ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, January 11, 2011

မြန်မာနိုင်ငံ အလယ်ပိုင်း ဓာတ်ငွေ့သိုက်ကြီး တွေ့ရှိ

သောမတ်စ် မောင်ရွှေ
မဇ္ဈိမ
မြန်မာနိုင်ငံတွင် ရေနံနှင့် ဓာတ်ငွေ့ရှာဖွေ တူးဖော်မှုများ ပြုလုပ်နေသော တရုတ်နိုင်ငံ SIPC မြန်မာရေနံ ကုမ္ပဏီ လီမိတက်က မကွေးတိုင်း ပထိုးလုံဒေသတွင် ဓာတ်ငွေ့ ၉ဝ၉ ဘီလျံကုဗပေနှင့် ရေနံဓာတ်ငွေ့ရည် စည်ပေါင်း ၇.၆ သန်း ထွက်ရှိနိုင်မည့် ရေနံမြေတခုကို တွေ့ရှိခဲ့ကြောင်း စစ်အစိုးရပိုင် မီဒီယာများက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

ဤအချက်မှန်ကန်ပါက စစ်အစိုးရက ပြည်တွင်းစီးပွားရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စတင်ဖွင့်ပေးခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြီးဆုံး ကုန်းတွင်းပိုင်း ဓာတ်ငွေ့သိုက် တွေ့ရှိမှု ဖြစ်လာမည်။

ယခုသတင်းကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်း သတင်းစာတွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြထားသည်။

SIPC မြန်မာရေနံကုမ္ပဏီ လီမိတက်သည် စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE နှင့် ဆိုင်နိုပက် အင်တာနေရှင်နယ် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း SIPC တို့ ပူးတွဲလုပ်ကိုင်နေသည့် ဖက်စပ်လုပ်ငန်းဖြစ်ပြီး အဆိုပါ ဆိုင်နိုပက်မှာ တရုတ်နိုင်ငံ ဆိုင်နိုပက်အုပ်စုက လုံးဝပိုင်ဆိုင်သည့် လုပ်ငန်းခွဲတခု ဖြစ်သည်။

သို့သော် အဆိုပါတွေ့ရှိမှုသတင်းကို ရေနံဓာတ်ငွေ့ လုပ်ငန်းလောကတွင် လုပ်ဆောင်လေ့ရှိသည့်အတိုင်း သီးခြား လွတ်လပ်သော တတိယအဖွဲ့အစည်းတခု၏ အတည်ပြုမှုကိုမူ မရရှိသေးပါ။

ဤလုပ်ငန်းမှ ထွက်ရှိသော အထွက်ပစ္စည်းများ၏ ၆ဝ % ကို မြန်မာနိုင်ငံက ရရှိမည်ဖြစ်ပြီး ကျန်ရေနံဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပိုက်လိုင်းသွယ်၍ ပေးပို့မည်ဟု မြန်မာတိုင်းမ်ဂျာနယ်က နိုဝင်ဘာလတွင် သတင်းပေးပို့ခဲ့သည်။

ရေနံဓာတ်ငွေ့ပိုက်လိုင်းများမှ ဒေါ်လာဘီလျံပေါင်းများစွာ ရရှိမည်။

မြန်မာနိုင်ငံ ရေနံဓာတ်ငွေ့ကဏ္ဍတွင် တရုတ်နိုင်ငံသည် အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ပြီး ထွက်ရှိလာသော ရေနံနှင့် ဓာတ်ငွေ့များကို အများဆုံးသုံးမည့် နိုင်ငံမှာလည်း တရုတ်နိုင်ငံပင် ဖြစ်ဖွယ်ရှိသည်။

တရုတ်ကုမ္ပဏီတခုဖြစ်သော CNOCC လီမိတက်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်အထိ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း နှစ်လိုင်းကို ဆောက်လုပ်နေသည်။

ဤကုမ္ပဏီအုပ်စုသည် တရုတ်နိုင်ငံတွင် ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်သော ကုမ္ပဏီအုပ်စုဖြစ်သည်။

ဤပိုက်လိုင်း ပြီးစီးသွားပါက အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းလာသော ရေနံစိမ်းများကို စရိတ်သက်သာ လျင်မြန်စွာဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ယခုလောလောဆယ်တွင်မူ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းလာသော ရေနံစိမ်းများကို မလက္ကာရေလက်ကြားမှတဆင့်သင်္ဘောဖြင့် သယ်ယူနေရသည်။

အဆိုပါပိုက်လိုင်းသည် ၂ဝ၁၃ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရပြီး မြန်မာနိုင်ငံအဖို့လည်း ပိုက်လိုင်းဖြတ်သန်းခ အမြောက်အမြား ရရှိလိမ့်မည်။

No comments:

Post a Comment