ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, July 16, 2010

မန္တလေးတွင် ငလျင်လှုပ်

မျိုးသိဏ်း
မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင်သောကြာနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၀ ယနေ့မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က စက္ကန့်ပိုင်းခြား၍ မြေငလျင် ၂ ကြိမ် လှုပ်ခတ်သွားခဲ့သည်။

"မိုးခြိမ်းသံလိုပဲ ဂျိမ်းဂျိမ်းဆိုပြီး တော်လဲသံ အကျယ်ကြီး ကြားရတယ်။ အားလုံးကြောက်ပြီး အပြင်ထွက်ကြည့်တော့မှ အောက်က ရိပ်ကနဲ ရိပ်ကနဲဖြစ်လို့ ငလျင်လှုပ်မှန်း သိကြတာ" ဟု အောင်မြေသာဇံမြို့နယ်နေ အမျိုးသမီးတဦးက ပြောသည်။

ငလျင်လှုပ်ခတ်မှုမှာ ဘေးတိုက်မဟုတ်ဘဲ အထက်အောက် ယိမ်းထိုး လှုပ်ရှားမှုမျိုးဖြစ်ကာ၊ ပြင်းထန်ခြင်း မရှိဘဲ တော်လဲသံကြောင့်သာ လူအများ သတိထားမိခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုကြသည်။

"သိပ်အပြင်းကြီးတော့ မဟုတ်ဘူး။ တော်လဲသံကြီးကျယ်လို့ လူတွေ သိကြတာ။ လှုပ်တာလည်း စက္ကန့်ပိုင်းလောက်ပဲ။ ခဏရပ်သွားပြီး နောက်တခါ စက္ကန့်ပိုင်းလောက် ပြန်လှုပ်တယ်။ ၂ စက္ကန့်၊ ၃ စက္ကန့်စီလောက် ရှိမယ်။ လူတော်တော်များများ အပြင်ထွက်လာကြတယ်" ဟု မန္တလေးမြို့ခံ ဂျာနယ်သတင်းထောက် တဦးက ဆိုသည်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ လက်အောက်ရှိ ငလျင်တိုင်းတာရေးစခန်းမှ တာဝန်ခံတဦးက "မန္တလေး အနောက်ဘက် ၂၅ မိုင်အကွာနေရာကို ဗဟိုပြုပြီး လှုပ်တာပါ။ အင်အားက ရစ်ချက်စ်တာစကေး ၄.၅ ပါ။ စခန်းက တိုင်းထွာရမိတဲ့ အချိန်အရ လှုပ်တဲ့အချိန်က ၁ နာရီ ၅၄ မိနစ် ၃၆ စက္ကန့်ပါ" ဟု ပြောဆိုသည်။

Wednesday, July 14, 2010

မြန်ပြည် ဒီမိုကရေစီ စစ်စစ်ပါ ခင်ဗျာ

၁၉၉၀ မှ ၂၀၁၀ အထိ ဖြစ်လာသည်ကို ရေးသား ခြင်းသာ နိုင်ငံရေး မပါ ထင်မြင်ချက် လုံးဝမပါဝင်ပါ။

မြန်ပြည် ဒီမိုကရေစီ က ၁၉၉၀ ကတည်းက ရ နေတာ
ကဲ ဘယ်လို ရတာလဲ ဆို ပါတီတွေ ထောင် ခွင့် ပေးပြီး
ရွှေးကောက်ပွဲ ဝင် NLD ပါတီတောင် အနိုင် ရ
ဒီမိုကရေ စီ အရ ပေါ့
အာဏာ ရယူဖို့ တော့
အာဏာ ပိုင် တွေ က သူဒီမိုကရေ စီ အရ လား
မြန်ပြည် ဒီမိုကရေစီ စစ်စစ် ဖော်ဆောင်နေတာလားတော့ မသိ
မြန်ပြည် ခဏဆိုတာ နှစ် ၂၀
မြန်ပြည် ဒီမိုကရေစီ ရွှေးကောက် ဆို နှစ် ၂၀ မှ တကြိမ် ဘယ်နိုင်ငံမှာ ရှိလို့ လဲ မြန်ပြည် ဒီမိုကရေစီ စစ်စစ် ပါ

၂၀၁၀ ရွှေးကောက် ပွဲ လည်း တချို့ က မဲမထည့် နဲ့  ကန့် ကွက် ကြတဲ့
မြန်ပြည် သားဖြစ်ပြီး နှစ် ၂၀ မှ တကြိမ် ထည့်ရတာကို
တသက်မှာတခါထည့်ရတာ
ကိုယ်သဘောပေါ့


မြန်ပြည် ဒီမိုကရေစီ စစ်စစ် ပါဆို


ငွေချေးတဲ့ပါတီကငွေချေး
စီးပွားရေးလုပ်မယ့်ပါတီကလည်းစီးပွားရေး လုပ်ဖို့  company ထောင်
မြန်ပြည် ဒီမိုကရေစီ စစ်စစ် ပါဆို

ကိုယ်ထည့်တဲ့ပါတီ အနိုင် ရ လည်း အာဏာ ရလို့ လား
မြန်ပြည်ဒီမိုကရေစီ ဆိုတော့
ကိုယ်ထည့်ချင်တဲ့ပါတီ ကိုယ်မဲ ထည့်
အနိုင်ရချင်တဲ့ ပါတီ က ရချင်တဲ့ ပါတီ ရ
အာဏာ ကော ရတဲ့အဖွဲ့ အစည်းကရ
၁၉၉၀ လို မြန်ပြည်သားတွေ အတွက်
သီးသန့်  မြန်ပြည် ဒီမိုကရေစီ စစ်စစ် ပါ

အခုရော ရွှေးကောက် ပွဲရက် ရွှေးကောက် ပွဲ ကော်မရှင် ကတောင် မသိတာ
ဒါမှ
မြန်ပြည် ဒီမိုကရေစီ စစ်စစ် ပါဆို

စာရေးဆရာကြီးနန်းညွန့်ဆွေ ကွယ်လွန်


စာရေးဆရာကြီးနန်းညွန့်ဆွေ (၈၇) နှစ်သည် ယနေ့ ညနေ (၅) နာရီတွင် ရန်ကင်းရှိ တိုက် (၂၁၆) အခန်း (၆) နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး မနက်ဖြန် (၁၁) နာရီတွင် အသုဘချမည်ဖြစ်ကြောင်း သိရသည်။

