အားမမျှဘူး။ အဲလို မိုးရေကို ချောင်းရေက မနုတ်နိုင်တော့ ဒီနယ်တကြော လယ်မြေတွေဟာ ရေပြန့်ကျယ်တွေ ဖြစ်နေတယ်” ဟု ရှင်းပြသည်။

ကွမ်းခြံကုန်းမြစ်ပေါက်မှ စီးဆင်းလာသော (သဘာဝ) ချောင်းမကြီးနှင့် (၂) ဖာလုံခန့်အကွာ၌ ပေ (၇၀) တူးမြောင်းကို လွန်ခဲ့သော (၁၀) နှစ်ခန့်ကတည်းက တည်ဆောက်ခဲ့သည်။

“တာရိုး ဘောင် (၂) ဖက်အထိ ပေ (၇၀) ရှိတယ်။ ရေစီးမြောင်းကတော့ ပေ (၅၀) လောက်ပဲ ရှိပါတယ်။ တူးမြောင်း ၀ဲယာမှာ (၁၀) ပေ ရေသွယ်မြောင်းလေးတွေလည်း ဖောက်လုပ်ထားတယ်” ဟု ဒေးဒနော ကျေးရွာတောင်သူတို့က ပြောသည်။

အဆိုပါ တူးမြောင်းသည် ချောင်းမကြီးနှင့် ယှဉ်လျက် ဆင်းလာပြီး အင်းဂလုံးကျေးရွာအနောက်ဘက်၌ ပေါင်းဆုံလျက် ကွမ်းခြံကုန်းမြို့အ၀င် ထန်းတောကျေးရွာ ရေထိန်းတံခါးမှတဆင့် ကွမ်းခြံကုန်းမြစ်အတွင်း စီးဝင်သည်ဟု သိရသည်။

တွံတေးမြို့နယ်၊ ဘုရားကြီးတောင်သူတို့ကမူ “ဒီလယ်တွေက နိမ့်လို့နစ်တာမဟုတ်ဘူး။ ရေထွက်ပေါက်မရှိလို့ နစ်နေတာ။ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတခုရှိတယ်။ ဒါက တူးမြောင်းနဲ့ ချောင်းမကြီးဆုံတဲ့ အင်းဂလုံး ရေရိုးကွေ့ကနေ ကွမ်းခြံကုန်းမြစ်ပေါက်အထိ တူးမြောင်းကို တောက်လျှောက် ဆက်ဖောက်ဖို့ပဲ။ (၃) မိုင်လောက် ဖောက်ရမယ်။ အဲလို ရေရိုး (၂) ခု ပြိုင်စီးရင် ကွင်းရေနုတ်အား ကောင်းသွားမယ်။ လယ်ကွက်တွေထဲ ဘယ်ရေက ကျန်တော့မှာလဲ။ ဒါပေမယ့် မြစ်ရေ (ရေငန်) မထိုးအောင်တော့ တူးမြောင်းတနေရာမှာ ရေထိန်းတံခါး တည်ဆောက်ရမယ်” ဟု ပြောဆိုသည်။

အဆိုပါ လယ်မြေတို့သည် မိုးကာလ၌ အမြဲ ရေလျှံနေတတ်သည့်အတွက် မိုးစပါးစိုက်ပျိုးရာတွင် မြေဆီသြဇာ သုံးစွဲ၍ အကျိုးမရှိခြင်းကြောင့် (၁) ဧက ပျမ်းမျှ (၁၅-၂၀) တင်းခန့်သာ ထွက်ရှိပြီး ဒေသဖွံ့ဖြိုးမှု လွန်စွာအားနည်းခဲ့ကြောင်း၊ နွေစပါးအနေဖြင့်လည်း ရန်ကုန် တောင်ပိုင်းခရိုင်ရှိ စိုက်ပျိုးမြေဧရိယာ၏ (၂) ရာခိုင်နှုန်းခန့်သာ အကျိုးဖြစ်ထွန်းသည်ဟု စိုက်ပျိုးရေး ပညာရှင်တဦးက သုံးသပ်သည်။

ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းလည်း တရုတ်တာဝန်ယူ

ရန်ပိုင်
စစ်အစိုးရက ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်း ကွမ်းလုံဒေသတွင် တရုတ်နိုင်ငံနှင့် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း တခု တည်ဆောက်ရန် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ စာချုပ်ကို စစ်အစိုးရ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ Hanergy Holding Group Ltd နှင့် Goldwater Resources Ltd တို့ နေပြည်တော်တွင် ချုပ်ဆိုခြင်းဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာတွင်ပါရှိသည်။

ယခုစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၂၄၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံအတွက် သံလွင်မြစ်ပေါ်တွင် တည် ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည်။

ပထမစီမံကိန်းမှာ တာဆန်းရေကာတာစီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ပြုလုပ် ထားသည်။ လျှပ်စစ်ဓာတ်အား ၇၁၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဟု သိရသည်။

အထက်သံလွင် (ကွမ်းလုံ)စီမံကိန်းနှင့် ပတ်သက်၍ မည်မျှရင်းနှီးမြုပ်နှံမှု ပြုလုပ်မည်ဟု ဖော်ပြမထားပေ။

အထက်သံလွင်(ကွမ်းလုံ)ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မည့်နေရာသည် သိန္နီ နယ်နှင့် ကိုးကန့်ဒေသ ချင်းရွှေ ဟော်မြို့နားတွင်ရှိသည်။

တရုတ်နိုင်ငံနှင့် သဘောတူစာချုပ်ချုပ်ဆိုလိုက်ခြင်းသည် နယ်ခြားစောင့် တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက် စစ်အစိုးရ ကိုယ်စား လှယ် စစ်ဖက်ဆိုင်ရာလုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ တန့်ယန်း မြို့တွင် ဆွေးနွေးနေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်အစိုးရ ကိုယ်စားလှယ်နှင့် UWSA ဥက္ကဋ္ဌတို့ ဆွေးနွေးပွဲတွင် တရုတ်စစ်ဖက်အရာရှိ ၃ဦးပါဝင်ကြောင်း သိရသည်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း တရုတ်မြန်မာနယ်စပ်ရှိ ၀ပြည်နယ်နှင့် မိုင်းလားဒေသတို့ရှိ နမ့်ခါမြစ်နှင့် နမ့်လွေမြစ်တို့တွင် ရေအားလျှပ်စစ်စီမံကိန်းများကို ဆောက်လုပ်ရန်အတွက် ယူနန်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်း နှင့် ပြည်နယ်ဖွံဖြိုးရေးနှင့် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(SDIC) တို့ စစ်အစိုးရနှင့် သဘောတူညီချက်ရရှိထားကြောင်း တရုတ်နိုင်ငံရှိ ဆိုဟု အင်တာနက် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

Thursday, February 25, 2010

Petroleum Gathering

Dear All,

It's time to celebrate Petroleum Engineer Gathering. Venue will be Kone Myint Thar Restrauant, near 8 Mile junction. Everybody (petroleum engineer, whatever male or female) is warmly invited to join at 27 Feb 2010, 0630 PM - 1000 PM.

On Behalf of Organizer,
Aung Myat Kyaw
agmyatkyaw@gmail.com

Visit MPES at: http://petroleumengineers.ning.com/?xg_source=msg_mes_network

Wednesday, February 24, 2010

အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထည့်သွင်းပေးရေး စာပို့တောင်းဆိုသွားမည်


နောက်ပိုင်းအသစ်ထွက်မည့် Microsoft Windows operating systems တွေမှာ Myanmar language တစ်ခုအနေနဲ့ ထည့်သွင်းပေးရန် Microsoft ကော်ပိုရေးရှင်းသို့ စာဖြင့်စုပေါင်းပေးပို့ တောင်းဆိုမည့် အစီအစဉ် တစ်ခုအား Myanmar's NET မှ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

လူဦးရေ ၅ သိန်းကျော်ရှိသည့် ဘာသာစကားကို Microsoft Windows တွင် ထည့်သွင်းပေးရမည် ဆိုသော official policy ရှိသဖြင့် ထိုအချက်ပေါ်မူတည်ပြီး Mr Bill Gates နှင့် Mr Steve Ballmer တို့ထံသို့ စာပို့တောင်းဆိုသွားမည် ဖြစ်သည်။ Microsoft ဌာနချုပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးများမှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Microsoft Windows ကွန်ပြူတာအသုံးပြုသူ လူဦးရေ ၅ သိန်းကျော်မက ရှိသော်လည်း အမေရိကန်မှ မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံကို software မရောင်းရသဖြင့် မြန်မာဘာသာ ထည့်သွင်းရန် မလိုဟု Microsoft မှ ခံယူထားကြောင်း Myanmar's NET စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီး နိုင်ငံတကာကို ယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့အတွက် လက်မှတ်ဝိုင်းဝန်းရေးထိုး ကူညီပေးနိုင်ရန် အောက်ပါလင့်သို့ သွားရောက်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

Win Myanmar Font လင့်သို့

ဒီနေရာလေးကို ကလစ်ပါ

အော်စကာနေ့ လည်စာစားပွဲ သို့ တက်ရောက်ခဲ့သည့် မြန်မာ ဘုန်းတော်ကြီး ဦးဃောသိတ


၈၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆုလျှာ ထားခံရတဲ့ Burma VJ
မှတ်တမ်းရုပ်ရှင် ဇာတ်ကားအတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က အော်စကာ ဆုရှင်လောင်း တွေ ကို နေ့ 
လည်စာ တည့်ခင်းဧည့်ခံကျွေးမွေးခဲ့တဲ့ Oscar Luncheon ကို တက်ရောက်ခဲ့တဲ့ ဦးဃောသိတ က သူ့ ရဲ့ 
ဟောလိဝုဒ် အော်စကာ အတွေ့ အကြုံ နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

ဒန်းမတ်ကလာ တဲ့ Burma VJ ရဲ့ ပရိုဂျူဆာ လီဆာ နဲ့  ဒါရိုက်တာ နဲ့ အတူ ဒီပွဲ ကို သွားရတယ်။ဟောလီဝုဒ်
ရိုစ်ဘဒ် ဟိုတယ်မှာ နေ့ လည်စာစားပွဲလုပ်တယ် ဒီနှစ် အော်စကာ ဆုလျှာထားခံရတဲ့ သူတွေ ရော အရင်နှစ်
က အော်စကာဆုရှင်တွေ ရော လာကြတယ် ။ဦးဇင်း နဲ့ အတူသွားတဲ့ Burma VJ ရဲ့ ဒါရိုက်တာရော ၊ပရိုဂျူဆာ
ရောပါ ဒီလိုပွဲ မျိုးဒီတစ်သက် ရောက်လိမ့်မယ် လို့ မထင်ထားကြဘူး။ သူတို့ လဲ အရမ်းရင်း ခုန်တယ် လို့ ဆရာတော် ဦးဃောသိတက ပြောပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ မြန်မာ နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတဲ့ Burma VJ ဇာတ်
ကား ဟာ တိုရွန်တို ၊Sundance ၊ နယူးယောက် ထရီဘက်ကာ စတဲ့ အမေရိကန် နဲ့ ဥရောပ ရုပ်ရှင်
ပွဲတော်တွေ ၊ရုပ်ရှင် ထူးချွန်ဆုတွေ မှာ ထူးချွန် ဆု အသီးသီးရရှိ ခဲ့ပြီး ဖြစ်ပါတယ်။

အော်စကာနေ့ လည်စာစားပွဲ ကိုတက်ရောက်ခဲ့တဲ့ ဆရာတော် ဦးဃောသိတက တော့ နာမည်ကြီး
မင်းသားမင်းသမီးတွေလာကြတယ် ဦးဇင်းကတော့ ဘယ်သူမှ မသိဘူး Burma VJ ရဲ့ ဒါရိုက်တာ က
တော့ အခုလိုနာမည်ကြီးမင်းသား မင်းသမီးတွေ နဲ့ တစ်စားပွဲတည်း ထိုင်ဖြစ်လိမ့် မယ့်လို့ တောင် မ
ထင်ခဲ့မိဘူး ပြောတယ်။

တင်းကျပ်တဲ့ စီစစ်ဖြတ်တောက်မှုတွေကြောင့် မြန်မာ ရုပ်ရှင် ဇာတ်ကားတွေ ရဲ့ ထုတ်လုပ်တင်ဆက်မှု
အဆင့်အတန်းနိမ့်ကျတာကြောင့် အခုလို ဟောလိဝုဒ် အော်စကာဆု
ပေးပွဲ မျိုးမဆိုထားနဲ့ ဒေသတွင်းမှာ ပင် နေရာမရှိ ဘူးလို့ အမေရိကန် မှာ အခြေချနေထိုင်တဲ့
မြန်မာ သရုပ်ဆောင် တစ်ဦးက ပြောပါတယ်။

အခုလို အော်စကာဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့ ကိုယ်တိုင်က ဖိတ်ကြားတဲ့ ပွဲကို သွားရတာ တကယ်ဂုဏ်
ယူစရာပဲ လို့ သူက ဆိုပါတယ်။

ဦးဃောသိတ ကမူ သူတို့ ကပျော်စရာ အခမ်းအနား ကိုယ်တော်က တော့ ၀မ်းမသာ နိုင် ဘူး မျက်ရည်ကျမိတယ်ဟု ပြောသည်။

၈၂ ကြိမ်မြောက် အော်စကာဆု ပေးပွဲ အခမ်းအနား ကို မတ်လ ရ ရက်နေ့ ဟောလီဝုဒ် ဘီဗာလီ ဟီးလ်က ကိုဒတ်သီရေတာ
မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဦးဃောသိတ ပုံ ကို အယ်ဂျာဇီယား ရုပ်သံမှ ထုတ်လွှင့် ခဲ့သည်။

၂၀၀၇ ခုနှစ် ကုန် ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက် မြို့ သို့ ရောက်ရှိခဲ့သည်။

မဲဆောက်သို့ ရောက်စဉ် တရားမ၀င် ၀င်ရောက်မှုဖြင့်ထိုင်းရဲ ကဖမ်းဆီးရမိပြီး မြန်မာ နိုင်ငံ ဘက်သို့ ပြန်လည် လွှဲပြောင်းရန်
စီစဉ်နေစဉ် မြန်မာ များက အချိန် မှီကယ်တင် နိုင်ခဲ့သည်။

၂၀၀၈ ခုနှစ် တွင် အမေရိကန် နိုင်ငံတွင် နေထိုင် ခွင့် ရရှိခဲ့သည်။

အမေရိကန် ကုမ္ပဏီတွေကို တရုတ်က အရေးယူမည်

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်ဂန်း။
စက်တင်ဘာ ၇၊ ၂၀၀၆။
(Photo-fmprc.gov.cn)
ဗွီအိုအေ ( ပီတာ ဆင်မ်ဆန်) (ကိုရန်နိုင်)

အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား သဘောမတူညီမှုတွေ ဖြစ်ပြီးတဲ့နောက် တရုတ်နိုင်ငံဘက်က အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူဖို့ အစီအစဉ်တွေကို ကြေညာတာကြောင့် အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြားမှာ ဆက်ဆံရေး တင်းမာမှုတွေဟာ ပိုပြီးတော့ ကြီးမားလာခဲ့ပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချတာက စပြီး သမ္မတ အိုဘားမား (Obama) က ပြည်ပရောက် တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ကို တွေ့ဆုံတာအထိ ကိစ္စရပ် အတော်များများနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အမေရိကန် အစိုးရအပေါ် အမျက်ဒေါသ ထွက်နေတာတွေဟာ လျော့ကျသွားမယ့် အရိပ်လက္ခဏာ အင်္ဂါနေ့အထိတော့ မမြင်တွေ့ရသေးဘူး ဖြစ်နေပါတယ်။




အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချတာကြောင့် အမေရိကန် ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်ဂန်း (Qin Gang) က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနဲ့ အမေရိကန် ကုမ္ပဏီတွေကို တရုတ်ဘက်က အင်တာနက် တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအ၀င် ကိစ္စရပ် အတော်များများမှာ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအပေါ် ဒေါသထွက်ခဲ့ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဖို့က အမေရိကန်နိုင်ငံ အပေါ်မှာပဲ မူတည်တယ်လို့ သူက ပြောပါတယ်။

“အမေရိကန်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံရဲ့ အနေအထားအပေါ် အလေးအနက် ထားဖို့နဲ့ ပျက်ယွင်းသွားတဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့အတွက် ယုံကြည်လက်ခံလောက်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့လိုပါတယ်။ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ပိတ်ဆို့တာတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ဒါပေမဲ့ အရေးယူ ပိတ်ဆို့တာတွေ ဘယ်တော့ စတင်လုပ်ဆောင်မယ် ဆိုတာကိုတော့ သူက ပြောဆိုသွားခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းတွေကို ရပ်တန့်ဖို့လိုမျိုး နိုင်ငံတကာ အရေးကိစ္စတွေအပေါ် တရုတ်နိုင်ငံဘက်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်ဘက်က စိုးရိမ်မှုတွေ ရှိနေပါတယ်။

၂ နိုင်ငံကြား သဘောထား ကွဲလွဲမှုတွေကြောင့်တော့ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကတော့ ထိခိုက်မှု ရှိလိမ့်မယ်လို့ မခန့်မှန်းကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကင်ဂန်းက ပြောပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အကျပ်အတည်း ကြုံနေရတာနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းကြဖို့ တိုက်တွန်းလိုက်ပြီး အီရန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားနိုင်ငံတို့ကို သဘောထား ပျော့ပြောင်းကြဖို့ တောင်းဆိုလိုက်ပါတယ်။

အီရန်နဲ့ မဟာမိတ်ဖြစ်ပြီး ရေနံအကျိုးစီးပွားလည်း ရှိနေတဲ့ တရုတ်နိုင်ငံက အီရန်နိုင်ငံဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် ထုတ်လုပ်လာနိုင်ချေ ရှိတယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ အစီရင်ခံစာကို သတိပြုမိတယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ အသုံးပြုနိုင်တဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ အနေနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယား အရေးကိစ္စကို သံတမန်ရေး နည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာကင်ဂန်းက ပြောပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းကြောင့် အမေရိကန်နဲ့ တခြားနိုင်ငံတွေကတော့ အီရန်နိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကို ချမှတ်သွားဖို့ စဉ်းစားနေကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆန့်ကျင်နေပါတယ်။

ဟွန်ဒေးနဲ့ ဒေ၀ူး မြန်မာ့သဘာဝဓာတ်ငွေ့ ရှာဖွေရေး ဒေါ်လာ ကုဋေချီ စာချုပ် ချုပ်ဆို

မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ အတွက် တောင်ကိုရီးယားနိုင်ငံ ဟွန်ဒေး ကော်ပိုရေးရှင်းနဲ့ ဒေ၀ူး ကုမ္ပဏီကြီးအကြား ဒေါ်လာသန်းပေါင်း ၁,၄၀၀ တန်ဖိုးရှိတဲ့ သဘောတူစာချုပ်ကို ဒီနေ့ လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ဟွန်ဒေး အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းနဲ့ ဒေ၀ူး နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးတို့ ပူးတွဲပြီး မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၁၃ ခုနှစ် မတ်လမှာ စတင် အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာရော ကုန်းတွင်းမှာပါ စီမံကိန်းတွေချပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပူးတွဲ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မေလမှာ မြန်မာ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းတွေကတဆင့် တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် ဒေ၀ူး နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးက သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးကနေ လာမယ့် ၂၅ နှစ်ကနေ အနှစ် ၃၀ အကြား တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၅ သန်းနှုန်းနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေကနေ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ရယူရေးအတွက် ဒေါ်လာသန်း ထောင်နဲ့ချီ သုံးစွဲနေကြတာ ဖြစ်ပါတယ်။

နာမည်ကျော်အဆိုတော်များ နေပြည်တော်တွင် သင်္ကြန်ကျမည်


၂၀၀၉ နှစ် တောင်ကြီးမြို့ သင်္ကြန်တွင် အဆိုတော် အငဲ ဖျော်ဖြေနေပုံ (ဓာတ်ပုံ - www.allrathashanlaytwaye.co.cc)
သဲသဲ
ဧပြီလလယ်တွင် ကျရောက်မည့် သင်္ကြန်ပွဲကို မြို့တော်သစ် နေပြည်တော်က ယခင်နှစ်များကဲ့သို့ မဟုတ်ဘဲ နာမည်ကျော် အဆိုတော်များ၊ တီးဝိုင်းများဖြင့် ပထမဆုံးအကြိမ် စည်ကားစွာ ကျင်းပရန် စီစဉ်နေသည်။

