ကိုထွေး
မြန်မာ့ကမ်းလွန် ပင်လယ်တွင် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရန် မြန်မာကုမ္ပဏီ တခုနှင့် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း စင်ကာပူနိုင်ငံ ပင်လယ် ရေကြောင်းဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီတခုက သောကြာနေ့တွင် ကြေညာလိုက်သည်။
အမေရိကန် ဒေါ်လာ ၇၇ သန်းတန် စာချုပ်ကို ချုပ်ဆိုသည့် စင်ကာပူ ကုမ္ပဏီသည် Swiber Hoilding Limited ဟု သိရသော်လည်း မြန်မာကုမ္ပဏီ၏ အမည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိချေ။
၁၅၀ ကီလိုမီတာ ရှည်သော ရေအောက် ပိုက်လိုင်းနှင့် ပတ်သက်၍ ပြင်ဆင်မှုများကို ဒီဇင်ဘာလတွင် စတင်မည် ဖြစ်ပြီး ၂၀၁၀ နှစ်ဦးပိုင်းတွင် လုပ်ငန်းစတင် အကောင် အထည် ဖော်မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
Swiber ကုမ္ပဏီ၏ အမှုဆောင် အရာရှိ မစ္စတာ ရေမွန်ဂိုက “မြန်မာနိုင်ငံမှာ ကမ်းလွန် တည်ဆောက်ရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက်ရတာ ကျနော်တို့အတွက် ဂုဏ်ယူစရာ ကောင်းသလို စိတ်လည်း လှုပ်ရှားမိပါတယ်” ဟု ဆိုသည်။
စီမံကိန်းသည် ၆ လ ကြာမြင့်မည် ဖြစ်ပြီး ၂၀၁၀ နှစ်လယ်ပိုင်းတွင် ပြီးဆုံးရန် မျှော်မှန်းထားကြောင်းလည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံအထိ သွယ်တန်းမည့် ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံတို့ အကျိုးမရှိဘဲ စစ်အာဏာပိုင်တို့သာ အကျိုးရှိစေမည်ဟု ထိုစီမံကိန်းကို စောင့်ကြည့်နေသည့် ပြည်ပ အခြေစိုက် Shwe Gas Movement အဖွဲ့က ပြောသည်။
“အာဆီယံနိုင်ငံတွင်းမှာ ရှိတဲ့ အစိုးရအနေနဲ့ရော စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ စီးပွားရေးဆိုင်ရာ ကုမ္ပဏီ အနေနဲ့ရော ဒီကိစ္စကို အလေးအနက် စဉ်းစားရမှာဖြစ်တယ်၊ ကိုယ်ကျင့်တရားနဲ့ တခြားငွေရေး ကြေးရေး ဆိုင်ရာ အပိုင်းတွေမှာလည်း ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ တန်ဖိုးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် အစား စစ်အုပ်စုကို ရင်းနှီးမြှပ်နှံမှု တခုအတွက် ထောက်ပံ့ နေတာက မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် တွန်းအား မပေးသလို ဖြစ်တာပေါ့” ဟု Shwe Gas အဖွဲ့ မှ ကိုဝင်းအောင်က ဆိုသည်။
ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ပါဝင်ခွင့် ရရှိရန် အိန္ဒိယ အပါအ၀င် တခြား တိုင်းပြည်များက ကြိုးပမ်းခဲ့ကြသော်လည်း စင်္ကာပူကုမ္ပဏီက အနိုင်ရသွားကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးအရ ပိုပြီး၍ အာမခံချက်ရှိသည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကီလိုမီတာ ၄၀၀၀ ခန့် ရှည်လျားသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေး စီမံကိန်းကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNCP)က၂၀၀၉ စက်တင်ဘာလမှ စတင်ခဲ့ကြောင်း၊ ဓာတ်ငွေ့ ရောင်းရငွေကြောင့် မြန်မာနိုင်ငံသည် လာမည့် အနှစ် ၃၀ အတွင်း နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံ ခန့် ရရှိမည် ဖြစ်ကြောင်း Shwe Gas Movement အဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။
မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှ ရရှိသော နှစ်စဉ် ၀င်ငွေမှာ ဒေါ်လာ ၂.၄ ဘီလီယံခန့်ရှိပြီး နိုင်ငံဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းခန့် ရှိကြောင်းလည်း Shwe Gas အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံအတွင်း ပြည်ပ ရင်းနှီးမြှပ်နှံမှုသည် ၂၀၀၇-၀၈ တွင် ဒေါ်လာ ၁၇၂.၇၂ သန်း ရှိခဲ့ရာမှ ၂၀၀၈-၀၉ တွင် ဒေါ်လာ ၉၈၅ သန်း တိုးလာကြောင်း အမျိုးသား စီးပွားရေးနှင့် စီမံကိန်း ၀န်ကြီးဌာနက ယခုနှစ် အစောပိုင်းတွင် ထုတ်ပြန်သော စာရင်းများအရ သိရသည်။
စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ မြန်မာနိုင်ငံတွင် ရင်းနှီးမှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်က မြန်မာပြည်သို့ အလည်အပတ် သွားရောက်ခဲ့သည့် ဇွန်လက ပြောကြားခဲ့ဖူးသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ စင်ကာပူနိုင်ငံသည် နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော မြန်မာပြည်ကို ဒေါ်လာ ၂၀၀,၀၀၀ ကူညီပေးခဲ့သည့် ပထမဦးဆုံးသောနိုင်ငံ ဖြစ်သကဲ့သို့ နောင်တွင်လည်းလူသား ချင်းစာနာသည့်အနေဖြင့် အမေရိကန် ဒေါ်လာ ၅ သန်း ကူညီပေးသွားရန် ကတိပေးထားကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပြီး နှစ်စဉ် ၂ နိုင်ငံ ကုန်သွယ်မှုမှာ ဒေါ်လာ ၁ ဘီလီယံ ကျော် ရှိသည်။
No comments:
Post a Comment