အိမ်နီးနားချင်းဖြစ်သည့် ဖုန်းဖြေကြားသူ မသုန်သုန်က “မနေ့ကဆို လမ်းတွေ ဘာတွေ လျှောက်သေးတယ်။ မနေ့ညက နည်းနည်းဖျားနေတော့ မနက်မှာ စကားသိပ်မပြောနိုင်ဘူး။ နောက်သူ့ဆရာဝန်ကိုပြတော့ ဆရာကြည့်သွားပြီ ညနေပိုင်းမှာ အိပ်နေတာ။ တခါနိုးလာပြီး ထမင်းမစားချင်ဘူး အိပ်ပဲအိပ်ချင်တယ်ပြောပြီး နောက် ညနေ (၅) နာရီကျတော့ ဆုံးသွားတာ” ဟု ပြောသည်။

ဆရာကြီးဆုံးပါးချိန်တွင် အနား၌ သားဖြစ်သူ ဦးတေဇရှိနေကြောင်း၊ ယခုဖုန်းဆက်ချိန်တွင် ဦးတေဇ မနက်ဖြန် နာရေးကိစ္စအတွက် စီစဉ်ဆောင်ရွက်ရန် လုပ်ဆောင်နေသည့်အတွက် နေအိမ်တွင်မရှိကြောင်း မသုန်သုန်က ပြောသည်။

ဆရာကြီးနန်းညွန့်ဆွေ၏ ဇနီးမှာ သခင်မ ဒေါ်လှကြည် (စာရေးဆရာမ ကြည်ဦး -ကွယ်လွန်) ဖြစ်ပြီး သားမောင်ဝဏ္ဏ၊ မောင်တေဇနှင့် မောင်သူရ (လူရွှင်တော် ဇာဂနာ) တို့ သုံးယောက်ရှိသည်။

မြစ်ကြီးနားထောင်တွင် ထိန်းသိမ်းခံနေရသည့် သားဖြစ်သူ ကိုဇာဂနာအား ဖခင်ဖြစ်သူ ဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်ကြောင်း အကြောင်းကြားရန် ဖုန်းအဆက်အသွယ်လုပ်နေကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။

၎င်းက “အခုထိတော့ ကျမ မြစ်ကြီးနားထောင်ကို အဆက်သွယ်လုပ်နေတာတော့ လုံးဝဖုန်းလိုင်းမကောင်းသေးဘူး။ မရသေးဘူး။ ကျမ မြစ်ကြီးနား သတင်းတပ်ဖွဲ့ကိုတော့ အကြောင်းကြားပြီးပါပြီ” ဟု ပြောသည်။

ဆရာကြီးနန်းညွန့်ဆွေ၏ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်သို့ ဆင်းလာပြီး ဂျပန်ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးလုပ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ဖြစ်သောအခါ ဆင်မြီးဆွဲသို့ပြန်၍ အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၁၉၄၈-၅၃ ခုနှစ်များအတွင်း ပထမပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇာတ်ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၃ ခုနှစ်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်တွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ်တွင် စာဆိုမာန် ကဗျာများ စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလား ရာဇဝင်၊ ဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏာပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့သည်။

ဂီတဝါသနာရှင်တဦးဖြစ်၍ ခေတ်ဟောင်း၊ ခေတ်သစ်ဂီတ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ နိုင်ငံရေး သီချင်းများစာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်တမ်း၊ မြန်မာ့ယဉ်ကျေးမှု စာတမ်းများကို ရေးသားဖတ်ကြားခဲ့သည်။

မဟာဂီတသီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) ကို ရေးသားခဲ့သည်။ မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်းကို ရေးခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အမှုဆောင်နှင့် ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးဖြစ်နေ

ဖြိုးကြီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေလျှက်ရှိပြီး သေဆုံးမှုများလည်း ရှိနေကြောင်း ဆေးရုံအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုလဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခြင်းဖြစ်ပြီး ယခုလ(၉) ရက်နေ့ စာရင်းအရ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ကလေးငယ် (၁၁၉) ယောက်ရှိကြောင်း ၎င်းက ပြောသည်။

“ပုသိမ်မှာ တော်တော်ဖြစ်နေတာ၊ ကလေးတွေအများချည်းဘဲ၊ ဆေးရုံက သူနာပြုတွေတောင် ဂျူတီညလုံးပေါက် စောင့်ရတယ်၊ ကုတင်တွေလည်း မလောက်လို့ အစားထိုးထားရတာ မနည်းဘူး၊ ကလေးလူနာဆောင်ဖက်မှာဆို ပြည့်ကြပ်နေတယ်” ဟု ပြောသည်။

သွေးလွန်တုတ်ကွေးဖြစ်ပွားသူများမှာ ပုသိမ်မြို့နယ်အတွင်း ကျေးရွာများနှင့် မြို့အစွန်ရပ်ကွက်မှ ကလေးငယ်အများစု ဖြစ်ပြီး အသက် (၁) နှစ်ကျော်မှ (၁၂) နှစ်အရွယ်ကြား အများဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးမှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေလျှက်ရှိပြီး စိုးရိမ်ရသည့်အခြေအနေ ရှိနေကြောင်း ၎င်းက ပြောသည်။

“ ဒီနေ့ဘဲ အသိကလေး (၄) နှစ်အရွယ်တယောက် ရက်လည်တယ်၊ ဆုံးတာတွေကလည်း မနည်းဘူး၊ မေးလိုက်တိုင်း သွေးလွန်တုတ်ကွေးဆိုပြီး ပြောတယ်၊ ဆေးရုံထဲမှာ သေတဲ့သူတွေနဲ့ ဆေးရုံတက်သူနဲ့ ဖြစ်နေတယ်” ဟု ဆက်ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားနေလျှက်ရှိပြီး သေဆုံးမှုများလည်း ရှိနေသည်။

ထိုင်းအာဏာရပါတီ ဖျက်သိမ်းရေး အစိုးရ ရှေ့နေအဖွဲ့ တောင်းဆို

ထိုင်းနိုင်ငံရဲ့ လက်ရှိ အာဏာရပါတီကို ဖျက်သိမ်းဖို့နဲ့ ပါတီခေါင်းဆောင်တွေကို နိုင်ငံရေး လုပ်ဆောင်ခွင့် ၅ နှစ် ပိတ်ပင်ဖို့အတွက် ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးကို အစိုးရ ရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။

တကယ်လို့ ဒီရှေ့နေတွေရဲ့ တောင်းဆိုမှုကို တရားရုံးက သဘောတူခဲ့ရင် လက်ရှိဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ဟာ လူထုဆန္ဒပြမှုကြောင့် တရားရုံးက အာဏာရုပ်သိမ်းတာ ခံခဲ့ရတဲ့ တတိယမြောက် ၀န်ကြီးချုပ် ဖြစ်လာမှာပါ။