နေပြည်တော်ရှိ ဟိုတယ်များ၊ ကုန်တိုက်များ၊ ကုမ္ပဏီများက သင်္ကြန်မဏ္ဍပ် ထိုးကြမည် ဖြစ်သောကြောင့် ရန်ကုန်မှ အဆိုတော်များက အလွန် စိတ်ဝင်စားနေကြသည်ဟု အဆိုတော် ဇော်ဝင်းထွဋ်က ပြောသည်။


“မဏ္ဍပ်တွေ၊ တီးဝိုင်းတွေက အနည်းဆုံး ၁၄၊ ၁၅ ခုလောက် ရှိမယ် ဆိုတော့ အကုန်ပတ်ပြီး ဆိုလို့ရတော့ ၀င်ငွေ ပိုကောင်းနိုင်တာပေါ့” ဟု ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်က ပြောသည်။

ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် အဆိုတော်များ သင်္ကြန်ကျလျှင် မဏ္ဍပ်အနည်းငယ်တွင်သာ ဖျော်ဖြေရလေ့ ရှိကြောင်း၊ နေပြည်တော်သင်္ကြန်တွင် အဆိုတော်များက မဏ္ဍပ်အများအပြားသို့ သွားရောက်နိုင်ဖွယ် ရှိကြောင်း ဇော်ဝင်းထွဋ်က ပြောသည်။

“အခုနှစ်သင်္ကြန်မှာ အဆိုတော်တွေ တော်တော် အဆင်ပြေမှာပါ။ ဈေးကောင်းပေးပြီး အပြိုင် ငှားနေကြတယ်။ ကျနော့်အထင် အခုအချိန်မှာ သွားငှားမယ် ဆိုရင်တောင် ရမှာ မဟုတ်တော့ဘူး၊ ငှားပြီး လောက်ပြီ” ဟု အဆိုတော် ဇော်ဝင်းထွဋ်က ရှင်းပြသည်။

နေပြည်တော်သင်္ကြန်တွင် ထူးခြားသည့် တင်ဆက်မှုများဖြင့် ဖျော်ဖြေရန် ဟစ်ပ်ဟော့ပ် အဆိုတော် သားစိုးကလည်း အဆင်သင့် ဖြစ်နေသည်။

“ကျနော် ဒီနှစ်သင်္ကြန်ကို နေပြည်တော်က ဧဒင် ဟိုတယ်မှာ နတ်ကတော်တွေနဲ့ အတူ ရှိမယ်” ဟု သားစိုးကပြောသည်။

Plus-3 တေးဂီတ၀ိုင်းမှ မန်နေဂျာ ကိုဇော်ကြီးကလည်း “ကျနော်တို့ အဖွဲ့က လောလောဆယ်တော့ ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ရှင်ဖုန်း၊ N ကိုင်ရာ တို့နဲ့ နေပြည်တော်က ရွိုင်ရယ်ကုမုဒြာမှာ ဖျော်ဖြေဖို့ ရှိပါတယ်” ဟု ပြောပြသည်။

နေပြည်တော် တည်ထောင်ပြီး ၂၀၀၆ ခုနှစ် နောက်ပိုင်းကာလ သင်္ကြန်ပွဲတော်များတွင် ၀န်ကြီး ဌာန မဏ္ဍပ်များ ရှိသော်လည်း စည်ကားခြင်း မရှိဟု သိရသည်။

နိုင်ငံအနှံ့ နှစ်စဉ် ကျင်းပသည့် သင်္ကြန်ပွဲတော်သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စည်ကားလေ့ ရှိသည်။ ယခုနှစ်၌မူ နေပြည်တော်တွင်သာ စည်ကားဖွယ်ရှိသည်ဟု ဂီတ၊ ရုပ်ရှင်လောကသားများက သုံးသပ်ကြသည်။

Tuesday, February 23, 2010

မေးလ် ပြီးတော့ ပတ်စ်ဝတ်စ် ခေါ် ဒစ်ဂျစ်တယ် သက်သေခံလက်မှတ် ထုတ်ပေးခွင့် မြန်မာအင်ဖိုတက် ရရှိ

စိုးမိုး
အီလက်ထရောနစ် ဆက်သွယ်မှု စနစ်များတွင် သတင်းအချက်အလက် ဖောက်ယူခံရခြင်းများ မဖြစ်စေရန် အာမခံပေးမည့် ဒစ်ဂျစ်တယ် သက်သေခံလက်မှတ် ထုတ်ပေးခွင့်ကို မြန်မာအင်ဖိုတက် ကုမ္ပဏီလီမိတက် ရရှိကြောင်း သိရသည်။

မြန်မာအင်ဖိုတက် ကုမ္ပဏီလီမိတက်က ယခင် အများပြည်သူသုံး အင်တာနက်ဆိုင် လိုင်စင် ထုတ်ပေးပိုင်ခွင့်နှင့် လစဉ်ကြေး ကောက်ခံပိုင်ခွင့် ရရှိထားပြီး ယခုတဖန် အွန်လိုင်း လုံခြုံမှု သက်သေခံလက်မှတ် လိုင်စင် ထုတ်ပေးပိုင်ခွင့် ရရှိခြင်းဖြစ်သည်။ မြန်မာအင်ဖိုတက် ကုမ္ပဏီလီမိတက်သည် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ် ထုတ်ပေးခွင့်ရှိသည့် မူလအရင်းအမြစ် အာဏာပိုင်ဖြစ်ပြီး ၎င်းမှဆင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီကို ထုတ်ပေးခွင့်ပြုခြင်းဖြစ်သည်။

“အခု အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ် ထုတ်ပေးခွင့် အာဏာပိုင်ဆိုပြီး ရတနာပုံ တယ်လီပို့ကုမ္ပဏီက လက်မှတ်ထုတ် ရောင်းချခွင့်ရတယ်။ နောက်လည်း ရတနာပုံလို လုပ်ချင်တဲ့သူကို မြန်မာအင်ဖိုတက်က လိုင်စင်ပေးမှာပဲ။ သူက လိုင်စင် ရောင်းချခွင့် ရသွားတာပေါ့” ဟု မြန်မာကွန်ပျူတာပညာရှင်အသင်း အမှုဆောင်က ပြောသည်။

ယခုပြုလုပ်မည့် ဒစ်ဂျစ်တယ် သက်သေခံလက်မှတ်စနစ် စာပို့စနစ်တွင် မိမိပေးပို့လိုသူ တဦးကသာ လျှို့ဝှက်နံပါတ် အသုံးပြု ဖွင့်နိုင်မည်ဖြစ်ပြီး ပေးပို့သူနှင့် လက်ခံသူ (၂) ဦးစလုံးက ဒစ်ဂျစ်တယ် သက်သေခံ အာမခံ ၀ယ်ယူရမည်ဖြစ်သည်။

သက်သေခံလက်မှတ်နှင့် ပတ်သက်ပြီး ရတနာပုံတယ်လီပို့က အသေးစိတ် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးဘဲ မကြာမီ ထုတ်ဝေရောင်းချမည်ဟု ကြေညာထားသည်။

နိုင်ငံတကာတွင် အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ်ကို အသုံးပြုနေသော်လည်း မြန်မာနိုင်ငံတွင်မူ စစ်အစိုးရ စစ်ရေး လျှို့ဝှက်မှတ်တမ်းများ၊ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြားခဲ့ပြီးနောက်မှ စတင်အသုံးပြုရန် စီစဉ်လာခြင်းဖြစ်သည်။

သို့သော် ယခုအသုံးပြုမည့် ဒစ်ဂျစ်တယ် သက်သေခံလက်မှတ်စနစ်တွင် နိုင်ငံတကာ၌ အသုံးပြုနေသည့်အတိုင်း အပြည့်အ၀ ၀န်ဆောင်မှုပေးမည်မဟုတ်ဘဲ စာပေးစာယူ ကိစ္စများသာ ပါဝင်ပြီး ပြည်သူလူထု အွန်လိုင်းဆက်သွယ်မှုတွင် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆုရရှိ

တက်လူ
ယခုနှစ် သုတစွယ်စုံစာပေဆုတွင် “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကို ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ယင်းစာအုပ်ကို တက္ကသိုလ်စိန်တင် ရေးသားခြင်းဖြစ်ပြီး သုတစွယ်စုံစာပေဆု ပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည်ဟု သိရသည်။

“ကျနော်လည်း ဒီနေ့မြန်မာ့အလင်းမှာ သုတစွယ်စုံစာပေဆုကို တွေ့လို့ ဒီနှစ် ဘယ်သူတွေကို ရွေးချယ်ထားလဲဆိုတာ သိချင်ဇောနဲ့ ဖတ်မိတယ်။ ဗိုလ်ချုပ်စာအုပ်ကို ဆုစာရင်းရဲ့ ထိပ်ဆုံးမှာ ဖော်ပြထားတာ တွေ့ရတယ်ဗျ။ သုတစွယ်စုံစာပေဆုကို ပြန်ကြားရေးဝန်ကြီးနဲ့ အလွန်ပနံသင့်တဲ့ ဒေါက်တာ တင်ထွန်းဦးက ပေးတာဖြစ်လို့ ဒီနှစ်မှာ ဒီစာအုပ်ကိုဆုပေးတာ တကယ့်ကို အံ့သြ၀မ်းမြောက်စရာပါပဲ” ဟု ပြည်တွင်းဝါရင့်သတင်းအယ်ဒီတာတဦးက ပြောသည်။

သုတစွယ်စုံ စာပေဆုပေးသည်မှာ ပဉ္စမမြောက်ဖြစ်ပြီး ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သောစာအုပ် ပါဝင်လာသည့်အတွက် ပြည်တွင်းစာနယ်ဇင်းများက အံ့သြနေကြကြောင်း ရန်ကုန်အခြေစိုက် မီဒီယာများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စာအုပ်အား ဆုပေးရန် ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက “ကျနော်တို့က ဆုရွေးချယ်ရေးအဖွဲ့ဖွဲ့ပြီးတော့ စနစ်တကျ ရွေးချယ်ပါတယ်။ ဘာလို့ ဒီစာအုပ်ကို ရွေးလဲဆိုတော့ ဒီစာအုပ်က အချက်အလက် ပြည့်စုံတယ်၊ နောက်အကြောင်းအရာက လေးနက်တယ်၊ နောက် မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းဆိုတော့ တနိုင်ငံလုံးနဲ့လည်း ဆိုင်တယ်၊ နောက်တချက်ကတော့ တင်ပြပုံကလည်း စနစ်ကျတယ်။ အဲဒီအချက် (၄) ချက်ကြောင့် ကျနော်တို့ရွေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆုရွေးချယ်ရေးအဖွဲ့တွင် စာပေစာနယ်ဇင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ၀ါရင့်စာပေပညာရှင်ကြီးများ၊ စာပေဆုအလှူရှင်များ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်ပေးသည့် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်အတွက် တက္ကသိုလ်စိန်တင်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်း၊ စာပဒေသာဘာသာရပ်အတွက် ကိုကို(စက်မှုတက္ကသိုလ်) ၏ အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွား ဆောင်းပါးများ၊ လူမှုစီးပွားဘာသာရပ်အတွက် ဒေါက်တာချစ်၏ လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ၊ ဘာသာပြန်ဘာသာရပ်အတွက် ကြည်မင်း၏ ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း၊ ရည်ညွှန်းစာပေဘာသာရပ်အတွက် ကျော်ဝင်း၏ စာအုပ်များဖြင့်နှစ်ပေါင်းများစွာ၊ လူငယ်စာပေဘာသာရပ်အတွက် ပါမောက္ခ ဒေါက်တာတင်စိုး၏ ဘာလဲဟဲ့ဒေါက်တာဘွဲ့၊ နိုင်ငံတကာရေးရာဘာသာရပ်အတွက် ရဲထွဋ်၏ သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန်၊ အသုံးချသိပ္ပံဘာသာရပ်အတွက် ဒေါက်တာစိုးလွင်၏ လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ တို့ဖြစ်ကြကာ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းစာပေဆုများအတွက်၂၀၀၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သောစာအုပ်များကို အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုတဆုစီ အတွက် ငွေကျပ် (၃) သိန်းစီနှင့် တသက်တာစာပေဆုအတွက် ငွေကျပ် (၅) သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဆုပေးပွဲကို မတ်လ (၁) ရက် နေ့လယ် (၁) နာရီတွင် ကုန်သည်ကြီးများ ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သုတစွယ်စုံစာပေဆု၏ တသက်တာစာပေဆုများကို သိပ္ပံမှူးတင်၊ ပါရဂူ၊ မောင်ဆုရှင် (ကွယ်လွန်)၊ ဒေါက်တာခင်မောင်ညွန့်တို့ ရရှိခဲ့ဖူးကြကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး

မြန်မာ့ဆက်သွယ်ရေးဌာနက ထုတ်ပြန်သည့် စာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် လက်လှည့်နှင့် အော်တိုတယ်လီဖုန်း အလုံးရေ (၄) သိန်းခွဲနီးပါး၊ မိုဘိုင်းဖုန်းအလုံးရေ (၄) သိန်း (၈) သောင်းကျော် ချထားပြီးဖြစ်ကြောင်း၊ ၂ဝ၁ဝ -၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်မှာ အော်တိုတယ်လီဖုန်း အလုံး (၄) သောင်းကျော်နှင့် မိုဘိုင်းဖုန်း အလုံးပေါင်း (၁) သိန်း (၃) သောင်း တပ်ဆင်ပေးရန်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အီလိုက်တက် ကုမ္ပဏီက ချပေးနေသည့် (၈ဝဝ) မဂ္ဂါဟက်စ် စီဒီအမ်အေ ဖုန်းများကို ယခင်က ရန်ကုန်တွင် (၁) သိန်း၊ မန္တလေးတွင် (၅) သောင်း လျာထားသော်လည်း ယခုနောက်ပိုင်း လိုသလောက် ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း၊ စီဒီအမ်အေ (၄၅ဝ) မဂ္ဂါဟပ်စ် ဖုန်းများကိုမူ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်း (၉) ခုတွင် ချပေးမည်ဖြစ်ပြီး အလုံးရေ (၅) သိန်းပင် ကျော်သွားနိုင်ကြောင်း အတည်ပြုပြောဆိုသည်။

ကျပ် (၅) သိန်းတန် စီဒီအမ်အေ (၈၀၀) မဂ္ဂါဟက်စ် ဖုန်းများကို ရန်ကုန်မြို့တွင် ယခင်သတ်မှတ်ထားသောအလုံးရေ (၁) သိန်းမှ (၅) သိန်းအထိ တိုးချဲ့ငှားရမ်း တပ်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မန္တလေးတွင်လည်း ထပ်မံတိုးမြှင့် ချထားသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီလအတွင်း ထုတ်ဝေသော အပတ်စဉ်ထုတ် ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြသည်။

ဦးခေါင်းမဲ့ ရုပ်အလောင်း လှော်ကားတွင် တွေ့ရှိ

ကျော်ခ
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် စံပြကျေးရွာ အရှေ့ဘက် လှော်ကားဥယျာဉ်အနီးတွင် ဦးခေါင်း မပါသည့် ရုပ်အလောင်း တလောင်းအား တွေ့ရှိကြောင်း ဒေသခံရဲနှင့် မျက်မြင်များက ပြောကြသည်။

ယခုလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံနှင့် ထောက်ကြန့် မြို့နယ်ကြားရှိ ရန်ကုန်-မှော်ဘီ လမ်းမကြီးဘေး လှော်ကားဥယျာဉ်အဝင်ဝတွင် တွေ့ရှိခဲ့သည်ဟုလည်း ဆိုသည်။

သေဆုံးနေသူသည် မည်သူဖြစ်မှန်း မသိရသေးသော်လည်း ထောက်ကြန့်ဒေသခံ မဟုတ်ကြောင်းနှင့် အမှုနှင့်ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ကြောင်း ထောက်ကြန့်မြို့နယ် ရဲစခန်းက ပြောသည်။

“ဘာမှ မထူးသေးပါဘူးခင်ဗျ။ အလောင်းကတော့ အမျိုးသားပါ။ တယောက်တည်းပါ။ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေက ဘာမှမသိရသေးပါဘူး ခင်ဗျ” ဟု စခန်းမှ ရဲအရာရှိတဦးကပြောသည်။

ရန်ကုန်- မှော်ဘီ အဝေးပြေးလမ်းမကြီးသည် ညဘက်အချိန်များတွင် အဝေးပြေးကားကြီးများမှ လွဲ၍ ယာဉ်အသေးစားများ ပြေးဆွဲလေ့ မရှိကြောင်း၊ အလောင်းသည်လည်း နယ်မြေခံ မဟုတ်ပဲ ရန်ကုန် ဘက်မှ လာပစ်သွားဖွယ်ရှိကြောင်း ဒေသခံများက ထင်မြင်ယူဆနေသည်။

လှော်ကားဥယျာဉ်ဒေသဝန်းကျင်သည် လူပြတ်ပြီး ယခင်က ဒုစရိုတ်သမားများ ကျက်စားခဲ့ကြသည့်နေရာ ဖြစ်ကာ လူသတ်မှုများ ရှိခဲ့ဘူးသည်ဟု ဆိုသည်။

၂ဝဝ၃-၂ဝဝ၄ ခု ဝန်းကျင်တွင် ထောက်ကြန့်၊ မှော်ဘီ၊ လှည်းကူး၊ ပဲခူး မြို့များသို့ ရန်ကုန်တက္ကစီ အငှားယာဉ်များဖြင့် သွားကြပြီး ယာဉ်မောင်းသူများအား သတ်ဖြတ်လုယက်မှုများ ဖြစ်ပွားခဲ့ဖူးသဖြင့် ယနေ့ အချိန်တွင် အငှားယာဉ်များ ညဘက်သွားလာခြင်း မရှိတော့ကြောင်း သိရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

ပစ်ခတ်၍ ဒဏ်ရာရသူ ရဲ ၂ ဦး ရန်ကုန်ပို့

စိုင်းဇွမ်ဆိုင်း
ဘိန်းရာဇာအဖွဲ့က ခြုံခိုတိုက်ခိုက်ခံ၍ ဒဏ်ရာရရှိသော ရဲ ၂ ဦးကို ယနေ့နေ့လည်တွင် တာချီလိတ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်သည်။

ယခုလ ၂ဝ ရက်နေ့တွင် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံဆုံရာ ရွှေတြိဂံဒေသ၌ လှည့်လည်လှုပ်ရှားနေသော နော်ခမ်း၏ ဘိန်းအဖွဲ့က ပုံမှန်ကင်းလှည့်မှု ပြုလုပ်နေသော တာချီလိတ်ခရိုင် ဝမ်ပုံမြို့နယ်ရဲစခန်းမှ ရဲများနှင့် မူးယစ် အထူးတပ်ဖွဲ့မှ ရဲများကို တိုက်ခိုက်ရာ ၁၄ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးပြီး ၂ ဦး ဒဏ်ရာရ လွတ်မြောက်လာခဲ့သည်။

သေနတ်ကျည်ဆံ ကိုယ်ထဲတွင် ရှိနေသော ဒုရဲအပ်စိန်လှိုင်နှင့် လက်နှင့်ခြေထောက်တွင် ဒဏ်ရာရထားသော တပ်သားကီးမူတို့ကို မြန်မာ့လေကြောင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ရသည်။

ဒုရဲအုပ်စိန်လှိုင်၏ ပြောကြားချက်ကို ကိုးကားပြီး တာချီလိတ်ရဲစခန်းနှင့် နီးစပ်သူတဦး၏ ပြောပြချက်အရ ရဲအုပ်ခင်မောင်ရင် ဦးဆောင်သော ၁၆ ဦးပါ ကင်းလှည့်အဖွဲ့သည် မဲခေါင်မြစ်ကြောင်းအတွင်း လှေ ၃ စီးဖြင့် သွားနေစဉ် မြန်မာနိုင်ငံဘက်ခြမ်းနှင့် ဆက်စပ်လျက်ရှိသော လာအိုနိုင်ငံပိုင်နက် ပူကျင်းကျွန်းအရောက် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦးက ကျွန်းထဲကို ဝင်ရောက်ပြေးသွားသည်ကိုမြင်၍ လိုက်လံစစ်ဆေးရန် လှေ ၂ စီးကို ကမ်းကပ်လိုက်သည်။

ကမ်းစပ်အရောက် ဘိန်းအဖွဲ့က ၄ဝ မမ လောင်ချာဖြင့် ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ သေဆုံး၊ ဒဏ်ရာရကုန်သည်။

