ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, January 24, 2011

နေပြည်တော်လမ်း ကားမှောက် ဂျပန်တဦး သေဆုံး

မဇ္ဈိမသတင်းဌာန
ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် လူ ၅ ဦးစီးနင်းလာသော အိမ်စီးကားတစီး စနေနေ့က ည ၁ဝ နာရီ ကျော်က တိမ်းမှောက်မှု ဖြစ်ပွားရာ ဂျပန်လူမျိုး တဦးအပါအဝင် ၂ ဦး သေဆုံးသွားသည်။

သေဆုံးသူ ဂျပန်လူမျိုးမှာ ဟိဒကိ ဟဆဲဂဝ(Hideki Hasegawa) ဖြစ်ပြီး အသက် ၄ဝ ကျော်ခန့်ရှိ ဆေးပညာ ကျွမ်းကျင်သူ ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး အရာထမ်းတဦးက ပြောသည်။

အခြား ဂျပန်လူမျိုးတဦးမှာလည်း ဒဏ်ရာရရှိသဖြင့် တောင်ငူ ဆေးရုံသို့ တင်ပို့ထားရသည်ဟုလည်း ပြောသည်။

အခြားသေဆုံးသူ တဦးမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ မြန်မာလူမျိုး အရာရှိတဦးဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရန်ကုန်တိုင်းမ် ဂျာနယ်က ရေးသားထားသည်။

ရန်ကုန်ရှိ ဂျပန်သံရုံး၏ပြောပြချက်အရ စစ်ဆေးစုံစမ်းမှုပြုလုပ်ရန် စေလွှတ်ထားကြောင်း သိရသည်။

မိုင်တိုင်အမှတ် ၁၃ဝ မိုင်ဝန်းကျင်ခန့်တွင် ယာဉ်တစီး တိမ်းမှောက်နေသည်ကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းက မြင်တွေ့ခဲ့ကြကြောင်း နေပြည်တော် အကယ်ဒမီပေးပွဲသို့ သွားရောက်သည့် ပြည်တွင်းသတင်းစာဆရာတဦးက ပြောသည်။

သေဆုံးသူ ဟဆဲဂဝ (Hideki Hasegawa)သည် နေပြည်တော်ရှိ အစိုးရ အဆင်မြင့် အရာရှိတဦးနှင့် တွေ့ဆုံရန် လာရောက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း နိုင်ငံခြားသတင်းအေဂျင်စီ သတင်းထောက်တဦးက ပြောသည်။

ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းသည် ကွန်ဂရိလမ်း ဖြစ်သောကြောင့် ယာဉ်တိမ်းမှောက်ခြင်းများကို ကြည့်ပါက တာရာပွင့်ထွက်ကာ မှောက်သည်ကများကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့(ယာဉ်မှုစစ်)မှ တာဝန်ရှိသူတဦးက ပြောသည်။

နေပြည်တော် ရန်ကုန်အမြန်လမ်း လမ်းပိုင်း စတင်ဖွင့်လှစ်သည့် ၂ဝဝ၉ ခုနှစ် မတ်လ ၂၆ ရက်မှ ၂ဝ၁ဝ နိုဝင်ဘာ ၂၃ ရက်အထိ လနှစ်ဆယ်ခန့် ကာလ အတွင်း ထိုလမ်းပိုင်း ပေါ်တွင် ယာဉ်တိုက်မှု စုစုပေါင်း ၁၅၆မှု ဖြစ်ပွားခဲ့ပြီး လူ (၈ဝ)သေဆုံးကာ ၊ ၂၇၈ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၉ရက်ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတခုတွင် ဖော်ပြထားသည်။

ယာဉ်တိုက်မှု ၁၅၆ မှုတွင် ယာဉ်မောင်းများ၏ ပေါ့ဆမှုကြောင့် ၉၇ မှုဖြစ်ပွားခဲ့ပြီး အရှိန်ပြင်း မောင်းနှင်မှုကြောင့် (၂၄)မှု ဖြစ်ပွားခဲ့သည်ဟု ဆောင်းပါးတွင် ပါရှိသည့်အပြင် ၂ဝဝ၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှု ဖြစ်ပွားသည့် အကြိမ်ရေနှင့် လူသေဆုံးသည့် အရေအတွက် တိုးလာကြောင်းလည်း ဖော်ပြထားသည်။

No comments:

Post a Comment