ဒါပေမဲ့ သူ့အရင် ၀န်ကြီးချုပ် ၂ ဦးနဲ့ ကွဲပြားတာက မစ္စတာ အဘီဆစ်ဟာ အရင် ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့လူ မဟုတ်ဘဲ အတိုက်အခံ ဖြစ်နေတဲ့ အချက်ပါ။

အင်္ဂါနေ့က အစိုးရရှေ့နေတွေ တင်သွင်းတဲ့ စာမျက်နှာ ၁,၀၀၀ လောက်ပါတဲ့ စာတမ်းထဲမှာ မစ္စတာ အဘီဆစ်ရဲ့ ဒီမိုကရက်တစ်ပါတီဟာ ၂၀၀၅ ခုနှစ်မှာ ဘိလပ်မြေ ကုမ္ပဏီတခုကနေ အလှူငွေ ဘတ်သန်းပေါင်း ၂၅၀ ကျော်နဲ့ ညီတဲ့ အမေရိကန်ဒေါ်လာ ၈,၀၀၀,၀၀၀ ကို လျှို့ဝှက် တိတ်တဆိတ် ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းဖို့နဲ့ ပါတီခေါင်းဆောင် လေးငါးဆယ်ကို နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ဖို့လည်း ရှေ့နေတွေက တောင်းဆိုပါတယ်။

အဲဒီအချိန်က ပါတီရဲ့ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မစ္စတာ အဘီဆစ်က သူဟာ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။

နအဖ၏ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူတရုတ်လူမျိုးများပါတီထောင်နိုင်၊မဲပေးနိုင်

ခိုင်လင်း


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးများအား ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲထည့်နိုင်ခွင့်ရရှိရန် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရကတ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်သည့်အနေဖြင့် ပြုလုပ်ပေးနေသည်။

ပြည်ထဲရေး ဒု-ဝန်ကြီး ဦးဘုန်းဆွေ၏ ဆွေးမျိုးတော်စပ်သူ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ နေအိမ်တခုတွင် တရုတ်လူမျိုးများအား ယမန်နေ့မှစ၍ ပြုလုပ်ပေးနေကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။

၎င်းက “FRC (Foreigner Registration Certificate) ကိုင်ထားတဲ့ မြန်မာပြည်ပေါက် တရုတ်တွေကို လုပ်ပေးတာ။ အခုက ဒုတိယအကြိမ်လုပ်တာပေါ့။ လာမယ့်သောကြာနေ့အထိ လုပ်မယ်လို့ ပြောတယ်။ ပထမ တကြိမ်တုန်းက ဖောင်ဖြည့်ပြီးတဲ့ သူတွေက ဧည့်နိုင်ငံသားကတ်တို့၊ နိုင်ငံသား (ပြု) ကတ်တွေရပြီ။ တရုတ်တွေက အများကြီးရှိတာ။ အသက် (၁၈) နှစ်ပြည့်ပြီး မဲထည့်နိုင်တဲ့ တရုတ်တွေ ရာချီ၊ ထောင်ချီရှိတယ်။ အဲဒီ မဲတွေ ကြံ့ဖွံ့ ရနိုင်တာပေါ့” ဟု ပြောသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ အဆိုပါနေအိမ်တွင် တရုတ်လူမျိုးများအား ဧည့်နိုင်ငံသားကတ်နှင့် နိုင်ငံသားပြုခွင့်ရကတ်များ ထုတ်ပေးရန်အတွက် ကိုယ်ရေးအချက်အလက်အပါအဝင် မိသားစု၊ ဆွေမျိုးသားချင်းတို့၏ အချက်အလက်ဖောင်များ ကောက်ယူခဲ့ပြီးဖြစ်သည်။ ထိုအချိန်က ဖောင်များ ကုန်သွားသဖြင့် မလုပ်လိုက်ရဘဲ ကျန်နေသည့်သူများအား ယခု ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။

မြန်မာပြည်ပေါက် တရုတ်များသည် FRC လက်မှတ်များ ကိုင်ဆောင်ခွင့်ရပြီး နိုင်ငံတော်သို့ နှစ်စဉ် အခွန်ဆောင်နေရသည်။ ၎င်းတို့သည် မဆလခေတ် မဲဆန္ဒပေးပွဲများနှင့် ၁၉၉ဝ ရွေးကောက်ပွဲတို့တွင် မဲပေးပိုင်ခွင့်မရှိခဲ့ဘဲ ယခု ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် အခွင့်အရေး ရရှိလာခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ တရုတ်အမျိုးသားတဦးက ပြောသည်။

နအဖ၏ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်များရှိလျှင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

Tuesday, July 13, 2010

လေဆင်နှာမောင်းဒဏ်ခံရသူများ အိုးအိမ်မဲ့ဖြစ်


တက်လူ


ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် လေဆင်နှာမောင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများ လတ်တလော၌ နေစရာအခက်အခဲဖြစ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဇူလိုင် (၈) ၇က် ညနေ (၆) နာရီခွဲကျော်က တိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် ဒေသခံ လူ (၂၀၀) ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရာကယ်ဆယ်ရေးစခန်း ဖွင့်မပေးကြောင်း တာဝန်ရှိသူတဦးက ပြောကြားသည်။

လေဆင်နှာမောင်းသည် အဆိုပါမြို့နယ်မှ သမင်ခြံ၊ တာတိုက်နှင့် ထန်းတပင်ကျေးရွာတို့ကို (၅) မိနစ်ခန့် ၀င်ရောက်သွားခြင်းဖြစ်သည်။

“တိုက်တဲ့အချိန်က (၅) မိနစ်လောက်ပဲကြာတယ် အားလုံးကုန်ရော။ ၀ါးနဲ့ ဆောက်ထားတဲ့အိမ်တွေဆိုရင် အားလုံးကုန်။ ဘာမှမကျန်လိုက်ဘူး” ဟု ကော့မှူးမြို့နယ် ဒေသခံတဦးက ပြောသည်။

လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်အမိုးလန်သွားခဲ့သည့် အိမ်များနှင့် လုံးဝပျက်စီးသွားသည့် အိမ်များမှ မိသားစုများသည် အခြားဆွေမျိုး၊ မိတ်ဆွေတို့အိမ်တွင် ခိုကပ်နေထိုင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ တာဝန်ရှိသူတဦးက ၎င်းတို့အနေဖြင့် လေဆင်နှာမောင်းတိုက်သွားသော ဒေသသို့ သွားရောက်ကာ တာပေါ်လင်များ၊ တကိုယ်ရေသုံးပစ္စည်းများ၊ ဓာတ်ဆားထုတ်များ၊ ရေသန့်ဆေးပြားများ၊ စောင်များ စသည်တို့ကို ဝေငှပေးခဲ့ကြောင်း ပြောကြားသည်။