လူ ၅ ဦးပါ နောက်ဆုံးလှေတစီး၏ စက်လှေမောင်းသမားမှာ လောင်ချာပစ်ခတ်ချိန်တွင် ရေထဲကျသွားသည်။ ကျန်ရဲများက ပြန်လှန်ပစ်ခတ်ရင်း မောင်းပြေးစဉ် ကျောက်ဆောင်နှင့်တိုက်မိပြီး မှောက်သွားခဲ့သည်။ တိုက်ပွဲအပြီး လာအိုစစ်သားများက ဒုရဲအုပ်စိန်လှိုင်နှင့် ကီးမူကို ရေထဲမှ ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ ပူကျင်းကျွန်းသည် မဲခေါင်မြစ်ရိုးမှ ဝမ်ပုံမြို့နှင့် ရေမိုင် ကီလိုမီတာ ၂ဝ ခန့်ဝေးပြီး၊ ပါဆာနှင့် ဆမ်ပူးရွာအရှေ့ဘက်ရှိ လောနိုင်ငံ ပိုင်နက်ဖြစ်သည်။

ရဲအုပ်ခင်မောင်ရင်၏ အလောင်းကို ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၅ဝ ခန့်တွင် ထိုင်းနိုင်ငံအတွင်းမှ လှေဆိပ်တခုတွင် ဆယ်ယူရရှိခဲ့ပြီး တာချီလိတ် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်ဟု ရဲသတင်းရပ်ကွက် အဆိုအရ သိရသည်။

“ရဲဘက်က ဒီနေ့ ၃ နာရီ သင်္ဂြိုဟ်မှာက ၆ လောင်း၊ ပျောက်နေတာက ၃ လောင်း၊ ဝမ်ပုံမှာ ရှိတာက ၅ လောင်း၊ အကုန်လုံးက ၁၆ ယောက် သွားတာလေ။ ပြည်သူ့စစ် ၂ ယောက် ပါတယ်။ နောက် စက်လှေမောင်းသမား ၃ ယောက်ပါတယ်” ဟု တာချီလိတ်ရဲစခန်း အသိုင်းအဝိုင်းက ပြောသည်။

ပျောက်ဆုံးနေသူများမှာ ဒု-ရဲအုပ်သန့်ဇင်၊ မူးယစ်တပ်ကြပ် ဇင်မင်းမောင်နှင့် ဒေသခံ စက်လှေမောင်းသူ တဦးတို့ ဖြစ်သည်ဟုလည်း သိရသည်။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် တာချီလိတ်သို့ ရဲချုပ်ခင်ရီ ရောက်ရှိလာသည်။

TV ထုတ်လွှင့်ခွင့် ရွှေသံလွင် ရရှိ

အောင်သက်ဝိုင်း
နိုင်ငံတကာသို့ ထိုးဖောက်မည့် ရုပ်မြင်သံကြားလိုင်း တခုကို ၂၄ နာရီ ထုတ်လွှင့်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီမှာ ရွှေသံလွင် ကုမ္ပဏီ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

ပြန်ကြားရေးနှင့် ရွှေသံလွင် ပူးပေါင်း ထုတ်လွှင့်မည့် ရုပ်သံလိုင်းကို Myannmar International ဟု အမည်ပေးထားပြီး မတ်လ ၂၇ ရက်နေ့ (တော်လှန်ရေးနေ့) တွင် စတင် ထုတ်လွှင့်မည် ဖြစ်သည်။

တလကျော်ကြာ အကြိုစမ်းသပ် ထုတ်လွှင့်မှုကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ စတင်ပြီး နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြန်မာ့ ရုပ်မြင်သံကြားတွင် နေ့စဉ် ကြည့်ရှုနိုင်မည်ဟု ဆိုသည်။

“CCTV, BBC, Aljazera တို့လို သတင်းရုပ်သံလိုင်း ပုံစံမျိုးဖြစ်အောင် သွားမယ်လို့ ၀န်ကြီးက လမ်းညွှန်ထားတယ်” ဟု နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန ၀န်ထမ်းတဦးက ပြောသည်။

Myannmar International တွင် “နိုင်ငံတကာ အဆင့်မီ ပြည်ပမှ သတင်း တင်ဆက်သူများက အစီရင်ခံ တင်ပြသွားကြမည်” ဟု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ထိုရုပ်သံ လိုင်းသစ်သည် ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်လွှင့်နေသည့် MRTV-3 ကို အမည် ပြောင်းလဲ ထားခြင်း ဖြစ်သည်။ သို့သော်လည်း အသွင် သဏ္ဌာန်သစ်ဖြင့် နိုင်ငံတကာ အဆင့်မီ ထုတ်လွှင့်မည်ဟု ဆိုသည်။

ရုပ်သံဌာန များကဲ့သို့ စီးပွားရေး ကြော်ငြာ များကိုလည်း လက်ခံမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ထမ်းတချို့က ပြောသည်။

မြန်မာပြည်တွင် မြန်မာ့ ရုပ်မြင်သံကြား၊ မြ၀တီ ရုပ်မြင်သံကြား စသည့် အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံလိုင်း ၂ ခု ရှိသည်။

ပထမဆုံးသော ပုဂ္ဂလိကနှင့် ပူးတွဲ လုပ်ကိုင်သည့် ရုပ်သံလိုင်းမှာ Forever ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သည့် MRTV 4 ဖြစ်သည်။

ယခု Myannmar International ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ရသည့် ရွှေသံလွင် ကုမ္ပဏီသည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရွှေ FM ရေဒီယို ကိုလည်း ထုတ်လွှင့်လျက် ရှိသည်။

ရွှေသံလွင်သည် ပို့ကုန် သွင်းကုန် လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ခွင့် ရထားသည့် ကုမ္ပဏီတခု ဖြစ်သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းသည် DKBA ကရင် လက်နက်ကိုင် အဖွဲ့နှင့် စီးပွားရေး လုပ်ငန်းတချို့ ပူးပေါင်း လုပ်ကိုင်လျက် ရှိသည်ဟု သိရသည်။

မြန်မာရေတပ် ဦးစီးချုပ် အိန္ဒိယသို့ရောက်

ရန်ပိုင်
မြန်မာ ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အိန္ဒိယနိုင်ငံသို့ စနေနေ့က ရောက်ရှိ လာကြောင်း အိန္ဒိယ နိုင်ငံထုတ် Hindustan Times သတင်းစာတွင် ဖော်ပြထားသည်။

ယခု ခရီးစဉ်တွင် မြန်မာ့ရေတပ် ဦးစီးချုပ်သည် အိန္ဒိယ ကာကွယ်ရေး ၀န်ကြီုး မစ္စတာ အေကေ အန်တိုနီ၊ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီပက် ကပူးလ်၊ ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နီရ်မယ်ဗာမာနှင့် လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပီကေ ဘာဘိုရာ တို့နှင့် ယနေ့ တွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် အိန္ဒိယနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၅ရက်နေ့အထိ နေထိုင်မည်ဟု အဆိုပါ သတင်းစာတွင် ရေးသား ထားသည်။


အိန္ဒိယနိုင်ငံအနေဖြင့် ဒေသတွင်းတွင် တရုတ်နိုင်ငံရေတပ် လှုပ်ရှားမှု တိုးမြှင့်လာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်နေသည်ဟုလည်း အဆိုပါသတင်း စာတွင် ဖော်ပြထားသည်။

ယခုလအတွင်းကလည်း အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နီကိုဘာကျွန်းအနီး မြန်မာ၊ သြစတြေးလျ၊ ဘင်္ဂလားဒေရှ့်၊ ဘရူနိုင်း၊ အင်ဒိုနီး ရှား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့်၁၃နိုင်ငံ Milan 2010 စစ်ရေးလေ့ ကျင့်မှုကို အိန္ဒိယနိုင်ငံက ဦးဆောင်ကျင်းပခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း အိန္ဒိယတပ်မတော် စစ်ဦးစီးများကော်မတီဥက္ကဋ္ဌနှင့် ကြည်းတပ်ဦးစီးချုပ်တို့ နေပြည်တော်သို့ လာရောက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးတို့နှင့် တွေ့ဆုံခဲ့သည်။


ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံသည် ၁၉၈၈ခုနှစ် စစ်အစိုးရအာဏာသိမ်းခဲ့စဉ်က မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံခဲ့သော်လည်း ၁၉၉၀ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှ ဒေသတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကြောင့် အရှေ့မျှော် ပေါ်လစီကို ချမှတ်၍ စစ်အစိုးရနှင့် အနီးကပ်ဆက်ဆံခဲ့သည်။

စီးပွားရေးတွင်လည်း အိန္ဒိယနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်္ကာပူနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၌ စတုထ္တမြောက် ရင်းနှီးမြှပ်နှံ သည့်နိုင် ငံဖြစ်သည်။

Monday, February 22, 2010

နေတိုး လေကြောင်း တိုက်ခိုက်မှုကြောင့် အာဖဂန် အရပ်သား ၂၇ ဦး သေဆုံး


အာဖဂန်နစ္စတန် တောင်ပိုင်းမှာ နေတိုးအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ အစောပိုင်းက အာဖဂန်နစ္စတန် အာဏာပိုင်တွေက ပြောပေမဲ့ အခု ၂၇ ယောက်ပဲ သေဆုံးခဲ့တယ်လို့ ထပ်မံ ကြေညာလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းနဲ့မှ အကြောင်းပြချက် ပေးလို့ရနိုင်မှာ မဟုတ်ဘူးဆိုပြီး အာဖဂန် ၀န်ကြီးများကောင်စီက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

နေတိုးအဖွဲ့ရဲ့ တုံ့ပြန်ချက်ကတော့ သူတို့ဟာ အူရူဇ်ဂန်ပြည်နယ် (Uruzgan) မှာ ရှိတဲ့ သူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ရင်းနဲ့ အခုလို အပြစ်မဲ့ အရပ်သားတွေကို မတော်တဆ ထိမှန်သွားခဲ့တာလို့ ဆိုပါတယ်။ အရပ်သား ဘယ်နှစ်ယောက်ကို ထိမှန်သွားသလဲ ဆိုတာကိုတော့ နေတိုးအဖွဲ့က မပြောပါဘူး။

အာဖဂန်နစ္စတန်မှာ တပ်စွဲထားတဲ့ နိုင်ငံတကာ တပ်ဖွဲ့ကို ဦးဆောင်နေတဲ့ အမေရိကန် တပ်မှူးကြီး စတန်လေ မက်ခရိုင်စ်တယ်လ် (Stanely McChrystal) ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၀မ်းနည်းကြောင်း ပြောဆိုခဲ့ပြီး အရပ်သားတွေ အခုလို သေဆုံးခဲ့တဲ့အတွက် နေတိုးတပ်ဖွဲ့ရဲ့ ရပ်တည်မှုအပေါ် အာဖဂန်နစ္စတန် ပြည်သူတွေ အယုံအကြည် နည်းလာစေနိုင်တယ် ဆိုတာကိုတော့ အသိအမှတ်ပြု ပြောဆိုသွားပါတယ်။

အူရူဇ်ဂန်ပြည်နယ်ဟာ ဟယ်လ်မန်းဒ်ပြည်နယ် (Helmand) ရဲ့ အရှေ့မြောက်ဘက်မှာ ရှိပြီး နေတိုးနဲ့ အာဖဂန်နစ္စတန် တပ်ဖွဲ့တွေက တာလီဘန် သူပုန်တွေကို အကြီးအကျယ် ထိုးစစ်ဆင် ဖြိုခွင်းနေတဲ့နေရာလည်း ဖြစ်ပါတယ်။

ထိုင်းလုပ်ငန်းအချို့ မြန်မာအလုပ်သမားများအပေါ် မှီခိုနေရ


ရဲရင့်
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် နိုင်ငံသားစိစစ်မှု လျှောက်ထားခြင်းမရှိသည့် မြန်မာအလုပ်သမားများကို ယခုလကုန်လျှင် နေရပ်ရင်းသို့ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီး နိုင်ဖိုင်းထူး ကယောက်ထောင်း၏ ပြောကြားချက်သည် ဖြစ်နိုင်ခြေမရှိဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။

ထိုင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် နေရပ်ပြန်ပို့လျှင် ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်သည်ဟု အဆိုပါအဖွဲ့များက ပြောသည်။

“ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုက လုပ်အားခဈေးပေါတဲ့ မြန်မာအလုပ်သမားတွေအပေါ်မှာ အားထားနေရတာဖြစ်တယ်။ ယာယီနိုင်ငံကူးလက်မှတ်အတွက် မြန်မာဘက်ပြန်ပြီး နိုင်ငံသားစိစစ်မှုမလုပ်တဲ့ သူတွေအားလုံးကို ဖမ်းပြီးပြန်ပို့မယ်ဆိုရင် ထိုင်းတနိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်တယ်” ဟု ပြောသည်။

အဆိုပါလုပ်ငန်းစဉ်သည် ဖြစ်နိုင်ခြေမရှိကြောင်း၊ အကျိုးဆက်အဖြစ် အစိုးရနှင့်လုပ်ငန်းရှင်များကြားတွင် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်နိုင်ပြီး တာ့ခ်ခရိုင်အပါအ၀င် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များက စုပေါင်း၍ ထိုင်းအစိုးရထံ အရေးဆိုမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော် ရှိပြီး တရားမ၀င်နေထိုင်၍ အလုပ်လုပ်ကိုင်နေသူ အရေအတွက်မှာ (၂) သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များက ပြောသည်။

ယခင်လ (၁၉) ရက်နေ့ ထိုင်းအစိုးရ၀န်ကြီးအဖွဲ့၏ အစည်းအဝေးတွင် နိုင်ငံသားစိစစ်မှုကာလကို (၂) နှစ်အထိ တိုးမြင့်စေကာမူ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားများသည် ယခုလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်မှုပုံစံကို ဖြည့်စွက်လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါ စည်းဝေးဆုံးဖြတ်ချက်အရ တိုးမြှင့်ပေးလိုက်သည့် သက်ညှာခွင့်ကာလ (၂) နှစ်သက်တမ်းသည် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး ထိုရက်မတိုင်မီ ကာလအတွင်း နိုင်ငံသားဖြစ်ကြောင်း စိစစ်နေစဉ် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။

ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ရှိသည့်အနက် ယခုလ (၁၁) ရက်နေ့အထိ မြန်မာဘက်မှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူသူ (၃၁,၀၆၇) ခန့်ရှိပြီဖြစ်သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသူများအနက် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပေးရန် ထိုင်းဘက်မှ မြန်မာအလုပ်သမား (၁၁၆,၇၁၃) ဦး၏ စာရင်းပေးပို့ထားရာ (၄၁,၁၆၅) ဦးကိုသာ နိုင်ငံသားအဖြစ် စိစစ်ပေးနိုင်ခဲ့သည်ဟု မြန်မာဘက်က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံသားစိစစ်မှု လျှောက်ထားခွင့် သတ်မှတ်ချိန်ကာလမှာ ရက်ပိုင်းသာကျန်ရှိသောကြောင့် ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများအနက် (၉) သိန်းကျော်မှာ ပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့သည် ထိုင်းအလုပ်သမားဝန်ကြီး၏ အဆိုအရ ဖမ်းဆီးခြင်းခံရနိုင်သည်ဟု ပြောသည်။

သတ်မှတ်ကာလကျော်လျှင် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူးလက်မှတ်မလုပ်ဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် အလုပ်ခန့်သည့် အလုပ်ရှင်များ၊ နေထိုင်ခွင့်ပေးထားသူများကိုလည်း ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တခုထဲတွင် မြန်မာအလုပ်သမား (၄) သိန်းခန့်ရှိသည့်အနက် နိုင်ငံသားစိစစ်မှု လျှောက်ထားသူ အရေအတွက်မှာ ထောင်ဂဏန်းပင်မရှိဟု မဲဆောက်အခြေစိုက် မြန်မာအလုပ်သမား အကျိုးဆောင်လုပ်ငန်းတခု၏ ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ မြန်မာအလုပ်သမား (၄) သိန်းကို ဒေသခံအာဏာပိုင်များက ယခုလကုန်လျှင် ဖမ်းဆီးပြန်ပို့ပါက တာ့ခ်ခရိုင်၏ အဓိကလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သိုးမွေးအထည်ချုပ်လုပ်ငန်များ၊ ဆောက်လုပ်ရေးနှင့် ကျပန်းလုပ်ငန်း အများစုမှာ ရပ်ဆိုင်းသွားမည်ဟုလည်း ပြောသည်။

ရွှေပြည်သာတွင် A (H1N1) သံသယ လူနာများ ထပ်တိုး

ဝက်တုပ်ကွေး A (H1N1) ဖြစ်ပွားခဲ့သည့် ရွှေပြည်သာစက်မှုဇုန် ATP Land အထည်ချုပ်စက်ရုံတွင် ယခု သံသယရှိ တုပ်ကွေး ကူးစက်ခံရသူ အလုပ်သမား (၉၀) ကျော် ရှိသွားပြီဖြစ်သည်။

ယခုလ (၁၆၊ ၁၇) ရက်နေ့တို့က ၀က်တုပ်ကွေး ဖြစ်ပွားသည့် လူနာ (၇) ဦး တွေ့ရှိရပြီးနောက် စက်ရုံ၏ အလုပ်သမား (၃၀၀) တွင် (၁၈) ရက်နေ့၌ သံသယလူနာ (၅၉) ဦး၊ (၁၉) ရက်တွင် သံသယလူနာ (၉၀) ဦးကျော်ကို ၀က်တုပ်ကွေး ကူးစက်ခံ သံသယလူနာများအဖြစ် တွေ့ရှိရခြင်းဖြစ်သည်။

ယင်း သံသယ လူနာ (၉၀) ကျော်ကို ရောဂါတဆင့် ပြန့်ပွားမှုမဖြစ်အောင် နေအိမ်ပြင်မထွက်စေဘဲ ကျန်းမာရေးဝန်ထမ်းများက စောင့်ရှောက်ကုသပေးနေကြောင်း သိရသည်။

“ပိုးတွေ့ အတည်ပြု လူနာများနဲ့ ဆက်စပ်နေအိမ်တွေက မိသားစုဝင်တွေကို သီးခြားစီ ခွဲခြားထားရှိပါတယ်။ ဒီသံသယ လူနာတွေကို Quarantine (ရောဂါ မပြန့်ပွားရန် ထိန်းချုပ်ထား) ပြုလုပ်ပြီး ရောဂါပြန့်ပွားမှုကို စောင့်ကြည့်နေပါတယ်” ဟု
ရန်ကုန်တိုင်း ကျန်းမာရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။

ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁) ကနောင်မင်းသားကြီးလမ်းရှိ APT LAND စက်ရုံဝင်းအတွင်း ယာယီဆေးခန်း ဖွင့်လှစ်ထားရှိကာ အလုပ်သမားများကို ရောဂါကူးစက်မှု ရှိမရှိ စောင့်ကြပ်ကုသပေးနေကြောင်းလည်း သိရသည်။

လစာဝင်ငွေနည်း အခြေခံလူတန်းစား အထည်ချုပ် အလုပ်သမားအများစုမှာ အာဟာရဓာတ် မပြည့်ဝခြင်း၊ တကိုယ်ရေ သန့်ရှင်းရေး အားနည်းခြင်း၊ အလုပ်အကိုင်နေရာ သန့်ရှင်းရေး အားနည်းခြင်း၊ လူအစုလိုက် အပြုံလိုက် နီးကပ်စွာ အလုပ်လုပ်ကိုင်နေရခြင်းကြောင့် ကူးစက်မှု ပိုမိုလာနိုင်ကြောင်း ရန်ကုန်မှ မြို့နယ်ဆရာဝန်တဦးက ပြောသည်။

ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ယခုလအတွင်း A (H1N1) ခေါ် ၀က်တုပ်ကွေး ဖြစ်ပွားမှုများ ဆက်တိုက်ဆိုသကဲ့သို့ ဖြစ်ပေါ်နေသည်။

ယခုလ ဖေဖော်ဝါရီ (၄) ရက်နေ့မှစပြီး ချင်းပြည်နယ် ဖလမ်းမြို့ကျေးရွာတခုတွင် ၀က်တုပ်ကွေး လူနာ (၄) ဦး၊ ရန်ကုန်တိုင်း မြောက်ဒဂုံတွင် ကျောင်းသားငယ် (၁၄) ဦး၊ ရွှေပြည်သာတွင် (၇) ဦး၊ ရှမ်းပြည်နယ် ကျောက်မဲတွင် (၅) ဦး ရောဂါ ဖြစ်ပွားကြောင်း စစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်သည်။

