ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, February 10, 2011

ကားခိုးဂိုဏ်း ဖမ်းမိ

မိုးယံ

စက်မှုဇုန်ထုတ် ကားများကို ခိုးယူပြီး ပုံစံဖျက်ကာ ကားရောင်းဝယ်ရေး ဈေးကွက်သို့ ပြန်လည် ရောင်းချနေသော ကားခိုးဂိုဏ်း တခုကို ယခုနှစ် ဖေဖော်ဝါရီ ပထမပတ်တွင် ဖမ်းဆီးဖော်ထုတ် အရေးယူ နိုင်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“စက်မှုဇုန်ထုတ်ကားတွေ ပျောက်တဲ့ တိုင်ချက်တွေသာ ထပ်ထပ်တိုးလာတယ်၊ ကားခိုးတဲ့လူတွေ ဖမ်းမရတဲ့အတွက် သက်ဆိုင်ရာက တော်တော်ခေါင်းခြောက်ခဲ့ရတယ်။ အခုတော့ ကွင်းဆက်တွေလိုက်ရင်း တဖွဲ့လုံးဖမ်းမိတယ်” ဟု ၎င်းကဆိုသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်း တောင်ရပ်ကွက် မြေနီကုန်းဈေးလမ်းတွင် ယာယီ ၇၇၉၅/ ၂၀၁၀ နံပါတ်ပြား တပ်ဆင်ထားသော အဖြူရောင် တောင်းအေ့စ် ယာဉ်မောင်းနှင်လာသူ ကျော်ဝင်းနိုင် (ခေါ်) အာနက်စ်ကို မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် ခေါ်ယူ စစ်ဆေးရာမှ ကားခိုးဂိုဏ်းတခုလုံးကို ဖမ်းဆီနိုင်ခဲ့ကြောင်း သိရသည်။

“ကျော်ဝင်းနိုင်ကို စစ်ဆေးနေတုန်း သူ့ဖုန်းကို လိုင်စင်မဲ့ ကားတစီး ထပ်ရောင်းမယ်ဆိုပြီး လူတယောက် ဆက်လာတယ်။ Blazon ရှေ့မှာ တရားခံ ကျော်ဝင်းနိုင်ကို တည်ကြက်လုပ်ထားပြီး ကျန်တဲ့ လူတွေကို ထပ်ဖမ်းနိုင်ခဲ့တယ်” ဟု မှုခင်းနှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကားခိုးဂိုဏ်းတွင် ပါဝင်သူနှစ်ဦးသည် ညပိုင်း ရန်ကုန်မြို့၌ အငှားကားတစီးကို မောင်းနှင်၍ စက်မှုဇုန်ထုတ် ကားများ တွေ့ရှိပါက အခွင့်ကောင်းရလျှင် ရသလို ၎င်းတို့တွင် ပါလာသော ကားသော့အတုများဖြင့် ဖွင့်လှစ် မောင်းနှင်ကာ လှည်းကူးရှိ ဆန်စက်ဝင်းအတွင်း ခိုးယူသွားကြကြောင်း စစ်ဆေးမေးမြန်းရာမှ သိရှိခဲ့သည်။

ကားခိုးဂိုဏ်းတွင် အဓိက တရားခံများဖြစ်သော ယခင် ကားပွဲစား အလုပ်လုပ်ကိုင်ခဲ့သူ နေအောင်လတ် (ခ) နေအောင်၊ အားထိုက်တို့နှင့် အတူ ကွင်းဆက် တရားခံများအဖြစ် ဇော်ရဲနောင် (ခ) ရဲဇော်၊ စိုင်းဖုန်းအောင်၊ ရန်အောင်လတ်၊ ကျော်ကိုကိုထွန်း (ခ) ကျော်ကြီး၊ ကျော်ဝင်းနိုင် (ခ) အာနက်စ်၊ အောင်ဇော်မင်း (ခ) ကရင်၊ ကျော်စွာဝင်း (ခ) လှိုင်းဘွဲ့၊ ၀င်းဆန်း (ခ) ရုပ်တည် စသော ကားခိုးကာ ပုံစံဖျက်ရောင်းချသူ ၁၀ ဦးကို ဖမ်းဆီးမိခဲ့သည်။