ကယ်ဆယ်ရေးစခန်း မဖွင့်သည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ဒေသခံတို့အနေဖြင့် ရေရှည်တွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။

“ကျမတို့အိမ်က မကောင်းပါဘူး။ အားလုံးလည်း သိကြပါတယ်၊ ဓနိမိုးအိမ်တွေပါ။ ဒါပေမယ့် အိုးခွက်ပန်းကန်ကအစ နေရာအတည်တကျဖြစ်နေတာ အခုလို အိုးမဲ့အိမ်မဲ့ဖြစ်သွားတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့” ဟု လေဆင်နှာမောင်းကြောင့် အိမ်ပြိုကာ မြေပြင်သာကျန်ခဲ့သည့် လယ်စာရင်းငှားလုပ်နေသူ အမျိုးသမီးတဦးက ပြောသည်။

ယင်းဒေသတွင် လေဆင်နှာမောင်းတိုက်သည့်နေ့က ရန်ကုန်တွင်လည်း မိုးကြိုးများပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ အချိန် (၂) နာရီခန့် ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့မှာ၂၀၀၆ ခုနှစ် နောက်ပိုင်း ပြောင်းလဲလာသော ရာသီဥတုဖြစ်သည့် မုတ်သုန်မမှန်ခြင်း၊ မုတ်သုန်မကြာခဏ အားပျော့ခြင်းကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဌာနဆိုင်ရာ လုပ်ငန်းအစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။

ဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွား



စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ အရောင်းဆိုင်တခုဖြစ်သော ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ် ပေါ်ဆန်းမွှေး လမ်းပေါ်ရှိ အမှတ် ဝ၂၈ စီအန်ဂျီ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွင် တနင်္လာနေ့မွန်းတည့် ၁၂ နာရီခန်က ဂတ်စ်အိုးပေါက်ကွဲသဖြင့် မီးသတ်ကလာရောက် ငြိမ်းသတ်မှုပြုနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်းတဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

Sunday, July 11, 2010

ကမ္ဘာ့ဖလား ချန်ပီယံသစ် လာတော့မည် ကမ္ဘာ့ဖလားတွင် ဗိုလ်မစွဲဖူးသည့် နှစ်သင်း ဗိုလ်လုကြမည်

2010.....ကမ္ဘာ့ဖလားတွင် ဗိုလ်မစွဲဖူးသည့် နှစ်သင်း ယနေ့ ဗိုလ်လုကြမည်။

ကမ္ဘာ့ဖလား ချန်ပီယံသစ် လာတော့မည် ချန်ပီယံသစ် လာပြီ

တောင်အာဖရိကမြေမှာ ဒီကနေ့ ကစားမယ့် ဖီဖာရဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကနေ ချန်ပီယံသစ် ပေါ်ထွက်လာပါတော့မယ်။ ကမ္ဘာ့အဆင့် ၂ စပိန်နဲ့ ကမ္ဘာ့အဆင့် ၄ နယ်သာလန် တွေ့ကြမယ့်ပွဲပါ။ ဒီ ၂ သင်းဟာ တကြိမ်မှ ဖလား မရဖူးသေးပါဘူး။

Saturday, July 10, 2010

ချင့်ဟိုင်းနို့ထွက်ပစ္စည်း စက်ရုံ ပိုင်ရှင်နဲ့ ညွှန်ကြားရေးမှူးတို့ကို ဘေးမကင်းတဲ့ နို့မှုန့် အတွက်တရုတ် ဆက်လက်ဖမ်းဆီး

တရုတ်နိုင်ငံမှာ စက်ရုံသုံး ဓါတုပစ္စည်းတွေပါဝင်နေတဲ့ နို့ထွက်ပစ္စည်း တန်နဲ့ချီကို ဖမ်းဆီးမိတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ အလားတူ ဓါတုပစ္စည်းမျိုးတွေ ပါဝင်တဲ့ နှိုမှုန့်ကိုစားသုံးမိလို့ ၂၀၀၈ ခုနှစ်တုန်းက မွေးကင်းစကလေး ၆ ယောက် သေဆုံးခဲ့ရပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင့်ဟိုင်း ပြည်နယ်ထဲက နို့မှုန့်စက်ရုံမှာ ဘေးဥပါဒ် ဖြစ်စေတဲ့ မယ်လမင်း ဓါတုပစ္စည်းတွေ ပါဝင်နေတဲ့ နို့မှုန့်ကုန်ကြမ်း ၆၄ တန်ကို သိမ်းဆည်းရမိတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။

နို့မှုန့်အဖြစ် ထုတ်လုပ်ပြီးသားထဲမှာလဲ ဘေးဖြစ်စေတဲ့ ဓါတုပစ္စည်းပါဝင်နေတဲ့ နို့မှုန့် တန်ချိန်ပေါင်း ၁၂ တန်ကိုလဲ တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ နို့မှုန့်တွေထဲမှာ တွေ့ရတဲ့ ဓါတုပစ္စည်း ပမာဏဟာ အများဆုံး ပါဝင်သင့်တဲ့ ပမာဏထက် အဆ ၅၀၀ ပိုများနေပါတယ်။

ချင့်ဟိုင်းနို့ထွက်ပစ္စည်း စက်ရုံ ပိုင်ရှင်နဲ့ ညွှန်ကြားရေးမှူးတို့ကို ရဲက ဖမ်းဆီးထားပါတယ်။ ဘေးမကင်းတဲ့ နို့မှုန့်တွေစားမိလို့ ကလေးငယ်တွေ သေဆုံးကြတဲ့ ပြဿနာ ၂၀၀၈ ခုနှစ်မှာဖြစ်ခဲ့ပြီး နို့မှုန့် အမြောက်အမြားကို ဖျက်ဆီးဖို့ သက်ဆိုင်ရာက ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဖျက်ဆီးပစ်ရမယ့် နို့မှုန့်တွေကို တချို့ကုန်သည်တွေက ဝယ်ခဲ့ကြတာဖြစ်နိုင်တယ်လို့ အရည်အသွေး ထိန်းချုပ်ရေး တရုတ်တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အမေရိကန်နဲ့ ရုရှား သူလျှို ၁၄ ဦး ဗီယင်နာမြို့ မှာ ဖလှယ်