နေပြည်တော်သို့ ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်လာသော ချင်းလူငယ်များတွင် ၀က်တုပ်ကွေး ဖြစ်ပွားမှုများ ရှိနေပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ၀က်တုပ်ကွေး သံသယ လူနာ (၁၀၀) နီးပါးရှိနေပြီ ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

လိုင်စင်မဲ့ကား ဆက်လက်ဝင်ရောက်မူရှိနေ

ခိုင်လင်း
လိုင်စင်မဲ့ကားများကို ဖမ်းဆီးနှိမ်နင်းမှု ရှိနေသည့်ကြားမှ တရုတ်-မြန်မာနယ်စပ် မူဆယ်မှတဆင့် လိုင်စင်မဲ့ကား သယ်ယူမှုများ ဆက်လက်ရှိနေပြီး ရှမ်းပြည်မြောက်ပိုင်း ပြည်နယ်ရဲတပ်ဖွဲ့မှ အဓိက ပြုလုပ်ပေးနေသည်ဟု သိရသည်။

ယခုလ (၆) ရက်မှစ၍ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်မြို့တို့တွင် လိုင်စင်မဲ့ကားများကို စတင်ဖမ်းဆီးခဲ့သော်လည်း လားရှိုးအခြေစိုက် ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုစရိုက်နှိမ်နင်းရေး (ဒန) ဒု-ရဲအုပ်တဦးက ဦးဆောင်ကာ လိုင်စင်မဲ့ကားများကို မူဆယ်မှလားရှိုးအထိ အခကြေးငွေယူကာ သယ်ပေးနေသည်ဟု ကားပွဲစားတဦးက ပြောသည်။

၎င်းက “ဒန ဒု-ရဲအုပ်က အဓိကသယ်ပေးတာ။ မူဆယ်ကနေ လားရှိုးအထိ တစီး (၁၅) သိန်း သယ်ခပေးရတယ်။ အခုချိန်မှာ ဘယ်သူမှ ဝစ်သောက်ကား မစီးရဲဘူး၊ သူပဲ ကားထည်လဲစီးနေတာ၊ တာဝန်ကျတာက လားရှိုးမှာ။ မူဆယ်မှာရှိတဲ့ မူးယစ်အမှုနဲ့ သိမ်းထားတဲ့အိမ်တွေမှာ နေပြီး ကယ်ရီလုပ်နေတာ။ ကားသယ်ချင်တယ်ဆိုရင် သူ့ကို သွားပြော၊ လမ်းမှာ အဖမ်းအဆီး လုံးဝမရှိစေရဘူး။ စိတ်ချရတယ်” ဟု ပြောသည်။

ယခုလအတွင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်မြို့တို့မှ လိုင်စင်မဲ့ကား အစီး (၂ဝ)ကျော် ဖမ်းဆီးထားပြီး ဆက်လက် ဖမ်းဆီးရန်ရှိကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။

တရုတ်ပြည်သို့ မြန်မာပြည်ဘက်မှ လာရောက်ဝယ်ယူမှုများ ရှိတတ်သည့် ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးကာလမျိုးတွင်ပင် ကားဈေးကွက်အေးနေသည်ဟု ကားပွဲစားတဦးက ပြောသည်။

၎င်းက “တရုတ်တွေက နှစ်သစ်ကူးမရောက်ခင် သူတို့ကားဟောင်းတွေ ပြန်ထုတ်ကြတယ်။ နှစ်သစ်မှာ ကားသစ်ပြန်စီးမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီအချိန်စောင့်ပြီး လာဝယ်ကြတဲ့သူတွေ ဒီနှစ်တော့ သိပ်မရှိတော့ဘူး။ ဖမ်းတာ၊ ဆီးတာလည်း ရှိတယ်။ တဖက်က တော်တော်များများ စီးပွားရေး ကျတာလည်း ပါတယ်” ဟု ပြောသည်။

ကွန်တိန်နာဖြင့် သယ်လာသည့် ဂျပန်လုပ် တပတ်ရစ်ဇိမ်ခံကားများကို မူဆယ်မှတဆင့် မြန်မာပြည်အတွင်းသို့ သယ်ယူနေကြပြီး ပြည်တွင်းရှိ ကားလေလံပွဲများတွင် လေလံအောင်ထားသည့် ကားများဖြင့် အစားထိုးနိုင်ရန် တင်သွင်းနေခြင်းလည်းဖြစ်သည်။

အစိုးရသတင်းပေးများအတွက် ဝေါ်ကီတော်ကီများ ထုတ်ပေး

တက်လူ
ရန်ကုန်ရှိ စည်ပင်ဧရိယာ မြို့နယ်များရှိ ဈေးအသီးသီးမှ ဈေးသည်အချို့ကို ဝေါ်ကီတော်ကီ ခေါ် စကားပြော ဆက်သွယ်ရေးစက်များ ချထားပေးကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ သိရသည်။

“လောလောဆယ် ကုန်စိမ်းရောင်းတဲ့သူတွေကို ချပေးထားတယ်။ ဥပမာ ကြက်သားရောင်းတဲ့သူတွေ၊ ဟင်းသီးဟင်းရွက် ရောင်းတဲ့သူတွေပေါ့။ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် သတင်းပေးဖို့ပါပဲ။ သူတို့အနေနဲ့ အစိုးရဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးခွင့်မရှိပါဘူး၊ သတင်းပေးရုံပါပဲ။ သူတို့ကို လခပေးထားတာဖြစ်တယ်။ အနည်းဆုံး တနေ့ကို (၂,၀၀၀) ကျပ်နဲ့ တွက်ပေးတာဖြစ်တယ်” ဟု တယက၏ ခိုင်လုံသောသတင်းရပ်ကွက်မှ ပြောသည်။

ရန်ကုန်မြို့လယ်ရှိ (၃၈) လမ်းဈေးဟု အများသိသော ဈေးတွင် ကြက်သားရောင်းချသူတဦး၏ ဆိုင်တွင် ရောင်းချနေသော ကြက်အကောင်များ၏ အောက်တွင် ပလတ်စတစ်အကြည်ရောင် အပါးစားဖြင့် အုပ်ထားသော စကားပြောစက်ကို တွေ့ခဲ့ရကြောင်း ယင်းဈေးတွင် အမြဲတမ်းဈေးဝယ်နေကျ အိမ်ရှင်မတဦးက ပြောသည်။

၎င်းက “တွေ့နေတာပါပဲ၊ ကျမတို့လည်း အရမ်းကြီး ဂရုမစိုက်ပါဘူး။ သူတို့လည်း ကျမအထင်တော့ စားဝတ်နေရေးကြောင့် လုပ်တာဖြစ်မှာပါ။ ကိုယ့်အလုပ်အပြင် တလကို ကျပ် (၅) သောင်း (၆) သောင်းလောက် ရတာတော့ ဒီခေတ်မှာ လုပ်မယ့်သူ ချည်းပဲလေ” ဟု ပြောသည်။

တယကတာဝန်ရှိသူ၏ ပြောပြချက်အရ စကားပြောစက် အလုံးရေ (၂၀၀) ကျော်ကို မြို့နယ်အလိုက်ရှိသော ဈေးများတွင် ချထားပေးကြောင်း သိရသည်။

မြန်မာနိုင်ငံအနှံ့တွင်လည်း စစ်အစိုးရက သတင်းပေးသင်တန်း ဖွင့်လှစ်ရန်အတွက် လူငယ်များအား စိစစ်ရှာဖွေနေကြောင်း၊ ယင်းသင်တန်းကို “စွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးသင်တန်း” ဟု ညွှန်ကြားချက်ဖြင့် (၁၀) တန်းအောင်ပြီးသော လူငယ်များကို ဦးစားပေးရွေးချယ်နေသည်။

အစ္စလာမ် ဘာသာဝင်များကို ယာယီမှတ်ပုံတင် ထုတ်ပေး

ငြိမ်းချမ်း
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေ ဆန္ဒခံယူပွဲ မတိုင်ခင်ကတည်းကရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တချို့၌ အသက် ၁၈ နှစ်ကျော် အစ္စလာမ် ဘာသာဝင်များကို လဝက က တအိမ်တက် တအိမ်ဆင်း ယာယီနိုင်ငံသား မှတ်ပုံတင်ကဒ်များ ပြုလုပ်ပေးနေကြောင်း သိရသည်။

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ဝန်ထမ်းများက ယခုလ ဒုတိယပတ်မှ စတင်၍ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ကာ ထိုသို့ အားချင်းပြုလုပ်ပေးနေခြင်း ဖြစ်သည်။

“မြို့နယ်အတွင်းမှာ သူ့အုပ်စုနဲ့သူ အဖွဲ့တွေခွဲပြီးတော့ အိမ်တိုင်းစေ့ သွားပါတယ်။ ပုံစံ ၁ဝ စစ်ဆေးတယ်။ လိုတိုးပိုလျှော့ လုပ်တယ်။ ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မရသေးတဲ့ လူတွေကို မှတ်ပုံတင် လုပ်ပေးတယ်” ဟု ရသေ့တောင်မြို့မှ လဝက ဝန်ထမ်းတဦးက ပြောသည်။

မောင်တောမြို့နယ် တောင်ပြိုမြို့နေ မူဟာမက် မာဟာဘူး (MD, Mahabue) က “ကျနော့်မှတ်ပုံတင် အသစ်ကို ဒီလ ၁၉ ရက်နေ့ကမှ ရထားတာပါ။ မှတ်ပုံတင်ထဲမှာ ရေထားတာက ခေါင်းစဉ်မှာ ယာယီမှတ်ပုံတင်ကဒ်ပြား၊ လူမျိုးနေရာမှာကျတော့ ဘင်္ဂါလီ၊ ကိုးကွယ်သည့်ဘာသာနေရာမှာ အစ္စလာမ် အဲဒီလို ဖြည့်တယ်” ဟု ပြောသည်။

ယာယီ မှတ်ပုံတင်ကဒ်ပြားသည် အဖြူရောင် ဖြစ်သည်။ မှတ်ပုံတင်လုပ်လျှင် ကျပ် ၃ဝဝဝ မှ ၄ဝဝဝ ခန့်အထိ ကုန်ကျပြီး တပတ်ခန့်အတွင်း အပြီးလုပ်ပေးနေပြီး၊ ယာယီနိုင်ငံသားကဒ် ဖြစ်သော်လည်း မည်သည့် အချိန်တွင် ဖျက်သိမ်းမည်ကို မသိရှိဘဲ ဖြစ်နေကြသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲ ကျင်းပစဉ်ကလည်း ယခုကဲ့သို့ ယာယီ မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ယခုမှတ်ပုံတင်ဖြင့် မြို့နယ်ကျော်၍ သွားလာခွင့်မရှိကြောင်း မောင်တောမြို့မှ အမည်မဖော်လိုသူ ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီ - ရယက အဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။

ယာယီမှတ်ပုံတင် ပြုလုပ်ပေးနေသော မြို့နယ်များတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင် ရာခိုင်နှုန်းမှာ မောင်တောတွင် ၉ဝ % ၊ ဘူးသီးတောင်တွင် ၇ဝ % နှင့် ရသေ့တောင်တွင် ၂၅ % အထိ ရှိနေကြောင်း မောင်တောမြို့ UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်) မှ ဝန်ထမ်းတဦးက ပြောသည်။

မြန်မာ ၄ ဦး ထိုင်းနယ်စပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

ဝါးရှီးဖော
သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာ ၄ ဦးကို ထိုင်း - မြန်မာ နယ်စပ် ရနောင်းမြို့ ကမ်းခြေ တနေရာတွင် စနေနေ့က တွေ့ရှိခဲ့သည်။

သေဆုံးသူ အားလုံးသည် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြပြီး အသက် ၃၀ နှင့် ၄၀ ၀န်းကျင် အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။

အလောင်းများကို ရနောင်းမြို့ပေါ်ရှိ ဆေးရုံ တရုံတွင် ထားရှိပြီး သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်း တွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။

ရန်ကုန် အကျိုးပြု လုပ်ငန်းများအတွက် ကြံ့ဖွံ့က သန်း ၁၂၀၀ သုံးမည်ရန်ကုန်မြို့တော်ဝန် ပြော


အောင်သက်ဝိုင်း
၂၀၁၀ ပြည့်နှစ် အတွင်း ရန်ကုန် မြို့တွင်းရှိ လမ်းများခင်းခြင်း အပါအ၀င် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) အနေနှင့် ကျပ်ငွေ ၁၂ ဘီလီယံ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။

“ပြည်သူများထံမှကောက်ခံထားသော ငွေကြေးကို စည်ပင်ကစိုက်ထုတ်၍ ကြံ့ဖွံ့က နာမည်ခံထားတဲ့ လမ်းခင်းတာတို့၊ ရေသွယ်တာတို့၊ တခြား သာရေး၊ နာရေး၊ ကျန်းမာရေး အခမဲ့ ၀န်ဆောင်ပေးတဲ့ လုပ်ငန်းတွေမှာ ငွေကြေးတောင်းခံရင် သူ့ဆီတိုက်ရိုက် တိုင်လို့ ရတယ်ဆိုပြီး ဗိုလ်မှုးချုပ် အောင်သိန်းလင်း က ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

အခြေခံပညာ အဆင့်မြင့်တန်း (ဆယ်တန်း) စာမေးပွဲများနီးကပ်ချိန်တွင်လည်း ကြံ့ဖွံ့အသင်းက အနီးကပ် ကျုရှင်များ ဖွင့်လှစ်ပြီး
အခမဲ့ ပညာသင်ကြား ပေးသည်ဟု မြို့တော်စည်ပင် သတင်း ရပ်ကွက်မှ သိရသည်။

အကြီးဆုံး ရဲရွာ စီမံကိန်း လျှပ်စစ် စတင်ထုတ်


ရန်ပိုင်
မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း ဖြစ်သည့် ရဲရွာ ရေအားလျှပ်စစ် စက်ရုံအား ပြီးခဲ့သည့် ကြာသပတေးနေ့က စတင် လည်ပတ်နေပြီ ဖြစ်ကြောင်း အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန က ပြောသည်။

လျှပ်စစ် ဓာတ်အား အပြည့်အ၀ ထုတ်လုပ် နိုင်ရန် ရေပမာဏ အနည်းငယ် လိုအပ်နေသေး သော်လည်း နိုင်ငံတွင်း စွမ်းအင် လိုအပ်ချက်များ ဖြည့်ဆည်းရန် အတွက် မီဂါဝပ် ၂၀၀ ရှိသည့် တာဗိုင် စက်တလုံးအား စတင် လည်ပတ်နေပြီး မဟာ ဓာတ်အား လိုင်းပေါ်သို့ ပို့လွှတ် ပေးနေပြီ ဖြစ်သည်ဟု နေပြည်တော်ရှိ ရေအား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဦးက ပြောသည်။

“အခု လောလော ဆယ်တော့ ရန်ကုန် စက်မှုဇုန်နဲ့ မန္တလေး စက်မှုဇုန် တွေကို အဓိက ထားပြီး အမှတ် ၂ လျှပ်စစ် စွမ်းအား ကနေ ဖြန့်ဖြူး နေတယ်”ဟု ၎င်းကဆိုသည်။

ရဲရွာလျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် တာဗိုင်စက် ၄လုံးတပ်ဆင်ထားကြောင်း၊ သို့သော်လည်း သိုလှောင်ထားသည့် ရေပမာဏ မပြည့်မီသည့် အတွက် စက်၁လုံးကိုသာ လည်ပတ်နိုင်ကြောင်း၊ အာဏာပိုင်များကလည်း ရန်ကုန် နှင့် မန္တလေးမြို့ကြီးများ ကို ၂၄ နာရီ မီးရရှိစေရန် ဆောင်ရွက်နေကြောင်း ဦးခင်မောင်ဦးကပြောသည်။

မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို၂၀၀၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီမှ ပုံစံရေးဆွဲခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆွစ်ဇာလန်နိုင်ငံ Colen co Power Engineering ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်အားလုံးကို နေ့စဉ် နံနက် ၈နာရီမှ ညနေ ၅နာရီအထိ မီးပေးရန် သတ်မှတ်ထားသော်လည်း ဇုန်အလိုက် အလှည့်ဖြင့်သာ ပေးနိုင်သေးကြောင်း၊ စက်မှုဇုန်များအပါအ၀င် ရန်ကုန်တမြို့လုံးအတွက်ဆိုပါက နေ့စဉ် မီဂါဝပ် ၅၀၀ ခန့်လိုအပ် နေပြီး လောလောဆယ်တွင် မီဂါဝပ် ၃၅၀ခန့်သာ ပေးနိုင်သေးကြောင်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဦးက ရှင်းပြသည်။

ရန်ကုန်မြို့ကို ရေရှည်မီးပေးရန် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ အတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်နေသည့် အပြင် မှော်ဘီမြို့နယ်ရှိ ၀ါးတရာကျေးရွာတွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံတရုံကို တည်ဆောက်ရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများကို ကင်းတား၊ ကျိုင်းတောင်း၊ ကွန်း၊ ခပေါင်း၊ ချီဗွေငယ်၊ စိုင်တင်၊ ဆည်တော်ကြီး၊တနင်္သာရီ၊ တာပိန် (၁) (၂)၊ တီကျစ်၊ နန်ချို၊ ပသိ၊ ပိုဇိုလန်၊ ဘီလူးချောင်း (၁) (၂) (၃)၊ မုန်း၊ ရဲနွယ်၊သဖန်းဆိပ်၊ သူဌေး၊ အထက် ကျိုင်းတောင်း၊ အထက်ဘီလူးချောင်း၊ အထက်ရဲရွာ၊ အထက်ပေါင်းလောင်း၊ ဇောင်းတူ၊ ဇော်ဂျီ (၁) (၂)၊ ပေါင်းလောင်း၊ ရွှေကျင်၊ ရွှေလီ တို့တွင် တည်ဆောက်နေသည်။

ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချမည့် စီမံကိန်းအရ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းရေအားလျှပ် စစ်စီမံကိန်း နှင့် ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်း များကိုလည်း ဆက်လက်တည်ဆောက်မည်ဟု သိရသည်။

စစ်အစိုးရ အာဏာပိုင်များက လျှပ်စစ်စွမ်းအင်ကဏ္ဍသည် နိုင်ငံ၏ စက်မှုနိုင်ငံထူထောင်ရေးတွင် အရေးပါကြောင်းပြောဆို သော်လည်း၊ နိုင်ငံမှ ထွက်ရှိသည့် စွမ်းအင်များကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချနေလျှက်ရှိသည်။

စစ်အစိုးရလက်ထက်တွင် နေပြည်တော်၊ ရတနာပုံ ဆိုင်ဘာစီးတီးနှင့် မြို့သစ်များဖော်ထုတ်ခြင်း၊ သာဂရမြို့တွင် အစိုးရပိုင် စက်မှု ဇုန်များ တည်ဆောက်ခြင်း၊ မြင်းခြံမြို့၊ အောင်လံမြို့၊ပေါက်ခေါင်းမြို့များတွင် သံမဏိစက်ရုံကြီးများ တည်ဆောက်ခြင်း၊ သကြား စက်ရုံများ တည်ဆောက်ထားသည်။

ရွှေတြိဂံ ဒေသတွင် ပစ်ခတ်မှုဖြစ်ပွား ရဲ ၁၅ ဦးသေဆုံး

သန်းထိုက်ဦး
ရွှေတြိဂံဒေသ မဲခေါင်မြစ် အတွင်း မူးယစ်ရာဇာ နော်ခမ်းအဖွဲ့နှင့် မြန်မာ ရဲတပ်ဖွဲ့ဝင်များ စနေနေ့က အပြန်အလှန် ပစ်ခတ်မှုကြောင့် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအ၀င် တပ်သား ၁၅ ဦး သေဆုံး သွားကြောင်း တာချီလိတ် မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“မဲခေါင်မြစ် လှည့်ကင်းမှာ လှေသုံးစီးနဲ့ သွားကြတာ၊ အပြန်မှာ သူတို့ စောင့်ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ စက်သေနတ်နဲ့ ပစ်တယ်၊ ရေထဲ ပြုတ်ကျ ကုန်တယ်”ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့ မြောက်ဘက်၌ အခင်းဖြစ်ပွားစဉ် စခန်းမှူး ဦးခင်မောင်ရင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် အင်အား ၁၇ ဦးခန့်ရှိပြီး သေနတ် ဒဏ်ရာများဖြင့် ရေထဲ ကျသွားသော ရဲတပ်ဖွဲ့ဝင် အလောင်းတချို့ကို ဆယ်ယူနိုင်ခဲ့ သော်လည်း နှစ်ဦး ပျောက်ဆုံး နေသေးကြောင်း၊ သေဆုံးသူများ၏ အလောင်းများကို ယနေ့ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ အာဏာပိုင်များက မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ် ဆေးဝါး မှောင်ခို ကုန်ကူးနေသူ ဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။

မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြပြီး တာချီလိတ် မြို့ဘက်မှ ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင် ရောင်းချမှု များလည်း ရှိကြောင်း သတင်း ဖော်ပြချက်များအရ သိရှိရသည်။

ကလေးစစ်သား စုဆောင်းသူ ၄၄ ဦး အရေးယူခံရ ဟု စစ်အရာရှိ တဦးပြော

လွင်ကို
အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်း အသုံးချခဲ့မှုဖြင့် အရာရှိများ အပါအ၀င် တပ်မတော်သား ၄၄ ဦးကို အရေးယူ ထားကြောင်း စစ်အရာရှိ တဦးကို ကိုးကားပြီး ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း အရေးယူခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေး သူငယ် အခွင့် အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ကျော်မြင့်က ပြောသည်ဟု ဆိုသည်။ မည်သို့ အရေးယူသည်ကို ဖော်ပြထားခြင်း မရှိပေ။

အာဏာပိုင်တို့က မြန်မာ့တပ်မတော်ရှိ အသက်မပြည့်သေးသူ အများအပြားကိုလည်း မိသားစုထံ ပြန်လည် အပ်နှံလိုက်သည်ဟု ဆိုသည်။

“၂၀၀၈ ခုနှစ်အတွင်း အသက် ငယ်ရွယ်သူ ၈၃ ဦးကို မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်မြင့်က ပြောကြောင်း Weekly Eleven တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဥပဒေအရ တပ်မတော်တွင် တာဝန် ထမ်းဆောင်မည့် သူသည် အနည်းဆုံး အသက် ၁၈ နှစ် ရှိရမည် ဖြစ်သည်။

တပ်မတော်တွင် စစ်သားအဖြစ် နည်းမျိုးစုံ သိမ်းသွင်းခံ ထားရသော ကလေး အများအပြား ရှိနေကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် စစ်သက် ၄ နှစ် ရှိပြီဖြစ်သည့် စစ်သားငယ် တဦးက ပြောသည်။

“ကျနော်တို့ တပ်ထဲမှာ အသက် မပြည့်တာ အများကြီးပဲ၊ ကျနော့်ကိုပဲ ကြည့်ပါ၊ အသက် ၁၆ ကတည်းက စစ်ထဲ ရောက်နေတာ” ဟု ၎င်းက ဆိုသည်။

ရွှေတြိဂံဒေသ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေဆုံး


မူးယစ်ဆေးဝါး သယ်ယူရာမှာ ဖြတ်သန်းတဲ့ နေရာတခုဖြစ်တဲ့ ရွှေတြိဂံဒေသမှာ ယမန်နေ့ နေ့လယ်ပိုင်းက ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်တချို့က ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ အခုချိန်ထိတော့ အလောင်း ၆ လောင်းကို ရှာဖွေတွေ့ထားပြီ ဖြစ်ပါတယ်။

ရွှေတြိဂံဒေသ ၀မ်ပုံမြို့နယ်ခွဲက ရဲအုပ် ခင်မောင်ရင် ဦးဆောင်တဲ့ အင်အား ၁၆ ယောက်ပါ ကင်းလှည့်အဖွဲ့ကို မဲခေါင်မြစ်ကြောင်း ပါဆာနဲ့ တပ်ပူးရွာ အကြားမှာ အမည်မသိ လက်ကိုင်အဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ တာချီလိတ်မြို့ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့် ဝေးတဲ့နေရာမှ ဖြစ်ပါတယ်။ အခုချိန်ထိ ရဲအုပ် ခင်မောင်ရင် အပါအ၀င် အလောင်း ၆ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ဒု-ရဲအုပ် စိုးလှိုင်နဲ့ တပ်သား ကြီးမူကတော့ ဒဏ်ရာအပြင်းအထန်နဲ့ တာချီလိတ်ဆေးရုံမှာ ကုသခံနေရပါတယ်။

ဆယ်ယူရရှိထားတဲ့ အလောင်းတွေကို တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုန်းကြီးကျောင်းမှာ ရွှေ့ပြောင်းထားပြီးပြီလို့ အမည်မဖော်လိုတဲ့ တာချီလိတ်က ရဲအရာရှိတယောက်က ပြောပါတယ်။ တာချီလိတ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ မူယစ်ဆေးဝါးကိစ္စကြောင့် တိမ်းရှောင်နေသူ နော်ခမ်း ဦးဆောင်တဲ့ လားဟူ ပြည်သူ့စစ်အဖွဲ့က ခြုံခိုတိုက်ခိုက်တာဆိုပြီး မြန်မာရဲတပ်ဖွဲ့က ယုံကြည်နေတယ်လို့ ဆိုပါတယ်။

စက်လှေ ၃ စီးနဲ့ ကင်းလှည့်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စက်လှေမောင်းတဲ့ ဒေသခံတွေလည်း ပါတယ်လို့ သိရပါတယ်။


ပျောက်ဆုံးနေသူတွေကိုတော့ မြန်မာအာဏာပိုင်တွေ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကြောင်းဟာ မူးယစ်ဆေးဝါး သယ်ပို့ရာ အဓိက လမ်းကြောင်းတခုလို့ လူသိများပါတယ်။ ဒီနေရာမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက မကြာခဏ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

Sunday, February 21, 2010

Aနေပြည်တော်သို့ သွားခဲ့သည့် ချင်းလူငယ်များ (H1N1) ကြောင့် အိမ်မပြန်ရ

ဖနိဒါ
၆၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရာ နေပြည်တော်သို့ သွားခဲ့သည့် ချင်းလူငယ်များအနက် အချို့တွင် A (H1N1) တုပ်ကွေးပိုး တွေ့ရှိသဖြင့် နေအိမ်သို့ ပြန်ခွင့်မရသေးဘဲ ဆေးကုသခံယူနေကြောင်း သိရသည်။

အခမ်းအနားတွင် ချင်းပြည်နယ် ကိုယ်စားပြု ရိုးရာအကများ တင်ဆက်ပြသရန် ယခုလ ၄-၅ ရက်နေ့ကတည်းက လူငယ် ၅ဝ ခန့် သွားရောက်ခဲ့ပြီး၊ အချို့တွင် ကမ္ဘာ့လူတုပ်ကွေး ခေါ် A (H1N1) ပိုးတွေ့ရသဖြင့် ရောဂါ မပြန့်ပွားစေရန် နေအိမ်သို့ မပြန်စေဘဲ ဆေးကုပေးနေခြင်း ဖြစ်သည်။

“ပြည်ထောင်စုနေ့ လာတဲ့ လူတွေထဲက A (H1N1) ရောဂါရှိလို့ ကျမတို့အားလုံး မပြန်နိုင်တာတဲ့။ ကာကွယ်ဆေး စားခိုင်းတယ်တဲ့။ နေ့တိုင်း မနက်၊ ညနေ အဖျားတိုင်းတယ်လို့ ပြောတယ်” ဟု နေပြည်တော်တွင် ရှိနေသည့် သမီး၏ ပြောဆိုချက်ကို ချင်းမိခင်တဦးက ပြန်ပြောပြသည်။

ချင်းတိုင်းရင်းသားအက ပြသမည့် ချင်းပြည်နယ် ဖလမ်းနှင့် ဟားခါးမှ လူငယ် ၅ဝ ခန့် သွားရောက်ခဲ့ကြောင်းနှင့် ယခုလ ၂၅ ရက်ခန့်တွင် နေရပ်ရင်း ပြန်ရဖွယ်ရှိကြောင်း သူက ခန့်မှန်းသည်။

ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက်တဦးကလည်း “နေပြည်တော် ဆေးရုံမှာ တက်နေတာ သေချာတယ်။ ရှမ်းနဲ့ ချင်း များတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ (အစိုးရ) က တုပ်ကွေးရောဂါလို့ အတည်မပြုဘူး” ဟု ပြောသည်။

နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းကြည့်ရာ မြန်မာ့ရုပ်ရှင်သံကြားတွင် A (H1N1) ရောဂါပိုး တွေ့ရှိသည့် နောက်ဆုံး အခြေအနေများကို နေ့စဉ် ထုတ်လွှင့်ပေးနေကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ မြန်မာ့အသံနဲ့ သတင်းစာတွေမှာ update ဖော်ပြပေးထားပေးပါတယ်ခင်ဗျ။ အဲဒီသတင်းစာတွေမှာ ဖော်ပြထားတဲ့အတိုင်း ဘယ်ဆေးရုံမှာ ရောက်နေတယ်ဆိုတာ ရေးထားပြီးသားပါ” ဟု သူက ပြောသော်လည်း၊ အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။

တိုင်း/ပြည်နယ် ကိုယ်စားပြု လူငယ်များသည် ယခုလ ပထမပတ်ကတည်းက နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး၊ အမှတ် (၇) တည်းခိုရေးစခန်းတွင် တည်းခိုခဲ့ကြောင်း ယခုလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

သမ္မတ တန်ဂျာ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပစ်ခဲ့တာကို နီဂျာစစ်အာဏာသိမ်းမှု အတိုက်အခံတွေ ထောက်ခံ


နီဂျာနိုင်ငံမှာ သမ္မတ မာမာဒူ တန်ဂျာ (Mamadou Tandja) ကို ဖြုတ်ချပြီးတော့ စစ်အာဏာသိမ်းခဲ့တာကို ထောက်ခံတဲ့အနေနဲ့ အတိုက်အခံပါတီက လူထုစုဝေးပွဲတခု ကျင်းပခဲ့ကြပါတယ်။ နီအာမေ (Niamey) မြို့တော်မှာ လူပေါင်း တသောင်းလောက် စုဝေးခဲ့ပြီးတော့ စစ်တပ်ရဲ့ ဆောင်ရွက်ချက်ကို ကျေးဇူးတင်ပါကြောင်း ပြသပြီး စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးဖို့ တိုက်တွန်းပါတယ်။

စစ်အစိုးရအနေနဲ့ ဒီမိုကရေစီစနစ် ပြန်တည်ဆောက်ဖို့ ကူညီဖို့အသင့်ပါလို့ အတိုက်အခံ CFDR ပါတီဝင်တွေက ပြောပါတယ်။ စစ်အစိုးရ အဖွဲ့ဝင်တဦးကလည်း စုဝေးခဲ့ကြတဲ့လူထုကို ကျေးဇူးတင်စကား ပြောပြီး နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ကြာသပတေးနေ့က အာဏာသိမ်းခဲ့ရတာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ရွေးကောက်ပွဲအကြောင်းကိုတော့ ဘာမှမပြောသွားပါဘူး။

နီဂျာနိုင်ငံကို စံပြဒီမိုကရေစီ ဖြစ်စေရမယ်လို့ စစ်အစိုးရက ကတိပြုပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ မသတ်မှတ်ပေးသေးသလို သူတို့ ဘယ်လောက်ကြာကြာ အာဏာကို ချုပ်ကိုင်ထားမလဲဆိုတာလည်း မပြောပါဘူး။ အာဏာသက်တမ်းရှည်စေဖို့ မနှစ်ကပဲ သမ္မတ တန်ဂျာ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပစ်ခဲ့တာကို အတိုက်အခံတွေက အပြင်းအထန် ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားများ နယ်နှင်မည်


လက်ရှိ ရန်ကုန်မြို့တွင် အသုံးပြုနေသော မော်ဒယ်နိမ့် စလွန်းကား တချို့(ဓာတ်ပုံ - Pat Brown)

မိုးယံ
ရန်ကုန်မြို့တွင်းရှိ မော်ဒယ် နိမ့်ကားများကို ယခုနှစ်အတွင်း နယ်မြို့များသို့ပို့ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)မှ အကြီးတန်း အရာရှိတဦးကပြောကြားသည်။

“မော်ဒယ်နိမ့်ကားတွေကို နယ်နှင်ဖို့အစီအစဉ်ရှိတယ်၊ ဒီနှစ်ထဲမှာတော့ အပြီးလုပ်ဖို့ရှိထားတယ်၊ အတိ အကျ တော့ မပြောနိုင်သေးဘူး”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်းတွင် ကက၊ ခခ ယာဉ် နံပါတ်များကိုသာထားရှိပြီး အခြားမော်ဒယ်နိမ့် ဗ၊ လ၊ ဏ စသော နံပါတ် များကို နယ်မြို့များသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကညန အကြီးတန်းအရာရှိက ပြောဆိုသည်။

အဆိုပါ မော်ဒယ်နိမ့်ယာဉ်အများစုသည် ရန်ကုန်မြို့တွင်း ခရီးသည်တင်ပြေးဆွဲနေသော ယာဉ်များဖြစ်သော ကြောင့် နယ်နှင်လျှင် ယာဉ်ပိုင်ရှင်များ အခက်အခဲများစွာဖြစ်နိုင်ကြောင်း မော်ဒယ်နိမ့်ယာဉ်ပိုင်ရှင် တဦးက ဆို သည်။

“ဒီမော်ဒယ်နိမ့် ကားကိုတောင် ကျနော်တို့တွေက ကျပ် သိန်းရာချီပေးဝယ်ထားရတာ၊ အခုပြန်ရောင်းရင် သိန်း၅၀ လောက်ပဲပြန်ရမယ်ဆိုတော့ မရောင်းနိုင်ဘဲလုပ်စားနေရတာ၊ ဒီကားရောင်းပြီးလည်း နောက်မော်ဒယ်မြင့်ကား ပြန်မ၀ယ်နိုင်ဘူး၊ နယ်နှင်ရင် ဘာသွားလုပ်စားမလဲဗျာ”ဟု ၎င်းကပြောသည်။

ယခုနှစ်အတွင်း ပြည်တွင်းသို့ခေတ်မီဇိမ်ခံကားများ လွတ်လပ်စွာတင်သွင်းခွင့်ပြုမည်ဆိုသော ကြောင့် ရန်ကုန်မြို့ တွင်းရှိ မော်ဒယ်မြင့်နှင့် မော်ဒယ်နိမ့် ကားဈေးကွက်အတွင်း ကားဈေးများသိသိသာသာကျဆင်းပြီး သိန်း ရာချီ အရှုံးပေါ်နေကြောင်း ဟံသာဝတီ ကားဝယ်ရောင်းဈေးကွက်မှ ကားပွဲစားတဦးက ဆိုသည်။

နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုခြင်းများနှင့်အတူ ပို့ကုန်သွင်းကုန် လိုင်စင်ရှိသူများ ကို စက်သုံးဆီနှင့် ခေတ်မီဇိမ်ခံကားများတင်သွင်းခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ ကားများတင်သွင်းခွင့်နှင့် မော်ဒယ်နိမ့် ကားများနယ်နှင်မည့် သတင်းများကြောင့် ရန်ကုန်မြို့ရှိ ကားဈေးကွက်တွင် ကားဈေးနှုန်းများကျဆင်းကာ အရောင်း အ၀ယ်ရပ်ဆိုင်းနေကြောင်း ၎င်းက ပြောသည်။

“ဈေးတွေက တအားထိုးကျလာတာ၊ မော်ဒယ်နိမ့်တွေ နယ်နှင်မယ်ဆိုတော့ ကားပိုင်ရှင် အချို့ကတော့ အရှုံးခံပြီး ရောင်းတာတောင် ၀ယ်မယ့်လူမရှိဘူး၊ မော်ဒယ်နိမ့်ကားတွေ နယ်နှင်ပြီး ဦးပိုင်တို့ ထူးတို့ကကားတွေနေရာဝင် ယူ လာမှာပေါ့”ဟု ၎င်းကဆိုသည်။

စီးပွားရေးဦးပိုင်လီမိတက်မှ ၂၀၀၆ ခုနှစ်အတွင်းမှစတင်ပြီး တောင်ကိုရီယားနိုင်ငံ၊ ဂျပန်နိုင်ငံများမှ မော်ဒယ်မြင့် ကားများတင်သွားလာပြီး ရန်ကုန်မြို့တွင်းတွင် ပါရမီTaxi အဖြစ်ပြေးဆွဲကာ လက်ရှိတွင် ပါရမီTaxiအစီးရေ ၇၀၀ နီးပါးရှိကြာင်း၊ ၂၀၁၀ပြည့်နှစ် အတွင်း ထူးကုမ္ပဏီအနေဖြင့်လည်း ရန်ကုန်မြို့တွင်း ခရီးသည်တင်ပြေးဆွဲရန် ကား များတင်သွင်း ပြေးဆွဲနေကြောင်း သိရသည်။

ရန်ကုန်မြို့၏ မြို့တော်အင်္ဂါရပ်နှင့် မညီမှုကြောင့်မော်ဒယ်နိမ့်ကားများကို နယ်နှင်ရခြင်းဖြစ်ပြီး ၂၀၀၉ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယကမ္ဘာစစ်လက်ကျန် စစ်ကျန်ဘတ်စ်ယာဉ်လိုင်း ၁၁လိုင်းမှ ယာဉ်အစီးရေ ၂၀၀ကျော်ကို ရန်ကုန်မြို့ပြင်ပသို့ ပို့ဆောင်ခဲ့ပြီး ၂၀၁၀ ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ယာဉ်လိုင်း ၈လိုင်းမှ ဒိုင်နာကားများ ကို ရန်ကုန်မြို့ပြင်ပသို့ထပ်မံပို့ဆောင်ခဲ့ကြောင်း ကညန မှ စုံစမ်း သိရှိရသည်။

“ကားတင်သွင်းခွင့်တွေ အကောင်အထည်ဖော်တာနဲ့ မော်ဒယ်နိမ့်ကားတွေ နယ်ပို့ခံရမှာပဲ၊ ဦးပိုင်နဲ့ ထူးတို့က အခုကတည်းက ကားတင်သွင်းနေပြီဆိုတော့ သူတို့အကြိုက်ပေါ့၊ အထူး အဲယားကွန်းလိုင်းကားတွေကိုတောင် တရုတ်ကနေတင်သွင်းနေတာ ဒီကို အစီး ၃၀၀ ကျော်ရောက်နေပြီ”ဟု ခရီးသည်တင်ယာဉ်လိုင်းပိုင်ရှင် တဦးက ပြောသည်။

ရန်ကုန်မြို့တွင်းတွင် ခရီးသည်တင်ပြေးဆွဲနေသော Taxi အစီး ၈၀၀၀ ကျော်ထဲ၌ ကက နှင့် ခခ ယာဉ်အစီး ၂၀၀၀ ကျော်သာရှိပြီး ကျန်အစီး ၆၀၀၀ ကျော်တွင် မော်ဒယ်နိမ့်ကားများစွာ ပါဝင်နေကြောင်း ကညန က ပြော သည်။

Saturday, February 20, 2010

ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ကင်တားနား သဘောထားအမြင်


မြန်မာနိုင်ငံခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့သလို မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ မစ္စတာကင်တားနား ပြန်ထွက်လာရပြီးတဲ့နောက် အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။

ငါးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကနေ ပြန်အလာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လေဆိပ် မှာ မစ္စတာကင်တားနားက မြန်မာစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားအမြင်ကို ပြောဆိုခဲ့တာပါ။

“မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာမယ့် အရိပ်အယောင်မျိုးမတွေ့ရဘူးဆိုတာပါ။ ဒီတော့ သူတို့ကျင်းပမယ့်ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောရပါလိမ့်မယ်။”

မစ္စတာကင်တားနားဟာ ငါးရက်ကြာခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်နဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အကျဉ်းထောင်တွေကို သွားရောက်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အပါအ၀င်နိုင်ငံရေးအကျဉ်းသားတချို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒီအကျဉ်းသားတွေကို မြန်မာစစ်
အစိုးရက လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရဘူးလို့ သူကပြောပါတယ်။

ဒီလိုနိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးဖမ်းဆီးထားမယ့်အတွက် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတခု ဖြစ်နိုင်ခြေအပေါ် သူ့အနေနဲ့ သံသယရှိတယ်ဆိုပြီး မစ္စတာကင်တားနားက ပြောခဲ့တာပါ။

“ယုံကြည်ချက်ကြောင့် အဖမ်းအဆီးခံနေရတဲ့သူတွေ အားလုံးကို စစ်အစိုးရက လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရပါဘူး။ ဒါက ကျနော့်ရဲ့ခရီးစဉ်အတွင်းမှာ တွေ့ရှိချက်ပါ။ ဒီလို လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ
ကို ဆက်ပြီး ဖမ်းဆီးထားမယ်ဆိုရင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာလည်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု မဖြစ်နိုင်ပါဘူး။”