အဆိုပါ ကားခိုးဂိုဏ်း အဖွဲ့တွင် ၀ါရင့်ကား ၀ယ်ရောင်း သမားများ၊ ကားပြင်ဆရာ များနှင့် ကားအကြောင်း နားလည်သူများ ပါဝင်ပြီး ကားတစီးလုံးကို တစစီ ဖြုတ်ရလွယ်ကူသော စက်မှုဇုန်ထုတ် ကားများကိုသာ အဓိကခိုးယူပြီး ပုံစံဖျက်ကာ ပြန်လည် ရောင်းချခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ရပ်နားထားသော စက်မှုဇုန်ထုတ် ကားများကို လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် ငြိမ်းချမ်းဖြိုးလမ်းရှိ ရွှေဝါမြေ ဆန်စက်ဝန်း အတွင်းသို့ ခိုးယူမောင်းနှင်ပြီး အဆိုပါ ဆန်စက်ဝန်းအတွင်းတွင် ခိုးယူလာသော ကားကို တစ်စစီ ဖြုတ်ကာ ပုံစံပြောင်းလဲ ရောင်းချခဲ့ကြခြင်း ဖြစ်သည်။

“သူတို့က စက်မှုဇုန်ထုတ်ကား ၁၀ စီးကျော်ကို ခိုးပြီး ပုံစံဖျက်ရောင်းခဲ့တာ။ ဆန်စက်ထဲက တစစီဖြုတ်ထားတဲ့ ကားပစ္စည်းတွေလည်း သိမ်းမိတဲ့အပြင် သူတို့ရောင်းလိုက်တဲ့ ကားတွေကိုလည် လိုက်လံရှာဖွေ သိမ်းဆည်းနေတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့တွင် စစ်တပ်မှ သားသမီးများ၊ နာမည်ကြီးစီးပွားရေး လုပ်ငန်းရှင်များနှင့် အနုပညာရှင် တချို့သည် စက်မှုဇုန်ထုတ် ကားများကို တစစီဖြုတ်ပြီး မော်ဒယ်မြင့် လိုင်စင်မဲ့ (Without) ကားများ၏ အင်ဂျင်၊ ဘော်ဒီ စသည်တို့ကို တပ်ဆင် လဲလှယ်စီးနေမှုများ ရှိကြောင်း၊ ထို့ကြောင့်သာ ယခုကဲ့သို့ ကားများကို ခိုးယူ ပုံစံဖျက်သူများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ဟံသာဝတီ ကားပွဲစားတန်းမှ ကားဝယ်ရောင်း လုပ်ကိုင်သူ တဦးက ဆိုသည်။

“စက်မှုဇုန်ထုတ် ကားတွေက အရည်အသွေး အရမ်းညံ့တော့ ဇုန်ကားတွေကို လိုင်စင်ရဖို့ပဲ ၀ယ်တယ်။ ပြီးရင် မြ၀တီဘက်က Without တစီးဝယ်ပြီး နှစ်စီးကို ပေါင်းစပ်စီးကြတာ။ ကားဝပ်ရှော့တွေမှာ ကားတွေကို တစစီဖြုတ်တပ်လုပ်နေကြတယ်” ဟု ၎င်းကပြောသည်။

စက်မှုဇုန်ထုတ်ကားများကို ခိုးယူ ပုံစံဖျက်ပြီး ရောင်းချသော ကားခိုးဂိုဏ်းကို သက်ဆိုင်ရာမြို့နယ်များရှိ ရဲစခန်းများတွင် ပုဒ်မ ၃၇၉ (ကား) နှင့် ဖမ်းဆီးစဉ် ဓားတချောင်း သိမ်းဆီးမိသဖြင့် လက်နက်ပုဒ်မ ၁၉ (င) ဖြင့်ပါ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

No comments:

Post a Comment