ဓာတ်ပုံ ASSOCIATED PRESS
ဗီယင်နာနိုင်ငံ Schwechat လေဆိပ်မှာ ရုရှားနဲ့ အမေရိကန် တို့ သူလျှိုလဲလှယ်ခဲ့ကြပုံ (ဇူလိုင်လ ၉၊ ၂၀၁၀)
စစ်အေးခေတ် ပြီးဆုံးချိန်ကစပြီး အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြားမှာ အကြီးဆုံး သူလျှိုလဲလှယ်မှုကြီးဟာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက အမေရိကန်နိုင်ငံမှာ ဖမ်းဆီးမိခဲ့တဲ့ ရုရှားသူလျှို ၁၀ ယောက်နဲ့ ရုရှားနိုင်ငံမှာ အကျဉ်းချထားတဲ့ အမေရိကန်သူလျှို ၄ ယောက်ကို အလဲအလှယ် လုပ်ခဲ့တာပါ။

သူလျှိုလဲလှယ်မှုကို ဗီယင်နာနိုင်ငံ နိုင်ငံတကာလေဆိပ်က လူသူအလှမ်းဝေးတဲ့ အပိုင်းမှာ သောကြာနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး နယူးယောက်ကလာတဲ့ လေယာဉ်ပျံတစင်းနဲ့ မော်စကိုကလာတဲ့ လေယာဉ်တစင်းဟာ သြစတြီးယား နိုင်ငံမြို့တော်ကို ဆိုက်ကပ်ခဲ့ပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပဲ ဘေးချင်း ယှဉ်ရပ်ထားတဲ့ လေယာဉ်ပျံ နှစ်စင်းအပေါ်မှာ ပါလာသူ ၁၄ ဦးကို လဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ အရေးပေါ် အခြေအနေဆိုင်ရာ ၀န်ကြီးဌာနရဲ့ လေယာဉ်ပျံဟာ မော်စကိုမြို့က ဒိုမိုဒီဒိုဗို လေဆိပ်မှာ ရုရှား သူလျှို ၁၀ ဦးနဲ့အတူ ဆင်းသက်ခဲ့ပါတယ်။ အမေရိကန်လေယာဉ်ကတော့ ၀ါရှင်တန်ဒီစီက ဒဲလက်စ် နိုင်ငံတကာလေဆိပ်ကို မဆိုက်ရောက်မီ ဗြိတိန်နိုင်ငံက ဘရိစ်နော်တန် လေတပ်အခြေစိုက်စခန်းမှာ ခေတ္တရပ်နားပြီး ၄ ဦးထဲက ၂ ဦးကို ချထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဖမ်းဆီးမိခဲ့တဲ့ ရုရှားသူလျှို ၁၀ ဦးက သူတို့မှာ အပြစ်ရှိကြောင်း ကြာသပတေးနေ့မှာ ၀န်ခံခဲ့ပါတယ်။ နောက်တဦးကိုတော့ ဆိုက်ပရက်စ် နိုင်ငံမှာ ဖမ်းမိခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီရုရှားသူလျှိုတွေကို ဖမ်းမမိခင်ကတည်းက ဇူလိုင်လ ၁၁ ရက်လောက်မှာ အိုဘားမား အစိုးရက သူလျှိုလဲလှယ်နိုင်မယ့် နည်းလမ်းတွေကို စတင်စဉ်းစားခဲ့တယ်လို့ အမေရိကန် အရာရှိတွေက သောကြာနေ့မှာ ပြောပါတယ်။

ဗီယက်နမ် ဘဏ်ခွဲ ဖွင့်ခွင့်မရ

မျိုးမောင်
ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသော ဗီယက်နမ် ရင်းနှီးမြုပ်နှံမှုနှင့် ဖွံဖြိုးရေး ဘဏ် (Bank for Investment and Development of Vietnam-BIDV) က မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ခွင့် မရရှိကြောင်း တာဝန်ရှိသူတဦး က ပြောသည်။

ဗီယက်နမ် ဘဏ်ခွဲတည်ထောင်ခွင့်မရရှိခြင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေ အရ ဖြစ်သည်ဟု BIDV တာဝန်ရှိသူ က ပြော ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဥပဒေ အရလုပ်လို့ မရတာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဘဏ်နှင့် အာမခံလုပ်ငန်းများ အပါအ၀င် လုပ်ငန်း ၁၂ ခုကို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ပုဒ်မ(၃) အရ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အတွက် ကန့်သတ်ထားကြောင်း သိရသည်။

ယင်းသို့ ဘဏ်ခွဲဖွင့်လှစ်ခွင့် မရရှိသဖြင့် Myanmar Investment and Development Company အမည်ဖြင့် ရင်းနှီး မြုပ်နှံမှု လုပ်ငန်း တခုထူထောင်ရန် စီစဉ်နေသည်ဟု BIDVတာဝန်ရှိသူက ပြောသည်။

BIDVကိုယ်စားလှယ်ရုံးကို ပြီးခဲ့သည့် ဧပြီလ အတွင်းက ရန်ကုန်မြို့ပြည်လမ်းတွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ ဈေးကွက်သတင်း အချက် အလက်များ ကောက်ယူနေလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဗီယက်နမ် နိုင်ငံပိုင် BIDV သည် အာဆီယံနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကVietnamese-invested Bank of Investment and Development of Cambodia (BIDC) အမည်ရ ဘဏ်ခွဲဖွင့်လှစ်ထားပြီး အမေရိကန် ဒေါ်လာသန်း ၇၀ ကနဦး ရင်းနှီးမြုပ်နှံကာ ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းများနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် လာရောက်လုပ်ကိုင်လျက်ရှိသော ဗီယက်နမ် စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာများ အထောက်အပံ့ပေးလျက်ရှိကြောင်း ဗီယက်နမ် သတင်းတရပ်တွင် ဖော်ပြထားသည်။

“ဗီယက်နမ်က မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးလုပ်ခွင့်ရဖို့ မျှော်လင့်နေတာပါ”ဟု ဇွန် ၂၁ ရက် က ရန်ကုန်တွင် ကျင်းပခဲ့သော “Myanmar-The new Denstination for Vietnamese Investors” ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တဦးက ပြောဆိုသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ရန်ကြိုးစားလျက်ရှိပြီး အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ရာဘာစိုက်ပျိုးရေးလုပ်ငန်း တို့တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရန်ရှိကြောင်း၊ Vietnam Airways သည်လည်း ရန်ကုန်-ဟနွိုင်း ခရီးစဉ်ကို တပတ် ၄ ရက် ပျံသန်းနေပြီး ဟိုချီမင်း-ရန်ကုန်၊ ဟိုချီမင်း-မန္တလေး ခရီးစဉ်များ တိုးချဲ့ပျံသန်းရန်ရှိကြောင်း သိရသည်။