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း NLD ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပြင် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်သွယ်ဖို့တာဝန်ပေးအပ်ခြင်းခံထားရတဲ့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်၊ တရားသူကြီး
ချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ်၊ နောက် ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တွေ့ဆုံခဲ့ပါတယ်။ စစ်အစိုးရကဖွဲ့စည်းထား တဲ့ လူ့အခွင့်အရေးကော်မတီနဲ့လည်း မစ္စတာကင်တားနား တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေကို လူ့အခွင့်အရေး
ကို လေးစားလိုက်နာတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်တဲ့အကြောင်း မစ္စတာကင်တားနားက အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရခဲ့တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်းကိုလည်းမစ္စတာကင်တားနားက ပြောဆိုခဲ့ပါတယ်။

နျူကလီးယားလက်နက် မြောက်ကိုရီးယား စွန့်လွှတ်မည်မဟုတ်

မြောက်ကိုရီးယားအစိုးရက သူတို့ကို စီးပွားရေး အကူအညီတွေ ပေးမယ်လို့ မက်လုံးတွေ ပေးနေပေမဲ့လည်း သူတို့ရဲ့ နျူကလီးယား လက်နက် ထုတ်လုပ်မယ့် အစီအစဉ်ကို စွန့်လွှတ်နိုင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ နျူကလီးယား အစီအစဉ်တွေဟာ သူတပါးကို ခြိမ်းခြောက်ရန်မူဖို့ မဟုတ်ဘဲ မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ အထူးသဖြင့် အမေရိကန်ရဲ့ နျူကလီးယားနဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဒီကနေ့ထုတ် မြောက်ကိုရီးယား အစိုးရ ဗဟိုသတင်းဌာနမှာ ရေးသားထားတဲ့ အာဘော်ဆောင်းပါးတစောင်မှာ တွေ့ရတာပါ။

စီးပွားရေးအကူအညီတွေ ပေးလို့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေကို စွန့်လွှတ်လိုက်မယ်လို့ ထင်လိုက်ရင် မှားသွားလိမ့်မယ်လို့ ဆိုပါတယ်။ နျူကလီးယားကိစ္စကို ဖြေရှင်းဖို့ အဓိကသော့ချက်ကတော့ အမေရိကန်တို့ရဲ့ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ တင်းမာတဲ့မူတွေကို ရပ်တန်းကရပ်ဖို့ပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားကို စီးပွားရေး အကူအညီတွေ ကမ်းလှမ်းပြီးတော့ နျူကလီးယားလက်နက် အစီအစဉ်တွေ စွန့်လွှတ်ဖို့အတွက် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်နဲ့ တောင်ကိုရီးယား အစိုးရတို့က တိုက်တွန်းနေခဲ့ကြတာဖြစ်ပါတယ်။

CDMA 450 ကို ကျပ် ၅ သိန်းဖြင့် ငှားရမ်းမည်

မင်းသက်

ကမ်းရိုးတန်းဖုန်းဟု နာမည်ကြီးသော CDMA 450 မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ်ရေးက ကျပ် ၅ သိန်းဖြင့် တိုင်းနှင့် ပြည်နယ် ၉ ခုတွင် ယခုလမှစတင်၍ ငှားရမ်းသုံးစွဲခွင့် ပြုမည်ဟု သိရသည်။

ပြည်နယ်များနှင့် တိုင်းများ၏ သက်ဆိုင်ရာ မြို့နယ်ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားနိုင်ပြီး ဖုန်းတွင် အသုံးပြုမည့် ကဒ်ကို အီလိုက်တက် ကုမ္ပဏီက ထုတ်ပေးသွားမည်ဟု သိရခြင်း ဖြစ်သည်။

''ဖုန်းကို မြန်မာ့ဆက်သွယ်ရေးမှာ လျှောက်ရတယ်။ ဖုန်းရမ်လို့ အကြောင်းကြားစာ ရတဲ့အခါ ငွေ ၅ သိန်းကို ဘဏ်မှာ သွင်းရတယ်။ အစိုးရက ဖုန်းကို ငှားရမ်းသုံးစွဲတယ်လို့ပဲ ဖုန်းလျှောက်လွှာမှာ ရေးထားပေးတယ်။ ဆက်သွယ်ရေး အသုံးအနှုန်းကိုက ငှားရမ်းတာလို့ပဲ သုံးတာပါ'' ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝါရင့်ဝန်ထမ်းတဦးက ပြောသည်။

ဖုန်းငှားရမ်းသုံးစွဲခွင့်ပြုမည့် တိုင်း/ပြည်နယ်များမှာ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီနှင့် ပဲခူးတိုင်း (အရှေ့)၊ ရှမ်း (တောင်ပိုင်း)၊ ကချင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့ ဖြစ်သည်။

CDMA 450 ဖုန်းများသည် ကြိုတင်ငွေဖြည့်ကဒ်ကို အသုံးပြုရမည့် ဖုန်းအမျိုးအစားဖြစ်ကာ၊ ယင်းကဒ်များ ရောင်းချခွင့်ရသည့် ကုမ္ပဏီမှာ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် အီလိုက်တက် ကုမ္ပဏီက အမျိုးအစား ၄ မျိုး ခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် FEC 20 တန်၊ FEC 50 တန်ကဒ်၊ ကျပ် ၁ သောင်း၊ ကျပ် ၃ သောင်းတန်ကဒ် ဟူ၍ ဖြစ်သည်။

ထို့ပြင် CDMA 450 ၄၅ဝ မဂ္ဂါဟဇ် hand set ဖြင့် သာ အသုံးပြု၍ရကြောင်းနှင့် hand set တခုလျှင် အနည်းဆုံး ကျပ် ၅ သောင်းခန့်မှ တသိန်းကျော်တန်အထိ ရှိကြောင်း သိရသည်။

ပြည်တွင်းခေါ်ဆိုခမှာ တမိနစ်လျှင် ကျပ် ၅ဝ ဖြစ်ပြီး၊ မည်သည့်နိုင်ငံသို့ ခေါ်ဆိုစေ တမိနစ်လျှင် 1 FEC သို့မဟုတ် ဒေါ်လာ (0.90) ဖြစ်ကာ၊ ၎င်းဖုန်းများ၏ နံပါတ်မှာ 09-4 ဖြင့် စတင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတဦးက ပြောသည်။

ကမ်းရိုးတန်းဖုန်းဟု ခေါ်သည့်အတိုင်း ကမ်းရိုးတန်းဒေသများတွင် ဖုန်းလိုင်းဆွဲအား ပိုမိုကောင်းမွန်ကြောင်း ရခိုင်ပြည်နယ် သံတွဲမြို့မှ ဒေသခံတဦးက ဆိုသည်။

''ကျနော် ရန်ကုန်ကို သွားတဲ့အခါ ကျနော့်ကမ်းရိုးတန်းဖုန်း (0986 ..) ကို ယူသွားတတ်ပါတယ်။ ရန်ကုန်မှာလည်း ဖုန်းကို သုံးလို့ရတယ်။ ကျနော်တို့ သံတွဲမှာလိုတော့ သိပ်ပြောလို့ မကောင်းဘူး။ ပြောလို့မရတာတော့ မဟုတ်ဘူး။ ဒါလေးတော့ ကွာတယ်။ သိပ်အဆိုးကြီး မဟုတ်ဘူး'' သူက ပြောသည်။

ရန်ကုန်တွင် GSM တယ်လီဖုန်း တလုံးလျှင် စစ်အစိုးရထံမှ ၁၅ သိန်း ၅ သောင်းနှင့် ငှားရမ်းအသုံးပြုရပြီး လွန်ခဲ့သော ၅ နှစ်ခန့်က ၎င်းဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ၂၅ သိန်းနှင့် သိန်း ၃ဝ ကြား ရှိခဲ့ရာမှ ယခုအခါ ၁၃ သိန်းနှင့် ၁၄ သိန်းကြား အရောင်းအဝယ် ပြုလုပ်နေကြသည်။

''မကြာခင်က တလုံးကို ၅ သိန်းနဲ့ CDMA 800 မဂ္ဂါဟဇ်ဖန်းကို ရန်ကုန်၊ မန္တလေးမှာ ချပေးခဲ့တယ်။ အဲဒီ ဖုန်းက မြို့နယ်တခုထဲ ပြောနိုင်တဲ့ ဖုန်း။ ဂဏန်း ၁ဝ လုံး ပါတယ်။ 01730 ... နံပါတ်တွေ။ ဒီဖုန်းတွေက အခု မြို့နယ် တခုမက ကျော်ပြောနိုင်လို့၊ ဖရီကွန်စီ လိုင်းဆွဲအားကောင်းလို့ လူကြိုက်များလာတယ်၊ လျှောက်သူများတယ်။ မလျှောက်ဘဲ ဝယ်သုံးသူတွေအတွက် အပြင်မှာ အမည်ပေါက် တလုံးကို ၆ သိန်း ၂ သောင်းထိ ဈေးရှိတယ်။ ဒါ့ကြောင့် GSM တွေ ဈေးကျတာပါ။ ဆက်ကျဖို့ အလားအလာ ရှိတယ်'' ဟု ဖုန်းဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

လက်ရှိတွင် မြို့နယ်ဖုန်းများ (ကြိုးဖုန်း ခေါ် လိုင်းဖုန်း) ၊ GSM ၊ CDMA (ခြင်းဖုန်း) ၊ ဆယ်လူလာ ၊ မကြာခင်က အသုံးပြုခွင့်ရသော CDMA 800 မဂ္ဂါဟဇ်နှင့် တခါသုံး FEC ၂ဝ တန် ဖုန်းဒ် အသုံးပြုရသော GSM များ စုစုပေါင်း အလုံးရေ ၂ သိန်းခန့် ရောင်းချပြီးဖြစ်ကြောင်းနှင့် FEC ၅ဝ တန် ကဒ်သုံး ကမ်းရိုးတန်းသုံး CDMA ဖုန်း ရှိကြောင်း ဖုန်းကဒ် အရောင်းကိုယ်စားလှယ် တဦးထံမှ သိရသည်။

''GSM ၊ WCDMA မိုဘိုင်းဖုန်းတွေက အရင်ကထက် သုံးတဲ့သူ ပိုများလာတယ်။ အခု ဆယ်လူလာဖုန်းက အပြင်ပေါက်ဈေး (ကျပ်) ၁ဝ သိန်းလောက်ပဲ ရှိတယ်။ အဲဒီဖုန်းက နံပါတ်ပွားရတာ လွယ်ကူတာရယ်၊ hand set ရှားတာရယ်ကြောင့် လူကြိုက်နည်းတယ်'' ဟု ဖုန်း အသုံးပြုသူတဦးက ပြောသည်။

GSM ဖုန်းများကို တိုင်း/ပြည်နယ်များရှိ မြို့ကြီး ၄၉ မြို့တွင်လည်းကောင်း၊ CDMA ဆက်သွယ်ရေးစနစ်ကို မြို့ပေါင်း ၆၇ မြို့တွင်လည်းကောင်း၊ WCDMA မိုဘိုင်းစနစ်ကို GSM အသုံးပြုနိုင်သော မြို့များနှင့် တိုင်းများတွင် အသုံးပြုနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တခါသုံးဖုန်းကဒ်လိုင်းများ မပါဝင်ဘဲ မိုဘိုင်းဖုန်းများ၊ အော်တိုတယ်လီဖုန်း (လိုင်းဖုန်း၊ ကြိုးဖုန်း) များ၏ ဖုန်းလိုင်းပေါင်းမှာ ၇ သိန်းခွဲနီးပါး ရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲမှာ A (H1N1) ပိုးရှိသူ ၆ ဦး တွေ့ရှိ

ဖနိဒါ
ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲမြို့တွင် ယခုလ ၉ ရက်နေ့မှ စတင်၍ A(H1N1) တုပ်ကွေးပိုး ရှိသူ ၆ ဦးနှင့် ပိုးရှိကြောင်း သံသယရှိသူ ၁၉ ဦး တွေ့ရှိထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြည်နယ် ကျန်းမာရေးဌာနမှ နာမကျန်းဖြစ်နေသော လူနာများကို ဆေးစစ်ခဲ့ရာ လူလတ်ပိုင်း ၆ ဦး၌ ပိုးရှိနေပြီး၊ ပိုးရှိကြောင်း သံသယရှိသူ ၁၉ ဦးကိုလည်း တွေ့ရှိထားခြင်း ဖြစ်သည်။

“ဒီလ ၉ ရက်နေ့က လူတုပ်ကွေး တွေ့ခဲ့တယ်။ ကုသနေပြီ။ သံသယရှိသူ ၁၉ ဦးကို ဆေးရုံကြီးမှာ ကြည့်ရှုစောင့်ရှောက်နေတယ်” ဟု မြို့ခံတဦးက ပြောသည်။

ယခုလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာကမူ ကျောက်မဲမြို့၌ ယခုလ ၉ ရက်နေ့က ပြည်နယ် ကျန်းမာရေး ဦးစီးမှူးအဖွဲ့က စစ်ဆေးခဲ့ရာ တုပ်ကွေးလက္ခဏာရှိသူ ၁၁ ဦးတွေ့ပြီး ၅ ဦးတွင် A (H1N1) ပိုးတွေ့ရှိပြီး ပိုးတွေ့သူများကို ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ကုသနေသည်ဟု ဖော်ပြသည်။

ကျောက်မဲဆေးရုံသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဆေးရုံဝန်ထမ်းတဦးက “ဌာနဆိုင်ရာ” မှ အပ အခြားသူများကို ဖြေဆိုခွင့် မရှိကြောင်း ပြောသည်။

ယခုလ ၃ ရက်ခန့်ကလည်း ကျောက်မဲမြို့ အမှတ် (၁) အထက်တန်းကျောင်း၌ အဆိုပါ A (H1N1) တုပ်ကွေးပိုး တွေ့ရှိသဖြင့် ကျောင်းပိတ်ထားရသည်ဟုလည်း အခြားမြို့ခံတဦးထံမှ သိရသည်။

ကျောက်မဲရှိ ဈေးနှင့် ကားဂိတ်များ၌ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ လမ်းသွားလမ်းလာများကို နှိုးဆော်နေသည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ ၁၃ နှစ်အရွယ် မိန်းကလေး တဦးတွင် A (H1N1) ပိုးစတင်တွေ့ရှိခဲ့သည်။

ယခုလအတွင်း A (H1N1) ပိုးကို ကျောက်မဲမြို့တွင် ၅ ဦး၊ မင်္ဂလာဒုံ ၅ ဦး၊ ဒဂုံမြို့သစ် (မြောက်) (ပိုးရှိသူနှင့် သံသယ ၄၇ ဦး)၊ ဒဂုံမြို့သစ် (အရှေ့) ၂ ဦး၊ ရွှေပြည်သာ ၃ ဦး၊ မှော်ဘီ ၆ ဦးနှင့် ချင်းပြည်နယ် ဖလမ်းမြို့ ၄ ဦး အသီးသီး တွေ့ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။

ရောဂါရှိသူ အများစုကို ရန်ကုန်တိုင်းရှိ ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံတို့တွင် ကုသပေးနေသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

စစ်တွေ အင်တာနက်ဆိုင်များ တင်းကျပ်ထား

ကျော်ခ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိသည့် အင်တာနက်ဆိုင်များကို အာဏာပိုင်များက ယခုနှစ်ဦးပိုင်းမှစ၍ နှောင့်ယှက် တင်းကျပ်မှုများ ပြုလုပ်လာကြောင်း အင်တာနက် ဆိုင်ရှင်များက ပြောသည်။

မြို့ခံအာဏာပိုင်များက အင်တာနက်သုံးစွဲသူနှင့် ၎င်းတို့အသုံးပြုသည့် ဝက်ဘ်ဆိုဒ်၊ အီးမေးဆက်သွယ်မှုနှင့် ချက်တင် chatting များကို မှတ်တမ်းများ ပြုလုပ်ခိုင်းခဲ့သည်ဟု ဆိုကြသည်။

“ဆိုင်စဖွင့်ကတည်းက သူတို့ပေးထားတဲ့ စည်းကမ်းချက်တွေက ၃ မျက်နှာလောက် ရှိတယ်။ အခု သုံးစွဲတဲ့ လူတွေရဲ့ ဘယ်ဆိုဒ်ကိုကြည့်လဲ၊ ဘယ်သူဆီ အီးမေးပို့လဲဆိုတာကို ကျနော်တို့ ဆိုင်ရှင်တွေကို Record အလုပ်ခိုင်းထားတယ်။ ပြီးရင် ရှောင်တခင်အနေနဲ့ ဝင်ဝင်စစ်တယ်” ဟု စစ်တွေမြို့မှ အင်တာနက် ဆိုင်ရှင်တဦးက ပြောသည်။

စစ်တွေမြို့တွင် အင်တာနက်ဆိုင်ပေါင်း ၇ ဆိုင်ရှိပြီး သုံးစွဲသူများမှာ လူလတ်ပိုင်းနှင့် ကျောင်းသူ/ ကျောင်းသား လူငယ်အများစု ဖြစ်ကြောင်း သိရသည်။ သုံးစွဲခမှာ ၁ နာရီလျှင် ကျပ် ၅ဝဝ မှ ၁ဝဝဝ ကျော်အထိရှိသည်။

ယခုလို တင်းကျပ်မှုများ ပြုလုပ်လာခြင်းမှာ ထိုဒေသတွင်း အဖြစ်အပျက်များကို အင်တာနက်ဆိုင်များမှ တဆင့် ပြည်ပအခြေစိုက် အဖွဲ့အစည်းများနှင့် သတင်းဌာနများသို့ ပေါက်ကြားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“တချို့ ကလေးတွေက သူတို့ တားမြစ်ထားတဲ့ ပြည်ပက သတင်းဝက်ဘ်ဆိုဒ်တွေကို သူတို့နည်း သူတို့ဟန်နဲ့ ကျော်ကြည့်တယ်။ နောက် ပြည်ပကို အီးမေးနဲ့ ဆက်သွယ်တာ။ ဓာတ်ပုံပို့တာမျိုးတွေ လုပ်ကြတာတွေ ရှိတယ်” ဟု သူက ဆက်ပြောသည်။

ထိုအင်တာနက်ဆိုင်များတွင် ပြည်ပမှလာသည့် မလိုအပ်သော ဆိုဒ်များကို ဖွင့်မကြည့်ရန်ကိုလည်း ဆိုင်နံရံတွင် ရေးကပ်တားမြစ်ထားသည်။

အခြား အင်တာနက်ဆိုင်ရှင်တဦးကမူ “ကျနော်တို့လည်း ဝက်ဘ်ဆိုဒ်လင့်လောက်နဲ့ ဘယ်သူနဲ့ ဆက်သွယ်တယ်။ ဒါလောက်ပဲ လုပ်ပေးနိုင်မယ်။ အသေးစိတ်သာ အကုန်လုပ်ပေးနေရမယ်ဆိုရင် ဆိုင်ကို ဘယ်သူမှ လာသုံးကြတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခုလ အစောပိုင်း၌ ပဲခူးတိုင်း ပဲခူးမြို့ရှိ အင်တာနက်ဆိုင်ရှင်များကိုလည်း မြို့နယ်ကောင်စီ ဥက္ကဋ္ဌက အစည်းအဝေး ခေါ်ယူကာ လာရောက်အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်း တင်ထားရမည်ဟု တင်းကျပ်မှု ပြုလုပ်ခဲ့သည်။


(ကိုဝိုင်း တည်းဖြတ်သည်။)

၂၀၀၉ ခုနှစ်က စံချိန်တင်အောင် ဆုံးရှုံးခဲ့

မျိုးသိဏ်း
၂၀၀၉ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သည့် တန်ဖိုးသည် ၂၂ နှစ်နီးပါး ကာလအတွင်း ဆုံးရှုံးခဲ့သည့် စုစုပေါင်း တန်ဖိုးပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအထိ တနိုင်ငံလုံး မီးလောင်ကျွမ်းမှုကြောင့် ကျပ်ငွေ ၃၁ ဘီလျံကျော် (၃၁,၂၄၂,၅၇၅,၄၉၂ ကျပ်) ဆုံးရှုံးခဲ့သည့်အနက် ယမန်နှစ် တနှစ်ထဲတွင် ၁ဝ ဘီလျံနီးပါး (၉,၄ဝ၇,၅၅၈,၁၇ဝ ကျပ်) ရှိခဲ့ရာ မီးလောင်သည့် အကြိမ်အနည်းဆုံး ဖြစ်သော်လည်း အများဆုံးကုန်ဆုံးမှု ဖြစ်သည်။

