ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, January 11, 2011

ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်

ထွန်းထွန်း
အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၀ မိနစ် .
မဇ္ဈိမ
စွယ်စုံရအနုပညာရှင် ဒါရိုက်တာ မောင်ဝဏ္ဏသည် အဆုတ်ကင်ဆာဖြင့် ၆၄ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ ယနေ့မနက် ကွယ်လွန်သွားသည်။

စာရေးဆရာ၊ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏသည် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် အသင်းတိုက် မှတ်တိုင်အနီး သာဓုခြံဝင်းရှိ သူ၏ နေအိမ်တွင် ယနေ့မနက် ၄ နာရီ ၂ဝ မိနစ်ခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
(photo::http://www.wikimyanmar.co.cc )
“၄ နာရီ ၂ဝ မှာ ဆုံးပါတယ်။ အဆုတ်ကင်ဆာ ရောဂါပါခင်ဗျာ” ဟု ဒါရိုက်တာ မောင်ဝဏ္ဏ၏ သားဖြစ်သူ မောင်ဥက္ကာက ပြောသည်။

သဘာဝကို အသားပေး ရိုက်ကူးလေ့ရှိသည့် ဦးဝဏ္ဏ ဆုံးပါးသွားသဖြင့် ရုပ်ရှင်အသိုင်းအဝိုင်းအကြား နှမြောတသ စိတ်မကောင်း ဖြစ်နေကြသည်။

“ကိုဝဏ္ဏ ဆုံးသွားတာကတော့ ကျနော်တို့ အနုပညာလောကအတွက် အားလုံးအတွက်ပေါ့လေ...၊ တော်တော်လေး ဆုံးရှုံးမှုတရပ်လို့ ကျနော် မြင်ပါတယ်။ ဦးဝဏ္ဏက သူရိုက်တဲ့ကားတိုင်းက သဘာဝကျကျနဲ့ ရိုက်ခဲ့တယ်။ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ လက်တွေ့ခံစားနေရတဲ့ ဒီခံစားချက်တွေကို သူ ထည့်ရိုက်တယ်။ အဲဒီတော့ သဘာဝကျကျနဲ့ ရိုက်တဲ့ လူသားတဦး ဆုံးရှုံးသွားတယ်ပေါ့လေ” ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ပြောသည်။

ဆရာ မောင်ဝဏ္ဏ ရုပ်ကလာပ်ကို ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) က ရေဝေးသုသာန်သို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။



“အသက် ၈ဝ ကျော်မှ သုံးရတဲ့ ဂျပန်နိုင်ငံက လှူထားတဲ့ ကားကြီးတွေနဲ့ ရေခဲတိုက်ကို ပို့တာ။ ကိုဝဏ္ဏက ၈ဝ မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ စံပြလူသားတဦး ဖြစ်တဲ့အတွက် ဒီကားကြီးနဲ့ ကျနော် သွားပို့တယ်။ လမ်းကျတော့ ရေဝေးသုသာန် မရောက်ခင် လမ်းကျတော့ ကားဘီးက လုံးဝကို ကွဲထွက်သွားတယ်။ ကျနော်တို့ ရိုးရိုးကားနဲ့ ပြန်ပြီးတော့ Body (ရုပ်အလောင်း) ကို ပြန်ရွှေ့တင်ရတယ်။ ကိုဝဏ္ဏတယောက်ကတော့ သဘာဝကျကျပဲ သူ့နောက်ဆုံးလမ်းကို သွားချင်တယ်၊ ပကာသနတွေ မလိုချင်ဘူး ထင်တယ်လို့ ကျနော့်ခေါင်းထဲ ရောက်လာတယ်” ဟု ဦးကျော်သူက ပြောသည်။

ဒါရိုက်တာ မောင်ဝဏ္ဏကို ဖခင်ဖြစ်သူ စာရေးဆရာနှင့် ဒါရိုက်တာ ဦးသာဓုနှင့် မိခင် ဒေါ်ခင်ညိုက ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ “ဒဿနိကဗေဒ” အဓိကဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့ကာ ၁၉၆၉ ခုနှစ်မှစ၍ “သိုင်းသမား” ရုပ်ရှင်ဇာတ်ညွှန်းရေးသားခဲ့ကာ၊ ၁၉၇ဝ ခုနှစ်တွင် “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ရုပ်ရှင်ရိုက်ကူးပြီး ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ဤဇာတ်ကားဖြင့် အသက်အငယ်ဆုံး ဒါရိုက်တာထူးချွန်ဆု ရရှိခဲ့သည်။



၁၉၇၁ ခုနှစ်တွင် အဆိုပါ ဇာတ်ကားဖြင့် ၁၉၇ဝ ခုနှစ်အတွက် ဒါရိုက်တာ အကယ်ဒမီဆုကို ရရှိခဲ့သည်။ ထို့နောက် ဇာခန်းဆီးနောက်ကွယ်မှာ၊ ခြေဖဝါးတော်နုနု၊ နှောင်းတမြေ့မြေ့၊ ပန်းတွေနဲ့ဝေ၊ ခုနှစ်စဉ်အလွမ်း၊ ရယ်စရာမောစရာ၊ ရင်ထဲက ဆောင်းရာသီ အပါအဝင် ရုပ်ရှင်ဇာတ်ကားကြီး ၂ဝ ကျော် ရိုက်ကူးခဲပြီး ၁၉၉ဝ ခုနှစ်တွင် “ပန်းတွေနဲ့ဝေ” ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။

၁၉၇၂ ခုနှစ်တွင် လေထဲက အိပ်မက်ကလေး ဝတ္ထုကို ရှုမဝမဂ္ဂဇင်းတွင် စတင်ရေးသားခဲ့ပြီး စာပေနယ်သို့ပါ ဝင်ရောက်ခဲ့သည်။

မကွယ်လွန်မီအထိ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ၊ ချစ်ခင်စ မှော်ရုံမှာလေ၊ မောင်စိန်သောင်း မနှင်းရည် ဝတ္ထုတိုများ၊ တက္ကသိုလ်လွမ်းချင်း၊ မောင့်အပြင် မောင့်ညီကိုတွေ မေ့အလွမ်းပြေ၊ ရင်တွေ ခုန်နေသည်၊ မင်းကို ကိုယ်ချစ်တယ် အပါအဝင် လုံးချင်းစာအုပ်ပေါင်း ၂ဝ ကျော် ရေးသားခဲ့သည်။

မွေးချင်း ညီအစ်ကို ၃ ဦးရှိသည့်အနက် အလတ်ဖြစ်သူ မင်းလူမှာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးသူ ဖြစ်သည်။ အငယ်ဆုံး ဦးသုမောင်မှာ စွယ်စုံရ အနုပညာရှင်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် မေလ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ဆရာမောင်ဝဏ္ဏ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ချိုချိုရည်နှင့် သားသမီးများဖြစ်သည့် မဝါနု၊ မောင်သော်ဇင်၊ မောင်ဥက္ကာ ဟူသော သားသမီး ၃ ဦး ကျန်ရစ်ခဲ့သည်။

ရုပ်ကလာပ်ကို ယခုလ ၁၃ ရက်နေ့ ညနေ ၃ နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုင်္ဟ်သွားမည်ဖြစ်သည်။

No comments:

Post a Comment