ဗီယက်နမ်လုပ်ငန်းရှင်များသည် မြန်မာ့ရေလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံရန် အဓိက စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးက မော်ဒန် သတင်းဂျာနယ်နှင့် အင်တာဗျူး တခုတွင်ပြောဆိုထားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသော ဗီယက်နမ် ၀န်ကြီးချုပ်၏ ဧပြီလအတွင်းက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဗီယက်နမ် က ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိနေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

၂၀၀၉ ခုနှစ်က နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၉၉ သန်းရှိခဲ့ကြောင်း Xinhua သတင်းတွင်ဖော်ပြထားသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ပြီးခဲ့သည်မတ် ၃၁ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၂၃.၆၄၉ သန်း ရင်းနှီးမြုပ်နှံထားပြီး နိုင်ငံ အလိုက်ရင်းနှီးမြုပ်နှံမှုတွင် အဆင့် ၂၀ ရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၏ စာရင်းဇယားများအရ သိရသည်။

ဘုရားသုံးဆူဂိတ် မြန်မာအာဏာပိုင်တို့ကပိတ်

မြတ်ခိုင်ဦး


သောကြာနေ့ နေ့လယ်ပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဖြတ်သန်းသွားလာရသော စံခရဘူရီ-ဘုရားသုံးဆူဂိတ်၏ (No man land) ဘုံဆိုင်မြေကို ပိတ်လိုက်သဖြင့် ခရီးသွားလာသူများ ဒုက္ခရောက်နေကြကြောင်း သိရသည်။

ယမန်နေ့က စတင်၍ မြန်မာဘက်အခြမ်းရှိ လမ်းကို ကွန်ကရစ်လောင်းနေပြီး ယနေ့နံနက်တွင် ဘုံဆိုင်မြေအတွင်းသို့ ဝင်ရောက် လောင်းချလာသည့်အတွက် ထိုင်းအာဏာပိုင်များက ကန့်ကွက်ခဲ့သောကြောင့် အများပြည်သူသွားလာရန် ဖွင့်လှစ်ထားပေးသောလမ်းကို မြန်မာအာဏာပိုင်တို့က ပိတ်လိုက်သဖြင့် ဘုရားသုံးဆူမြို့အတွင်း သွားလာလည်ပတ် အရောင်းအဝယ်လုပ်နေသူများ ဒုက္ခရောက်နေကြသည်ဟု ထိုင်းအာဏာပိုင် သတင်းရပ်ကွက်နှင့်နီးစပ်သူတဦးက ပြောသည်။

၎င်းက “မနေ့ကတည်းက မြန်မာဘက်အခြမ်းမှာ ကွန်ကရစ် လောင်းနေတာ ဒီမနက်ကြတော့ ဒီဘုံဆိုင်မြေအထဲကို ဝင်လောင်းလာတယ်။ ထိုင်းဘက်ကသွားပြောတော့ မြန်မာဘက်က ဒါသူတို့မြေ သူတို့ပိုင်တယ်ပေါ့လေ။ အဲဒီမှာ စကားများကြပြီး မြန်မာတပ်ရင်းမှူးက ပိတ်ခိုင်းလို့ ပိတ်လိုက်တယ်” ဟု ပြောသည်။

အဆိုပါ တပ်ရင်းမှူးမှာ ခလရ (၃၂) မှ ဒု-ဗိုလ်မှူးကြီး အောင်တင့်ခိုင်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ကော်မတီ၏ မြန်မာဘက်ခြမ်းမှ ဥက္ကဋ္ဌလည်းဖြစ်သည်။ ယခင်မူလ တည်ရှိနေသော ဝင်ထွက်သွားလာရာ ဂိတ်ကြီးကိုမူ ပိတ်ထားသည်မှာ (၃) နှစ်ခန့် ရှိပြီဖြစ်သည်။ ယခုလမ်းကိုမူ လူ၊ မော်တော်ကား၊ ဆိုင်ကယ်များ သွားလာ၍ရရန် ဖွင့်ပေးထားခြင်းဖြစ်သည်။

အဆိုပါကိစ္စဖြစ်ပွားခဲ့၍ ဓာတ်ပုံမှတ်တမ်းတင်ရန် ထိုင်းနိုင်ငံဘက်အခြမ်း ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဓာတ်ပုံသွားရိုက်သူများကိုလည်း မြန်မာစစ်တပ်မှ ခဲဖြင့်ပေါက်၍ ပြန်လှည့်လာခဲ့ရကြောင်း အဆိုပါ ထိုင်းသတင်းရပ်ကွက်နှင့် နီးစပ်သူက ပြောသည်။

အလားတူ ထိုင်း-မြန်မာနှစ်နိုင်ငံ ဖြတ်သန်းသွားလာရသော မဲဆောက်-မြဝတီ ဂိတ်ကိုလည်း ယမန်နေ့က မြ၀တီသို့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းနှင့် ပြည်နယ်ရဲမှူးကြီးကျော်မြင့်တို့ လာရောက်ပြီး ကုန်သွယ်ရေးကိစ္စများ လာရောက်စစ်ဆေးနေ၍ ယနေ့နံနက် (၇) နာရီခန့်က လူရောကားပါ ပိတ်ထားလိုက်ကာ နေ့လယ် (၃) နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နှင့်ကပ်လျက် မယ်ဆိုင်-တာချီလိတ်ဂိတ်မှာမူ ပုံမှန်ဖွင့်လှစ်ထားရှိကြောင်း ဒေသခံတဦးက ပြောသည်။

နေပြည်တော်တွင် ပလိပ်ရောဂါကူးစက်

ကျော်ခ .

နေပြည်တော်ရှိ တပ်များအတွင်း ပလိပ်ရောဂါနှင့် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း စစ်ဆေးရုံသတင်းရပ်ကွက်အရ သိရသည်။

ရောဂါဖြစ်ပွားနေသော တပ်မတော်သားများကို ကုတင် ၁၀၀၀ ဆန့် အမှတ် (၂) တပ်မတော် ဆေးရုံကြီးတွင် ဆေးကုသ ခံယူနေလျက် ရှိသည်။ ထို့အပြင် ပျဉ်းမနားမြို့ ဒေသခံများအတွင်း ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေသည်။

“တပ်ထဲက အသက် ၁၂ နှစ်အောက် သွေးလွန်တုတ်ကွေးဖြစ်တဲ့ ကလေးတွေကိုတော့ ကလေးဆေးရုံတွေကို ပို့တယ်။ ပလိပ်ရောဂါရော၊ သွေးလွန်တုတ်ကွေးရောဖြစ်တဲ့ အသက် ၁၂ နှစ်အထက် လူကြီးကိုတော့ ဒီမှာပဲ တင်တယ်။ သူတို့က ဒီနေပြည်တော်တပ်တွေကပဲ စစ်သားတွေပါ။” ဟု အမည်မဖော်လိုသူ နေပြည်တော် စစ်ဆေးရုံ အရာရှိတဦးက ပြောသည်။