တန်ဖိုးများပြားရခြင်းမှာ မီးလောင်မှုသမိုင်းတွင် စံချိန်တင် လောင်ကျွမ်းမှုဖြစ်သည့် MWDC အရက်ချက်စက်ရုံ မီးလောင်မှုကြောင့်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

"၂ဝဝ၉ ခုနှစ် တနှစ်လုံး မီးလောင်ဆုံးရှုံးမှု ပမာဏရဲ့ ၉၅ ရာခိုင်နှုန်းက MWDC အရက်ချက်စက်ရုံမီးပါပဲ။ ဆုံးရှုံးမှုတန်ဖိုး တရားဝင်ခန့်မှန်းချက်မှာ ကျပ်သန်းပေါင်း ၉ဝ၂၅ လို့ တွက်ချက်ထားပါတယ်။ အဆောက်အဦးနဲ့ ပစ္စည်းတွေ အားလုံးပေါင်း တန်ဖိုးပါ" ဟု သူက ပြောသည်။

ပြည်တွင်းထုတ် Grand Royal ဝီစကီချက်လုပ်ရာ MWDC အရက်ချက်စက်ရုံတွင် ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က လောင်ကျွမ်းခဲ့သော မီးကြောင့် အမေရိကန်ဒေါ်လာ ၇ သန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း အဆိုပါ အရက်ချက်စက်ရုံကို ပိုင်ဆိုင်သည့် IBTC ကုမ္ပဏီက အတည်ပြုခဲ့ပြီး ဖြစ်သည်။

၂၂ နှစ်နီးပါးကာလအတွင်း မြန်မာတနိုင်ငံလုံးတွင် မီးလောင်မှုပေါင်း ၂၃၇၃ဝ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့မှုက ထက်ဝက်ကျော်ဖြစ်ပြီး ၁၂၇၅ဝ ကြိမ် ရှိသည်ဟု မီးသတ်က ယူဆသည်။

ဆုံးရှုံးမှုတန်ဖိုး ဒုတိယအများဆုံးကတော့ ၂ဝဝ၁ ခုနှစ်ဖြစ်ပြီး ကျပ်သန်းပေါင်း (၄၈၃ဝ)၊ ၂ဝဝ၈ ခုနှစ်သည်
ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၃၉၄၅) သန်းဖြင့် တတိယလိုက်သည်။

အခင်းဖြစ်ချိန် ကာလတန်ကြေးကို ခန့်မှန်းတွက်ချက်ခြင်းဖြစ်သော်လည်း မီးသတ်တပ်ဖွဲ့၏ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးများသည် အမှန်တကယ် ဆုံးရှုံးသည့် တန်ဖိုးနှင့် ကွဲပြားမှုများ ရှိနေနိုင်ကြောင်း မီးသတ်ဌာန အရာရှိတဦးက ပြောသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို ဝေဖန်တာမျိုးတွေ ခဏခဏကြုံရပါတယ်။ ရုံးလုပ်ငန်းအနေနဲ့ ခန့်မှန်းရတာဖြစ်လို့ တကယ်ဆုံးရှုံးတဲ့ တန်ဖိုးနဲ့ ကွာနေတာတွေ ရှိပါတယ်။ ဌာနဆိုင်ရာ အဆောက်အဦးတွေနဲ့ အာမခံလုပ်ငန်းနဲ့ ပတ်သက်တဲ့ မီးလောင်မှုမျိုးတွေမှာတော့ ညှိနှိုင်းပေးရတာမျိုး ရှိပါတယ်" ဟု မီးသတ်အရာရှိက ပြောသည်။

သို့သော် ငွေကြေးဖောင်းပွမှု အလွန်အမင်းများပြားသည့် အချက်ကလည်း ထည့်သွင်း စဉ်းစားစရာ ဖြစ်သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု နှုန်းက အချို့နှစ်များတွင် ၅ဝ ရာခိုင်နှုန်းကျော်အထိ ရှိသည်။

၁၉၈၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ၁၁ နှစ်အတွင်း နှစ်စဉ် မီးလောင်မှု အရေအတွက် ထောင်ဂဏန်း အထက်တွင် ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် အကြိမ်အရေအတွက် ၁၃ဝဝ ကျော် ရှိခဲ့သော်လည်း ၁၉၉၉ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အကြား ၁၁ နှစ်တာကာလတွင်မူ နှစ်စဉ် မီးလောင်ကျွမ်းမှု လျော့နည်းလာခဲ့ပြီး ပျမ်းမျှအားဖြင့် အကြိမ် ၈၄ဝ ခန့်သာ ရှိကြောင်း ဗဟိုမီးသတ်ဦးစီးဌာနမှ အရာရှိက ဆိုသည်။

"၉၉ ခုနှစ် နောက်ပိုင်း နှစ်တွေမှာ မီးလောင်မှုအကြိမ် ထောင်ဂဏန်းကျော်တဲ့ နှစ် မရှိတော့ပါဘူး။ အဓိကက မီးလောင်တဲ့နေရာမှာ မီးသတ်ကား ဝင်ထွက်နိုင်တဲ့ အနေအထားမရှိရင် ကျနော်တို့က မီးကိုထိန်းချုပ်ဖို့ အခက်အခဲ ရှိမယ်။ မီးလောင်တာ မြင်နေရက်နဲ့ မီးသတ်ကား ဝင်မရတာကြောင့် မီးကို မထိန်းနိုင်တာမျိုး၊
ဥပမာ- လှိုင်မီးဘေးတုန်းကလိုပေါ့။ အခုနောက်ပိုင်းနှစ်တွေမှာ ဒါမျိုးတွေ တော်တော်လေး လျော့သွားပါတယ်"ဟု သူက ဆိုသည်။

၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းကာလများတွင် မီးလောင်သည့် အကြိမ်အရေအတွက်ကို လျှော့ချနိုင်ခဲ့သော်လည်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အနေအထား လျော့နည်းသွားအောင် ထိန်းချုပ်ရန် ခက်ခဲနေသေးကြောင်း အဆိုပါ မီးသတ်အရာရှိက ပြောဆိုသည်။

"အဲတာက ကျနော် စောစောက ပြောတာနဲ့ ပတ်သက်တယ်။ လူဦးရေ သိပ်သည်းတဲ့ နေရာမှာဖြစ်ရင် ကိုင်တွယ်ရတာ ခက်ခဲတယ်။ တနိုင်ငံလုံးမှာ မီးလောင်မှု အဖြစ်အများဆုံးက ရန်ကုန်မြို့ပါ။ ရန်ကုန်က လူနေ အထူထပ်ဆုံးပဲလေ။ ၁၉၈၈ ခုနှစ်ကတည်းက စာရင်းတွေအရမှာ တနိုင်ငံလုံးရဲ့ ၃၆ ရာခိုင်နှုန်းက ရန်ကုန်တိုင်းမှာ ဖြစ်တာပါ။ ဒုတိယအများဆုံးဖြစ်တဲ့ မန္တလေးက ရန်ကုန်ရဲ့ ထက်ဝက်လောက်ရှိတယ်။ မီးသတ်ကား အရောက်သွားနိုင်တဲ့ နေရာတွေမှာတော့ ကျနော်တို့ မီးသတ်တပ်ဖွဲ့အနေနဲ့ ထိန်းချုပ်နိုင်ခဲ့တာ များပါတယ်" ဟု သူက ပြောသည်။

မီးသတ်ဦးစီးဌာန၏ တရားဝင် စာရင်းဇယားများတွင် ၁၉၈၈ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ မီးလောင်မှုကြောင့် သေဆုံးသူ ၉၅၆ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၁၅၇၅ ဦးရှိ၍ အိမ်ခြေပေါင်း ၁၅၈,၈၂၂ ဆုံးရှုံးကာ လူဦးရေ ၇၃၉,၂၁၈ ဦး မီးဘေးဒုက္ခသည် စာရင်းဝင်ခဲ့သည်။

ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်ရှိ APT အထည်ချုပ် စက်ရုံမှ အလုပ်သမား ၇ ဦးတွင် A (H1N1) တွေ့ရှိ

ခိုင်စု
ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်ရှိ APT အထည်ချုပ် စက်ရုံမှ အလုပ်သမား ၇ ဦးတွင် A (H1N1) တုပ်ကွေးပို့ တွေ့ရှိသဖြင့် ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း မြို့နယ်ကောင်စီနှင့် အင်းစိန်ဆေးရုံ တာဝန်ရှိသူများ အဆိုအရ သိရသည်။

APT အလုပ်သမား ၃ ဦးကို ယခုလ ၁၇ ရက်နေ့နှင့် နောက်ထပ် ၄ ဦးကို ၁၈ ရက်နေ့တွင် A (H1N1) ပိုး ရှိကြောင်း တွေ့ရှိပြီးနောက် ထန်းတပင်နှင့် အင်းစိန် ဆေးရုံသို့ ခေါ်ဆောင်ကာ ကုသပေးနေခြင်း ဖြစ်သည်။

''မနေ့တုန်းက ၄ ယောက် တွေ့တာကို ထန်းတပင် အဆုတ်ဆေးရုံကို ပို့လိုက်တယ်။ အရင်နေ့ကဟာကိုတော့ ကျနော် မသိဘူးဗျ။ အဲဒီနေ့က ကျနော် တာဝန်မှူး မဟုတ်ဘူး'' ဟု ရွှေပြည်သာ မြို့နယ်ကောင်စီရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

အင်းစိန်ဆေးရုံကြီးမှ တာဝန်ရှိတဦးက ယခုလ ၁၇ ရက်နေ့မှ စတင်၍ A (H1N1) ပိုးရှိသူ APT အလုပ်သမား ၃ ဦး လာရောက် ကုသနေကြောင်း ပြောသည်။

ကိုရီးယား နိုင်ငံသားပိုင် APT စက်ရုံမှ အလုပ်သမား ၄၀ ကျော်တွင် တုပ်ကွေးဝေဒနာ ခံစားနေရကြောင်း သိရှိပြီးနောက် မြို့နယ် ကျန်းမာရေးဌာနနှင့် မြို့နယ်ကောင်စီတို့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့ရာ ပိုးရှိသူ ၇ ဦးကို ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသည့် အလုပ်သမား ၃၀၀ ခန့်မှာ လုပ်ခ ဖြတ်တောက်ခံရမည်ကို စိုးရိမ်သဖြင့် ဆက်လက်၍ လုပ်ငန်းခွင် ဝင်နေကြသည်။

“အလုပ်သမားတွေ အလုပ် ဆင်းနေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောနိုင်မယ့်သူ အပြင်သွားနေပါတယ်” ဟု APT ဝန်ထမ်းတဦးက ပြောသည်။

မြို့နယ်ကောင်စီနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက APT သို့ လာရောက်ကာ ကျန်းမာရေး ပညာပေးမှုများ ပြုလုပ်နေကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ယနေ့ထုတ် စစ်အစိုးရ၏ ကြေးမုံ သတင်းစာတွင် လွန်ခဲ့သော ၂ ရက်ခန့်က ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံတရုံမှ A (H1N1) ပိုးတွေ့ရှိသူ လူနာ ၃ ဦးနှင့် မှော်ဘီရှိ ဘာသာရေးကျောင်းတခု၌ ၆ ဦး တွေ့ရှိကြောင်း ဖော်ပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နှင့် ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းတွင် လူနာသစ် ထပ်မံ မတွေ့ရှိသဖြင့် လူနာဟောင်းများကိုသာ ကုသရေးကာလ ပြည့်မီအောင် စောင့်ကြပ်ကုသနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂ ပတ်အတွင်း A (H1N1) ပိုးရှိသူ ၅၁ ဦး တွေ့ရှိခဲ့ကြောင်း ယခုလ ၁၇ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုလအတွင်း ရန်ကုန်တိုင်း မင်္ဂလာဒုံတွင် ၅ ဦး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပိုးရှိသူနှင့် သံသယရှိသူ ၄၇ ဦး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ၂ ဦး၊ ရွှေပြည်သာတွင် ၃ ဦး၊ မှော်ဘီတွင် ၆ ဦး၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ၄ ဦးနှင့် ရှမ်းပြည်နယ် ကျောက်မဲမြို့တွင် ၅ ဦးတွင် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။

မြန်မာ့ရုပ်ရှင်သံကြားတွင် A (H1N1) ပိုး တွေ့ရှိမှုနှင့် ပတ်သက်၍ နေ့စဉ် နောက်ဆုံး အခြေအနေများ ထုတ်လွှင့်ပေးနေကြောင်း နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတဦးက ဆိုသည်။

“ကျနော်တို့ မြန်မာ့အသံနဲ့ သတင်းစာတွေမှာ update ဖော်ပြပေးထားပေးပါတယ်ခင်ဗျ။ အဲဒီသတင်းစာတွေမှာ ဖော်ပြထားတဲ့အတိုင်း ဘယ်ဆေးရုံမှာ ရောက်နေတယ်ဆိုတာ ရေးထားပြီးသားပါ” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ကြောင်း ယခုလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

A (H1N1) ကြောင့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ လူဦးရေ အနည်းဆုံး ၁၅၁၇၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း WHO က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။

Friday, February 19, 2010

ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံများပိတ် ပြည်ပမှ တင်သွင်းမှု ဘိလပ်မြေဈေး မထိန်းနိုင် ဈေး ထောင်တက်နေ၍ ဆောက်လုပ်ရေးလုပ်ငန်းများ အခက်တွေ့

စိုးမိုး
ဘိလပ်မြေ တအိတ်လျှင် ကျပ် (၂,၀၀၀) ခန့်ထိ ဈေးထောင်တက်သွားခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ အခက်တွေ့နေကြောင်း သိရသည်။

ဘိလပ်မြေ တင်သွင်းခွင့်ရ ကုမ္ပဏီ (၅) ခုမှ ယခင်လ ဖြန့်ဈေးသည် ဘိလပ်မြေ တအိတ် (၅,၅၀၀) ကျပ် ရှိနေရာမှ ယနေ့ ပေါက်ဈေး (၇,၃၀၀) ကျပ်မှ (၇,၅၀၀) ကျပ်အထိ ဈေးထိုးတက်သွားသဖြင့် ဆောက်လုပ်ရေး စီမံကိန်းအများစုမှာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်တွေ့နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင် ဘိလပ်မြေ တအိတ်လျှင် ကျပ် (၅,၅၀၀) ခန့်ရှိနေရာမှ ယခုလ ပထမပတ်ထဲတွင် (၇,၀၀၀) ကျပ် ၀န်းကျင်သို့ မြင့်တက်လာပြီး တတိယပတ်ထဲတွင် (၇,၅၀၀) ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။

စစ်အစိုးရက ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး ရွှေမေတ္တာ၊ ဇင်ထက်၊ ၀င်း စသည့် ကုမ္ပဏီများအပါအ၀င် လုပ်ငန်းရှင် (၅) ဦးကိုသာ ဘိလပ်မြေတင်သွင်းခွင့် ပေးထားသည်။

“ရွှေမေတ္တာက ခုဆို ကုန်သည်တွေကို ဖြန့်တာလည်း (၇,၃၀၀)၊ သူ့ဆီက လက်လီကိုလည်း (၇,၃၀၀) နဲ့ ရောင်းနေတယ်။ ဆိုတော့ တဆင့်ခံ ကုန်သည်တွေ ဒုက္ခရောက်ကုန်တယ်။ ထိုင်းက အဓိကသွင်းတာ။ ၀ယ်ရင်းဈေးက ဘိလပ်မြေ တအိတ်ကို (၅) ဒေါ်လာပဲ။ ဒါကို ဒီလောက်ဈေးမြှင့် ရောင်းလိုက်တာ အားလုံး ကွိုင်ကုန်တာ” ဟု အဆိုပါ အရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

စစ်အစိုးရက ပို့ကုန်ဝင်ငွေ ရှိသူအားလုံးကို ကုန်ပစ္စည်း တင်သွင်းခွင့်ပြုမည်ဟု ကြေညာသော်လည်း ဘိလပ်မြေ တင်သွင်းမှုကိုမူ ခွင့်မပြုကြောင်း၊ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစပြီး ယနေ့အထိ ဘိလပ်မြေ တင်သွင်းခွင့်ရ လုပ်ငန်းရှင် (၅) ဦးသာ ရှိကြောင်း သိရသည်။

နိုင်ငံပိုင်ဆောက်လုပ်ရေး လုပ်ငန်းကြီးများ ရရှိသူများအနေဖြင့် ဘိလပ်မြေအပါအ၀င် ဆောက်လုပ်ရေးပစ္စည်းများကို ကိုယ်တိုင် တင်သွင်းခွင့် ရရှိသော်လည်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများအတွက်မူ တဆင့်ခံ ၀ယ်ယူအသုံးပြုနေရခြင်းဖြစ်သည်။

ဘိလပ်မြေ တင်သွင်းခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ဈေးကွက်အတွင်း ဘိလပ်မြေ အ၀ယ်ပေါ်မူတည်ပြီး ဈေးအတက်အကျ ဖြစ်ပေါ်ကြောင်း သိရသည်။

“ဘိလပ်မြေက ပြည်ပပေါက်ဈေးလိုက်ပြီး တက်တာ ကျတာ မဟုတ်ဘူး။ ဈေးကွက်ထဲ ၀ယ်အားများလာရင် တက်တယ်၊ ၀ယ်အားလျော့သွားရင် ကျတယ်။ မနှစ်က ဈေးကိုကြည့်ရင် တအိတ် အမြင့်ဆုံး (၈,၀၀၀) ကျော်ကနေ အနိမ့်ဆုံးက (၃,၀၀၀) ကျပ်ရှိတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက မန္တလေးတိုင်းအတွင်းရှိ ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံများကို ကျောက်ဆည်မြို့ သံရွာသို့ မပြောင်းရွှေ့သည့်အတွက် ပိတ်ပစ်ခဲ့ပြီးသည့်နောက် ပြည်တွင်း ဘိလပ်မြေ ထုတ်လုပ်မှု ကျဆင်းသွားခဲ့ရကာ ပြည်ပမှ တင်သွင်းမှုကိုသာ အဓိက အားထားနေရသည်။

Tuesday, February 16, 2010

နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိ သမိုင်းဝင် အင်းစိန် ဂျီတီအိုင်ကျောင်း ကြံ့ဖွံ့ အပိုင်သိမ်း

စိုးမိုး
နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိ အင်းစိန် ဂျီတီအိုင် (စက်မှုလက်မှု သိပ္ပံ) ကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဖြိုးစေတနာဆေးရုံအဖြစ် အသွင်ပြောင်းတော့မည်ဖြစ်သည်။

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ခံ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက လာမည့်မတ်လတွင် (၂၄) နာရီဖွင့်လှစ်မည့် ဆေးရုံအဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများကို တရားဝင် ပြောကြားသည်။

“ဆေးရုံဖွင့်မယ်လို့ ဂျာနယ်တွေ ရေးတာဖတ်ရလို့ သိတယ်။ ဂျီတီအိုင် (၃) ထပ် အဆောက်အအုံကို ပြင်ဆင်နေပါပြီ” ဟု အင်းစိန်ဒေသခံတဦးက ပြောသည်။

အင်းစိန် ဂျီတီအိုင်ကို ၁၈၉၆ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ရာပြည့်ပွဲ ကျင်းပခဲ့သည်။ ၁၉၉၆ ခုနှစ် တွင် ရန်ကုန်မြို့ရှိ ကျောင်းသားများက စစ်အစိုးရအား ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အင်းစိန် ဂျီတီအိုင်မှ ကျောင်းသားများ ပါဝင်သဖြင့် စစ်အစိုးရက ကျောင်းကိုပိတ်လိုက်ပြီး ကျောင်းသားများအား သန်လျင်ကျောင်းသို့ ရွှေ့ပြောင်းတက်ရောက်စေခဲ့သည်။

“မန္တလေး ဂျီတီအိုင် အဆောက်အအုံကိုလည်း ဗဟိုအမျိုးသမီးဆေးရုံအဖြစ် ပြောင်းပစ်လိုက်တယ်။ အခု အင်းစိန် ဂျီတီအိုင်ကိုလည်း ဆေးရုံအဖြစ်ပြောင်းမယ် ပြောတာပေါ့” ဟု အင်းစိန် ဂျီတီအိုင်ဆင်း ကျောင်းသားဟောင်းတဦးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနပိုင် အင်းစိန် ဂျီတီအိုင် အဆောက်အအုံကို ကြံ့ဖွံ့က မည်သို့ လွှဲပြောင်းယူမည်ကို အသေးစိတ် ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။