သို့သော် ရောဂါဖြစ်ပွားသူ ပမာဏနှင့် ပတ်သက်၍ အသေးစိတ် ဖြေဆိုရန် သူက ငြင်းဆန်လိုက်သည်။

၂ဝဝ၉ ခုနှစ် အစိုးရ ထုတ်ပြန်ချက်အရ နေပြည်တော်သည် လူဦးရေ ၉၂၅၀၀၀ ရှိပြီး ရန်ကုန်၊ မန္တလေးပြီးလျှင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။

နေပြည်တော်-ရန်ကုန် ကားလမ်းပေါ်တွင် ထောင်သောင်းချီသော ကြွက်အုပ်များ နေရာပြောင်းရွှေ့မှု ဖြစ်ပေါ်ပြီးနောက် ပလိပ်ရောဂါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့နှင့် ၇ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင် ထူးခြားစွာ ပလိပ်ရောဂါ သတိပေးချက် ပါရှိသည်။

“ကြွက်များ ရုတ်တရက် သေဆုံးပါက ပလိပ်ရောဂါကြောင့် ဖြစ်နိုင်ကြောင်း” ပလိပ်ရောဂါ သံသယရှိသော ကြွက်များကို စစ်ဆေးနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ကျန်းမာရေး ဝန်ကြီးဌာန၏ နှိုးဆော်စာကို သတင်းစာတွင် ဖော်ပြထားသည်။

“ကြွက်ကောင်းလား၊ ကြွက်နာကျနေတဲ့ ကြွက်လားဆိုတာ လူထုကသိဖို့ကို ကျန်းမာရေးဌာနတွေက အသိပညာပေးတွေ လုပ်ဖို့လိုပါတယ်။ ကိုယ့်အိမ်မှာ သေနေတဲ့ကြွက်ကို မသင်္ကာလို့ရှိရင် ချက်ချင်း ဓါတ်ဆီလောင်းပြီး မီးရှို့ပစ်ဖို့ လိုပါတယ်။ ဒါမှမဟုတ် ကျန်းမာရေးဌာနတွေကို အကြောင်းကြားတာမျိုး လုပ်သင့်ပါတယ်” ဟု ပျဉ်းမနားမြို့ပေါ်ရှိ လူမှုဖူလုံရေးအဖွဲ့မှ ဒေါက်တာဒေါ်ခင်အေးမြင်က ပြောသည်။

ထို့ပြင် ပျဉ်းမနားမြို့ပေါ်မှ ယောက်သွားအင်း၊ ကံဦး၊ ရန်အောင် (၂) နှင့် ရွှေချီ ရပ်ကွက်တို့တွင် ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေး ကူးဆက်ရောဂါ ဖြစ်နေလျက်ရှိကြောင်း အဆိုပါ ရက်ကွက်များတွင် နေထိုင်သူများက ပြော သည်။

ယခုလအစပိုင်းက သွေးလွန်တုတ်ကွေးရောဂါကို အသက် ၅-၆ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများသာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ သက်ကြီးရွယ်အိုများတွင်ပါ ကူးစက်နေသည်ဟုဆိုသည်။

“သွေးလွန်တုတ်ကွေးကတော့ တချို့ကြတော့ ဆေးခန်းသွားပြီး ၁ ရက် ၂ ရက်နဲ့ ပျောက်တယ်။ တချို့ကြတော့ ဆေးရုံကို တဆင့်ပြောင်းတက်ကြတယ်။ ဝမ်းလျှောနေတဲ့ လူတွေလဲ မနည်းဘူး” ဟု ယောက်သွားအင်း ရက်ကွက် နေထိုင်သည့် ပွဲရုံပိုင်ရှင်တဦးက ပြောသည်။

စိုစွတ်သည့် ရာသီကို ရောက်လာသည်နှင့် ရေမြောင်း၊ ရေအိုင်များ၊ အမှိုက်ပုံများတွင် ပိုးလောက်လန်းများ ပေါက်ဖွားပြီး ခြင်၊ ယင်ကောင်များ ပေါက်ပွားလာကာ ယင်နားသည့်အစားအစာများစားမိလျင် ဝမ်းလျှော၊ ဝမ်းပျက်ခြင်းများဖြစ်ပြီး ခြင် အန္တရာယ်ကို နိုင်နင်းအောင် ကာကွယ်နိုင်ခြင်း မရှိခြင်းကြောင့် သွေးလွန်တုတ်ကွေးများ ဖြစ်ကြရကြောင်း ဒေါက်တာ ဒေါ်ခင်မြင့်အေးက ပြောသည်။

သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှုသည် မြန်မာနိုင်ငံတွင် ထူးခြားဖြစ်စဉ်တော့ မဟုတ်လှပါ။ ယခုနှစ် ဇန်နဝါရီမှ မေလပိုင်းအထိ ရန်ကုန်တိုင်းအတွင်း လူဦးရေ ၉ဝဝ ကျော် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ၆ ဦးသေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Tuesday, July 6, 2010

ပြည်ပ သွားမည့်သူ များ လူကုန်ကူးမှု ကြိုတင် တားဆီးရေး သိထား ရမည့် ဖုန်းနံပါတ်များ

တရုတ် နိုင်ငံတွင် လူကုန်ကူး ခံရသူ မြန်မာ အမျိုးသမီး တစ်ဦးကို ရဲက ဖမ်းဆီးလိုက် ပါတယ် ။ အချုပ်ထဲ ရောက်တော့ အခြား အဖမ်းခံရတဲ့ သူတွေနဲ့ ရောနေတာ ၊ ဘာသာစကား နားမလည် တာတွေကြောင့် လူကုန်ကူး ခံရတယ် ဆိုတာကို ပြောခွင့် မရပါဘူး ။

ဒါပေမဲ့ အချုပ်ခန်းထဲမှာ ဖုန်းနံပါတ် တစ်ခု ရခဲ့ပါတယ် ။ အရင်က သူ့လိုပဲ အဖမ်းခံရသူတွေက နံရံပေါ်မှာ ရေးထားခဲ့တဲ့ ဖုန်းနံပါတ်ပါ ။ အဲဒီ နံပါတ်အတိုင်း ဆက်သွယ်ပြီး သူ့အဖြစ်အပျက်ကို ပြောပြနိုင်ခဲ့လို့ လွတ်မြောက်ခဲ့ တယ်လို့ ဆိုပါတယ် ။

မြန်မာ အမျိုးသမီး နောက်တစ်ဦးကတော့ စင်ကာပူမှာ သူနာပြု အကူ လုပ်ရမယ်ဆိုပြီး တကယ်ေ ရာက်သွားတော့ အိမ်အကူ လုပ်ရတယ် ။ လစာလည်း ပြောထားတဲ့ အတိုင်း မရသလို သူ့ရဲ့ အထောက် အထားတွေ အားလုံးကို အိမ်ရှင်က သိမ်းထားလိုက်တယ် ။ ဒါပေမဲ့ သူလာကတည်းက လိုလို မည်မည် ဖွက်ပြီး ယူလာတဲ့ ဖုန်းနံပါတ်ကြောင့် သူ လွတ်မြောက်ခဲ့ ပါတယ် ။

" ပြည်ပသွား လုပ်ရမဲ့ သူတွေ အနေနဲ့ မထင်မှတ်ဘဲ လူကုန်ကူး ခံလိုက် ရရင်ပဲ ဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ လုံခြုံမှု အတွက် အကူအညီ ပေးနိုင်မည့် ဖုန်းနံပါတ်များကို တစ်နည်းနည်းနဲ့ ယူဆောင် သွားသင့်ပါတယ် ၊ သွားတဲ့ ခရီးလမ်း တစ်လျှောက်မှာလည်း သတိ လက်လွတ် မသွားဘဲ လမ်းညွှန် ဆိုင်းဘုတ်တွေ ၊ သတိပေးချက်တွေ ၊ လက်ကမ်း စာစောင်တွေကို သတိထား ကြည့်ပြီး သွားသင့်ပါတယ် " လို့ မဲခေါင်မြစ်ဝှမ်း ဒေသတွင်း လူကုန်ကူးခြင်း တိုက်ဖျက်သည့် ကုလသမဂ္ဂ စီမံချက် (UNIAP) ရဲ့ တာဝန်ရှိသူက အကြံပြု ပြောကြားပါတယ် ။

လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူး အဖွဲ့ တွေကို နယ်စပ်မြို့တွေ ၊ မြို့ကြီးတွေမှာ ဖွင့်ထားပါတယ်။ ဒီဖုန်းနံပါတ်တွေဟာ ကိုယ့်ကိုယ်ကို ကာကွယ် နိုင်သလို အခြားသူတွေ လူကုန်ကူးတဲ့ ဖြစ်ရပ်နဲ့ ကြုံရင်လည်း အကူအညီ ပေးနိုင်တယ် ဆိုပါတယ် ။ လူကုန် ကူးမှု တားဆီး နှိမ်နင်းရေး ၊ အထူး အဖွဲ့ များ၏ တည်နေရာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

Saturday, July 3, 2010

ရွှေရောင်လက် များက ကျောင်း အပ်နှံရန် အခက် အခဲ ဖြစ်နေသော ကလေး များအား ကျောင်း အပ်နှံပေး


ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်း အပ်နှံ နိုင်ရေး ဟူသော စေတနာဖြင့် ( ၂ဝ၁ဝ - ပညာသင်နှစ် ) အတွက် ကျောင်း အပ်နှံရေး အခက် အခဲ ဖြစ်နေသော မိဘမဲ့ ကလေးများ၊ မိတစ်ဆိုး၊ ဖတစ်ဆိုး ကလေး များနှင့် မိဘ နှစ်ပါး စလုံး ပြည့်စုံ သော်လည်း ချို့တဲ့ နွမ်းပါးသော ကလေး သူငယ်များကို '' ရွှေရောင် လက်များ သာရေးကူညီမှု ပရဟိတ အဖွဲ့'' က (၁၄၊၆၊၂ဝ၁ဝ) နေ့က သက်ဆိုင်ရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ သို့ အပ်နှံ ပေးခဲ့သည်။

ထို ရွှေရောင်လက်များ သာရေး ကူညီမှု ပရဟိတ အဖွဲ့တွင် စာပေ ပညာရှင် များနှင့် အနုပညာရှင်များ ပါဝင်ပြီး ကျောင်း အပ်နှံရေး အခက် အခဲ ရှိနေသည့် ကျောင်းနေ အရွယ် ကလေးများကို ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ် စာအုပ်၊ ခဲတံ စသော ကျောင်းသုံး ပစ္စည်းများသာ မက ကလေးများ အတွက် လိုအပ်သော ကျောင်းဝတ်စုံ၊ ကျောပိုးအိတ်၊ လွယ်အိတ် နှင့် ဖိနပ် စသော အသုံး အဆောင်ပစ္စည်းများ ပါ ထောက်ပံ့ ကြောင်း နှင့် လာမည့် နှစ်များ တွင်လည်း ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းနေ နိုင်ရန် မိမိတို့ အဖွဲ့မှ တက်အား သရွေ့ ကြိုးစား သွားမည် ဖြစ်ကြောင်း စာရေးဆရာ ဗအုပ်ခိုင်က ပြောကြား သွားသည်။

ရွှေရောင် လက်များ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးလည်းဖြစ် အလှူရှင် တစ်ဦးလည်း ဖြစ်သော ကလေး အထူးကု ဆရာဝန် ဒေါက်တာ အလင်္ကာ (ကဗျာဆရာမ မိကောက်) နှင့် မိခင်ဖြစ်သူ တို့က ကလေးများ ကျောင်းအပ်နိုင်ရန် အတွက် အလှူငွေကျပ် (ငါးသိန်း) ကို ပေးအပ် လှူဒါန်း သွားသည်။

စေတနာရှင်၊ အလှူရှင်များ အနေဖြင့် ငွေကြေး ဖြစ်စေ၊ ကျောင်းသုံး ပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ (အသစ်/အဟောင်း) ၊ ကျောပိုးအိတ်၊ စာသင်ခုံ စသော ကျောင်းသုံး ပစ္စည်းများ လှူဒါန်းလို ပါက စာရေး ဆရာဗအုပ်ခိုင် ဖုန်း (၆၄၄ဝ၉ဝ၊ ၇၃ဝ၃၆၆၅၄) သို့ဖြစ်စေ၊ ဒေါက်တာ အလင်္ကာ ဖုန်း (ဝ၉၅ဝ၅ဝ၆ဝ၂) သို့ ဖြစ်စေ၊ ရုပ်ရှင် နှင့် ဗွီဒီိယို ဟာသသ ရုပ်ဆောင် ဖိုးဖြူ၊ ဖုန်း (ဝ၉၅၁၈၃၉၁၇) သို့ဖြစ်စေ လှူဒါန်း နိုင်ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြ ထားသည်။