အင်းစိန်မြို့နယ် ရွာမရပ်ကွက်၌ ၁၈၉၅ ခုကတည်းက တည်ဆောက်ခဲ့သည့် မြေအကျယ်အ၀န်း (၃) ဧကကျော်ရှိ ဂျီတီအိုင်ခေါ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသည် ကိုလိုနီခေတ် နည်းပညာသင်တန်းကျောင်းနှင့် ပတ်သက်သည့် တခုတည်းသော ရှေးဟောင်းလက်ရာ အဆောက်အအုံဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်း ရန်ကုန်မြို့တော်စည်ပင်က ရုံးဖွင့်ရန် သိမ်းယူခဲ့သည်။

စစ်အစိုးရက အင်းစိန် ဂျီတီအိုင် အဆောက်အအုံများကို နိုင်ငံရေးသမားများအား စစ်ဆေးရာ နေရာအဖြစ် အသုံးချခဲ့ပြီး ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်သူများကို အစုအပြုံလိုက် ထိန်းသိမ်းခဲ့ရာ နေရာလည်း ဖြစ်သည်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအပြီးတွင် လူ့အခွင့်အရေးကိစ္စများ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ပီညဲရိုးအား စစ်အစိုးရက လိုက်လံ ပြသခဲ့ရာနေရာလည်း ဖြစ်သည်။

၁၉၉၈ ခု နောက်ပိုင်းတွင် စက်မှုလက်မှု အတတ်သင်သိပ္ပံ (ဂျီတီအိုင်) ကို စက်မှုလက်မှု အတတ်သင် ကောလိပ် (ဂျီတီစီ) အဖြစ် စစ်အစိုးရက အသွင်ပြောင်းပြီးနောက် ဂျီတီအိုင်ကျောင်းများကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တွင် အင်တာနက်ဆက်သွယ်မှု ဆိုးဝါး


တက်လူ
ယနေ့ ရန်ကုန်တွင် အင်တာနက် ကွန်နက်ရှင် အလွန်ဆိုးဝါးနေသည့်အတွက် သုံးစွဲသူများ အခက်တွေ့နေကြကြောင်း အင်တာနက်ဆိုင် (ဆိုင်ဘာ) များမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်မှ (၅) ရက်ထိ အင်တာနက်ဆာဗာ ပြုပြင်နေသည့်အတွက် ကွန်နက်ရှင်နှေးကွေးခဲ့ကြောင်း၊ ထို့နောက်ပိုင်းတွင်လည်း လိုင်းများကောင်းမွန်ခြင်းမရှိဘဲ ပြတ်တောင်းပြတ်တောင်း ရှိနေရာမှ ယခုတဖန် လုံးဝမရတော့ကြောင်း အင်တာနက်အသုံးပြုသူများက ပြောသည်။

“အရမ်းဆိုးလာတယ်။ တနေ့မှာ တချိန်မှ ကောင်းကောင်းအသုံးပြုလို့ မရဘူး။ အရင်က နှေးတာက သုံးလို့ရသေးတယ်၊ အခုက မနက်ကတည်းကကို မရတော့တာလေ။ သုံးသူတွေကို ပြန်ပြန်လွှတ်ရတယ်၊ အားနာဖို့ ကောင်းတယ်” ဟု အနော်ရထာလမ်းရှိ
အင်တာနက်ဆိုင်က ပြောသည်။

ပြည်တွင်းက ဆာဗာနှင့်တင်ထားသည့် ဒေါ့ကွန်း၊ ဒေါ့အမ်အမ်များ၊ ဥပမာ www.alpha.com.mm ကဲ့သို့ ၀က်ဘ်ဆိုက်များကိုသာ ကြည့်ရှုရကြောင်း ဆိပ်ကမ်းသာလမ်းရှိ အင်တာနက်ဆိုင် မန်နေဂျာက ပြောသည်။

သို့သော် ထိုဆိုက်များကို မည်သူမျှမသုံးကြောင်း၊ ရန်ကုန်အင်တာနက် သုံးသူများက ပြည်တွင်းသတင်းများကိုသာ ဖတ်ရှုလိုကြကြောင်း၊ ထို့ကြောင့် ပြည်တွင်းသတင်းပါ ဆိုက်များကိုသာ ဖွင့်လေ့ရှိကြောင်း အင်တာနက်ဆိုင် (၃) ဆိုင် ဖွင့်ထားသည့် ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ပြည်တွင်းက တင်ထားတဲ့ဆိုက်တွေကို ဘယ်သူကမှ မဖွင့်ဘူး။ ကျနော်တို့ကတော့ လာတဲ့ Users တွေကို အဲဒီဆိုက်တွေတော့ ရတယ်လို့ ပြောပြပါတယ်။ ဒါပေမယ့် မကြိုက်တဲ့သူတွေချည်းပဲ” ဟု ပြောသည်။

မန္တလေးရတနာပုံ ဆိုက်ဘာစီးတီး ပေါ်လာပြီး မိန်းဆာဗာကို ယင်းနေရာတွင် ထားရှိပြီးသည့်နောက်ပိုင်း အင်တာနက် ကွန်နက်ရှင်များ မကြာခဏ နှောင့်နှေးပြတ်တောက်မှုများ ဖြစ်လာကြောင်း ရန်ကုန်အင်တာနက်ဆိုင်များက ပြောသည်။

“အရင်ကထက် ဆိုးလာတယ်ဗျ၊ ရတနာပုံ ဆိုက်ဘာစီးတီးဆိုတာ ပေါ်လာပြီးနောက် Backbone က မကြာခဏ ကျနေတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ အင်တာနက်ဆိုင်တဆိုင်က ပြောသည်။

မြို့နယ်အချို့ ရေမလာသဖြင့် ရေသန့်ဘူးဝယ်သုံးနေရ





မျိုးဝင်းဇော်

ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာ၊ တောင်ဒဂုံနှင့် လှိုင်သာယာမြို့နယ်များအတွင်း ရေမလာသဖြင့် ရေသန့်ဘူး ၀ယ်ယူသုံးစွဲ နေရကြောင်း မြို့ခံများက ပြောသည်။

အဆိုပါမြို့နယ်များတွင် အဝီစိတွင်းရေကို စုပ်ပြီး တိုက်ခန်းများသို့ ရေတင်သည့် စနစ်သုံးရခြင်းကြောင့် လျှပ်စစ်မီး မှန်မှန် မရသည့်အတွက် ရေအခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာတွင် နေထိုင်သူတဦးက “မြေညီထပ် နေသူတချို့ပဲ ရေရပြီး ပထမထပ်ကနေ (၄) ထပ် အထိ နေသူတွေ ရေမရတာ (၂) ပတ်လောက် ရှိပါပြီ။ ဒီအတွက် မြို့ပတ်ဝန်းကျင် ရေတုံကင်တွေဆီကနေ ရေဝယ်ပြီး တွန်းလှည်းနဲ့ ရေထမ်းရောင်းသူတွေထံကနေ ရေတစည် (၁,၅ဝဝ) ကျပ်နဲ့ ဝယ်သုံးရပါတယ်။ အဲဒါကလည်း ရေတစည်ဝယ်ရဖို့ အကြာကြီးစောင့်ရတော့ လူအများစုက တဘူးကို ကျပ် (၂၅ဝ) ပေးရတဲ့ (၂ဝ) လီတာ ရေသန့်ဘူးတွေ ဝယ်ပြီးတော့ပဲ မျက်နှာသစ် ရေချိုးကြရတယ်၊ ထမင်းဟင်းချက်ကြရတယ်” ဟု ပြောသည်။

၎င်း၏ ပြောပြချက်အရ ယုဇနဥယျာဉ်အိမ်ရာမြို့တော်တွင် အဝီစိရေစုပ်စက် (၅) လုံးခန့်ရှိပြီး မြို့ပတ်ပတ်လည်၌ ချထားကြောင်း၊ မီးလာပြီဆိုပါက ရေစုပ်စက်မောင်းသူက ရေစုပ်စက်များကို လိုက်လံမောင်းကြောင်း၊ ရေစုပ်စက် အလုံးရေ မစေ့မီ မီးက ပြန်သေသွား၍ ရေကောင်းကောင်း မတက်တော့ကြောင်း၊ ယခုကဲ့သို့ အကြိမ်ကြိမ် နေ့စဉ်ဖြစ်နေခြင်းကြောင့် ရေစုပ်ချိန်နည်းပြီး မြို့ခံလူအများ ရေမရရှိခြင်းဖြစ်ကြောင်း သိရသည်။

ယုဇနဥယျာဉ်အိမ်ရာတွင် နေထိုင်သူများသည် ယခင်က ရေဖိုး တလ ကျပ် (၂ဝဝ) သာပေးရပြီး နောက်ပိုင်း ဈေးမြှင့် ကောက်ခံကာ ယခုနောက်ဆုံး ရေလာလာ မလာလာ တလ ကျပ် (၂,၅ဝဝ) နှုန်း ကောက်ခံနေသည်ဟု ယုဇနဥယျာဉ်အိမ်ရာတွင် နေသူတဦးက ပြောသည်။

ထို့အပြင် တောင်ဒဂုံ (၇ဝ၊ ၅၄၊ ၇၁၊ ၁ဝ၇) ရပ်ကွက်တို့နှင့် လှိုင်သာယာရပ်ကွက် အများစုမှာလည်း အဝီစိတွင်းမှ ရေကိုသာ သုံးနေရသဖြင့် မီးမလာသည့်အတွက် ရေမတင်နိုင်ဘဲဖြစ်နေသည်။

လှိုင်သာယာမြို့နယ်တွင်မူ အဝီစိတွင်းရေကို ရပ်ကွက်အုတ်ကန်မှတဆင့် နေအိမ်များသို့ ပိုက်ဖြင့်သွယ်တန်းသည့်စနစ်ကို သုံးသော်လည်း အဆိုပါ အုတ်ကန်ကြီးထဲသို့ ရေမရောက်ရှိသည်မှာ လနှင့်ချီ ကြာမြင့်ပြီဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ယခု ဖော်ပြခဲ့သည့် မြို့နယ်တို့တွင် နေထိုင်သူများသည် တနေ့လုပ် တနေ့စား ဆင်းရဲသားများသည့်အတွက် ရေပြဿနာကြောင့် အခက်အခဲပိုဖြစ်နေကြကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကမူ ယခုကဲ့သို့ ရေခက်ခဲမှု ဆက်တိုက်ဖြစ်ပေါ်ပါက မီးစက်များသုံးပြီး ရေစုပ်ပေးမည်ဟု ပြောနေသော်လည်း လက်တွေ့တွင် ဖြစ်မလာသေးပေ။

ညောင်ဦး ဆေးရုံ ဝန်ထမ်းအဆောင် မီးလောင်

မြင့်မောင်
မန္တလေးတိုင်း ညောင်ဦးမြို့ ပြည်သူ့ဆေးရုံအသစ်ကြီးရှိ ဝန်ထမ်းအိမ်ရာမှ အခန်း ၆ ခန်းပါ အဆောင်တလုံး ယမန်နေ့ နေလည်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပြည်သူ့ဆေးရုံကြီးရှိ ဝန်ထမ်းအိမ်ရာတွင် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်မှ ၂ နာရီ ၁၅ မိနစ်ခန့်အထိ အိမ်ခန်း ၆ ခန်း မီးစွဲလောင်ကြောင်းနှင့် ၎င်းမှာ ပေါ့ဆမှုကြောင့်ဖြစ်ကြောင်း ညောင်ဦးမြို့ မီးသတ်တပ်ဖွဲ့က ပြောဆိုခြင်း ဖြစ်သည်။

“မနေ့က နေ့လည်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်။ ညောင်ဦး ပြည်သူဆေးရုံအသစ် နောက်မှာရှိတဲ့ ဝန်ထမ်း အခန်း ၆ ခန်းပါ အဆောင်ကို မီးစွဲလောင်တယ်။ မီးက ပေါ့ဆမီးပါ” ဟု ညောင်ဦး မီးသတ် တပ်ဖွဲ့မှာ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

မြို့ခံတဦးက ''လိုင်းခန်းမှာ လူတယောက်မှာ မရှိဘူး။ ဝန်ထမ်းတွေအားလုံး အလုပ်ခွင်မှာ ရောက်နေကြတယ်။ ဘယ်ကနေ စလောင်တယ်ဆိုတာကိုတော့ မပြောနိုင်ဘူး ဖြစ်နေတယ်။ မိသားစု ၆ စု နေတယ်” ဟု ပြောသည်။

မီးလောင်သည့် အဆောင်သည် ဝါးကပ်မိုး၊ ထရံကာ အိမ်ထောင်သည်လိုင်း အဆောင်ဖြစ်ကာ တခန်းအကျယ်မှာ ၁၅ ပေ ပတ်လည်ခန့် ရှိသည်။ မီးလောင်ချိန်တွင် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ရောက်ရှိနေပြီး၊ ကလေးများလည်း ကျောင်းတက်နေချိန် ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်း သိရသည်။

TV နှင့် အခြား အိမ်အသုံးအဆောင်ပစ္စည်း တချို့ ပါသွားကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၇ သောင်းခွဲခန့်သာ ရှိကြောင်း မီးသတ်က စာရင်းပြထားသည်။

မြို့ခံက ''အဆောင်က ခြေတံရှည် အခန်းတွေ၊ ဆုံးရှုံးမှု ပမာဏက သိပ်မများနိုင်ဘူး။ အိမ်ထောင်သည်တွေက နယ်က ပြောင်းလာတဲ့ ဝန်ထမ်းတွေဖြစ်လို့ အမာခံ ပစ္စည်းတွေတော့ မရှိဘူးပေါ့'' ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း နိုင်ငံတဝှန်း မီးလောင်မှုများအနက် ရန်ကုန်တိုင်းသည် အကြိမ်ရေ အများဆုံးဖြစ်ကာ ၁၉ ကြိမ် ရှိခဲ့ကြောင်းနှင့် ဒုတိယအများဆုံးမှာ ဧရာဝတီတိုင်း၊ တတိယ အများဆုံးမှာ မန္တလေးတိုင်း ဖြစ်ကြောင်း ရန်ကုန် ဗဟိုမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုပါက ၈၉ ကြိမ် ဖြစ်ပွားခဲ့ရာ မီးဖိုမီးနှင့် ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး ၁ ကြိမ်၊ လျှပ်စစ်လျှော့မီး ၁၁ ကြိမ်၊ မသမာရှို့မီး ၁၁ ကြိမ်၊ တောမီး ၁ ကြိမ် ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ရန်ကုန်တွင် အိမ်ခြေအဆောက်အအုံ ၁၃ဝ လုံး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန် ဗဟိုမီးသတ် ဖော်ပြချက်အရ သိရသည်။

ယခုလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း အလုံမြို့နယ်အတွင်းရှိ ကုန်သွယ်လယ်ယာ ဆီဂိုဒေါင်တလုံးနှင့် ၁၂ ရက်နေ့တွင် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဈေးလောင်ကျွမ်းမှုသည် တန်ဖိုးအားဖြင့် အများဆုံးဖြစ်ပြီး ကျပ်သိန်းပေါင်း ထောင်ပေါင်းများစွာ ဆုံးရှုံးမည်ဟု ခန့်မှန်းကြသည်။

Sunday, February 14, 2010

နာရေးကူညီမှု အသင်းက သုခအလင်းအမည်ရှိ စာကြည့်တိုက် ဖွင့်

မင်းသက်
ရန်ကုန်ရှိ နာရေးကူညီမှု အသင်းက သုခအလင်းအမည်ရှိ စာကြည့်တိုက်ကို ၂၀၁၀ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကျရောက်သည့် ဗိုလ်ချုပ်မွေးနေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အသင်းရုံးအပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့သည်။

ပထမအဆင့်တွင် အသင်းမှ လူငယ်များကိုသာ ငှားရမ်းဖတ်ရှုခွင့်ပြုမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် အများပြည်သူ လေ့လာဖတ်ရှုနိုင်မည့် ပြည်သူပိုင် စာကြည့်တိုက်အဖြစ် လုပ်ဆောင်သွားမည်ဟု သိရသည်။

''ဒီမှာ စေတနာ့ဝန်ထမ်း လုပ်နေကြတဲ့ လူငယ်တွေ ၂၅ဝ ကျော် ရှိတယ်။ သူတို့တွေဟာ ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ့်လမ်းစရိတ်နဲ့ကိုယ် နာရေးကိစ္စတွေကို လုပ်နေကြသူတွေ ဖြစ်တယ်။ ဒါ့ကြောင့် အသင်းအနေနဲ့ သူတို့ကို ဘယ်လိုမျိုး ပြန်ပြီး ကူညီမလဲလို့ တွေးလိုက်တော့ စာကြည့်တိုက်တခု ဖွင့်တာဟာ အကောင်းဆုံးဆိုပြီး အခုလို ဖွင့်တာ ဖြစ်ပါတယ်။ နောင်မှာဆိုရင်တော့ သီးသန့်ဖွင့်ဖို့အထိ ရှိတယ်'' ဟု အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ဇနီးသည် ဒေါ်ရွှေဇီးကွက်က ပြောသည်။

ဗိုလ်ချုပ်မွေးနေ့တွင် စာကြည့်တိုက် ဖွင့်လှစ်ရသည်မှာ တိုင်းပြည်အတွက် အဖိုးတန်သော သားကောင်းရတနာများ ပေါ်ပေါက်စေရန်၊ ဥာဏ်အလင်းရစေရန်၊ စာကြည့်တိုက် တံခါးတချပ်ပွင့်လျှင် ထောင်တံခါးတချပ် ပိတ်သည်ဟူသော စကားအရ ဖြစ်စေရန်နှင့် မသိမှုအဝိဇ္ဇာပျောက်၍ အလင်းရောင် တောက်ပလာစေရန်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောသည်။

စာကြည့်တိုက် ဖွင့်လှစ်ချိန်တွင် မြန်မာစာအုပ်ပေါင်း ၁၃ဝဝ ကျော်နှင့် အင်္ဂလိပ်စာအုပ်ပေါင်း ၂ဝဝ ကျော်ရှိပြီး၊ တသီးပုဂ္ဂလ အလှူရှင်များက တသက်တာ သိမ်းဆည်းထားသည့် စာအုပ်များကို ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

နာရေးကူညီမှု အသင်းကြီးကို ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးစီးတည်ထောင်ခဲ့သည်။ ၂ဝဝ၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ် ဆေးခန်းကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ရာ လာရောက်ကုသသည့် လူနာပေါင်းမှာ တနေ့လျှင် ၂ဝဝ ခန့်ရှိနေသည်။ ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ထိုကဲ့သို့ အခမဲ့ ကူညီခြင်း ဖြစ်သည်။

ဆေးခန်းတွင် မျက်စိအထူးကု၊ အရိုးအကြော၊ မီးယပ်နှင့်သားဖွား၊ ကလေးအထူးကု၊ အရေပြား၊ သွား အထူးကု ဆရာဝန်နှင့် အထွေထွေ အထူးကု ဆရာဝန် စသည့် ဆရာဝန်များရှိပြီး အထွေထွေ ရောဂါများနှင့် အသေးစား ခွဲစိတ်ကုသမှုများကိုပါ ဆောင်ရွက်ပေးသည့်အပြင် သွေးများကိုပါ လှူဒါန်းပေးနေသည်။

အချို့ဂျာနယ်များတွင်မူ နာရေးကူညီမှုအသင်း သတင်းများကို ရံဖန်ရံခါ တွေ့ရတတ်သည်။

သေဆုံးသူများ၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် ကျန်ရစ်သူ မိသားစုအနေဖြင့် ငွေကြေးမတတ်နိုင်လျှင် ဤအသင်းကြီးက အခမဲ့ ပို့ဆောင်သင်္ဂြိုဟ်ပေးလျက်ရှိသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

ဦးတင်ဦးလွတ်မြောက်မှု ကုလသမဂ္ဂကြိုဆို


မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး ဟာ နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြန်လွတ်မြောက်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး ဒီဖြစ်ရပ်ကနေ ပိုပြီးတော့ ယုံကြည်ရတဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပေါ်လာဖို့ မျှော်လင့်ပါတယ်လို့ ပြောသွားပါတယ်။

ဦးတင်ဦး ပြန်လွတ်ပြီ



ဧရာဝတီ
နေအိမ် အကျယ်ချုပ် ကျနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဦးတင်ဦးကို အာဏာပိုင်တို့က ၂၀၁၀ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။

၇ နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရသည့် ဦးတင်ဦးက နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နေအိမ်သို့ ရောက်ရှိလာသည့် သတင်းထောက်များကို ပြောသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲ၍ အစိုးရအာဏာပိုင်များက နှစ်စဉ် သက်တမ်းတိုး၍ ဆက် လက်ထိန်းသိမ်းခဲ့သည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က ဦးတင်ဦးကို ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြား ထားသည်။