ဝီရ
သဘာဝဘေးအန္တရာယ် ကပ်ဆိုးကြောင့် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်တရပ်လုံး ပျက်စီးကိန်းဆိုက်သွားရမည့် ၂၀၁၂ အမည်ရှိ ဟောလီးဝုဒ် ရုပ်ရှင်ကားသည် မြန်မာပြည်သူများအကြား အထူးရေပန်းစားနေပြီး စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ နက္ခတဗေဒ ပညာရှင်တဦးက “ဒီကားကို နေပြည်တော် ရုပ်ရှင်ရုံမှာ (၂၉) ရက်နေ့က သွားကြည့်ဖြစ်တယ်။ တင်ပြထားတာက အရမ်းကောင်းတယ်။ လူသားတွေ ပြေးမလွတ်နိုင်တဲ့ဘေးအန္တရာယ်တွေ ကမ္ဘာပေါ်မှာ အများကြီး ရှိသေးတယ်ဆိုတာ ပြသလိုက်တာပဲ။ လက်ဖက်ရည်ဆိုင်တို့၊ အခြားဆိုင်တို့မှာလည်း လူငယ်တွေကအစ စိုးရိမ်စိတ်တွေကြောင့် ဒီအကြောင်း ပြောဆိုဆွေးနွေးနေကြတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပိုင်းကို ဘယ်လိုဆက်လက် ဆောင်ရွက်သွားသင့်တယ် ဆိုတာကအစ ဒီဇာတ်ကားက မီးမောင်းထိုးပြလိုက်တာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၂၀၁၂ ရုပ်ရှင်ကားကို နိုဝင်ဘာ (၂၇) ရက်တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံတို့တွင် စတင်ပြသခဲ့ပြီး လူငယ်များသာမက ရန်ကုန်ပရိသတ်၏ အားပေးကြည့်ရှုခြင်း ခံရသည့် ဟောလီးဝုဒ် ရုပ်ရှင်ကားတကား ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာပြည်သူတို့က ထိုရုပ်ရှင်နှင့်ပတ်သက်၍ မဖြစ်နိုင်ကြောင်း၊ မယုံကြည်ကြောင်း ပြောဆိုသူ နည်းပါးပြီး အများစုက နောက်နောင် ယင်းကဲ့သို့ သဘာဝဘေးဆိုးများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ယူဆထားကြသည်။
နက္ခတဗေဒပညာရှင်က “ဒါနဲ့ပတ်သက်ပြီး ရုပ်ရှင်ကားထဲကလို ဖြစ်နိုင်လားဆိုပြီး ကျနော့်ဆီ လာမေးကြသူ အများကြီးရှိတယ်။ စိုးရိမ်စိတ်ကြောင့်ပေါ့။ ၂၀၁၂ ဆိုတာကလည်း နီးနေပြီလေ။ လူကြီးပိုင်းရဲ့အယူအဆက မင်းညစ်မင်းဆိုး အုပ်ချုပ်တဲ့ တိုင်းပြည်တွေဆို ဖြစ်နိုင်ခြေ ပိုများတယ်။ ဟိုးတုန်းကဆိုရင် အုပ်ချုပ်သူမင်းက ကျင့်ဝတ်နဲ့မညီရင် ပြည်သူတွေက ကပ်ဘေးဆိုးတွေ ကြုံရတယ်လေ။ လူသိန်းချီ သေကျေစေခဲ့တဲ့ နာဂစ်မုန်တိုင်းကလည်း ကျနော်တို့နိုင်ငံမှာ ဖြစ်ခဲ့သေးတာဆိုတော့။ အများစုက ဒီ ၂၀၁၂ မဟုတ်ရင်တောင် တနေ့နေ့မှာ ဒီလိုဖြစ်ရပ်ဆိုးတွေ ဖြစ်လာနိုင်တယ်လို့ ထင်မြင်ချက်ပေးကြတယ်” ဟု ပြောသည်။
အဆိုပါရုပ်ရှင်ကို လူငယ်များသာမက သက်ကြီးရွယ်အိုများလည်း သွားရောက်ကြည့်ရှုကြကြောင်း ပြည်တွင်း လူငယ်ဒါရိုက်တာတဦးက ပြောသည်။
၎င်းက “ကမ္ဘာပျက်တဲ့အကြောင်းနဲ့ ပတ်သက်တဲ့ရုပ်ရှင်ကားတွေ ဒီနှစ်ထဲမှာ (၆) ကားကျော်ရှိတယ်။ အခုကား အံ့သြဖို့ကောင်းတာက အသက် (၆၀)၊ (၇၀) အဘိုးတွေလည်း ရုံမှာ လာကြည့်ကြတယ်ဗျ။ ဒီရုပ်ရှင်ကားကို ခိုးကူးခွေတွေကလည်း ကားမှတ်တိုင်တွေမှာ ရောင်းတာ ဝယ်တဲ့သူတွေ များတယ်ဗျ။ ရုပ်ရှင်ရုံထဲကနေ ခိုးရိုက်ထားတဲ့ဟာတွေဆိုတော့ ကွာလတီ အပြည့်မဟုတ်ဘူးပေါ့” ၎င်းက ပြောသည်။
တိုက်ဆိုင်မှုတရပ်မှာ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့သည် ကမ္ဘာမြေ အဆုံးသတ်နေ့ဟု နက္ခတဗေဒ ပညာရှင်၊ သမိုင်းပညာရှင်အချို့က ယခုနှစ်အတွင်း အထောက်အထား၊ အကိုးအကားများဖြင့် ဟောကိန်းထုတ်ကာ စာအုပ်များ ထုတ်ဝေခဲ့ခြင်း၊ မှတ်တမ်းရုပ်ရှင်များအဖြစ် ဖြန့်ချိခဲ့ကြခြင်းဖြစ်သည်။
သို့သော် ယခု ၂၀၁၂ ရုပ်ရှင်ကားသည် နေမှ ပေါက်ကွဲလာသည့် ညူထရီယွန် ဓာတ်ပေါင်းများက ကမ္ဘာကြီး ဗဟိုနေရာကို အပူချိန်မြင့်တက်စေ၍ ငလျင်လှုပ်ကာ ဧရာမလှိုင်းလုံးကြီးများကြောင့် ကမ္ဘာကြီး ပျက်စီးရပုံကို တင်ဆက်ထားသည်။
၂၀၁၂ ရုပ်ရှင်ကားသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်၌ ဂျီ (၈) နိုင်ငံကြီးတို့က လျှို့ဝှက်တည်ဆောက်ထားသည့် ဧရာမသင်္ဘောကြီးတည်ရှိရာ လမ်းပြမြေပုံကို အမှတ်မထင်ရရှိခဲ့သူ စာရေးဆရာတဦးက ၎င်း၏မိသားစုနှင့်အတူ ဘေးလွတ်ရာ ထွက်ပြေးရင်း အစိုးရအဖွဲ့ဝင်နှင့် လူချမ်းသာအသိုင်းအဝိုင်းတို့၏ သင်္ဘောကြီးပေါ်သို့ ရောက်ရှိသွားပြီး အတူလွတ်မြောက်သွားပုံကို အခြေခံ၍ ရိုက်ကူးတင်ဆက်ထားသည်။
အဆိုပါရုပ်ရှင်ကားတွင် ကမ္ဘာပေါ်ရှိ အထင်ကရ အဆောက်အအုံများနှင့် ဘာသာရေး အထွတ်အမြတ်နေရာများ ပြိုကျပျက်စီးသွားပုံကို တင်ပြထားသည့်အတွက် ပြစ်တင်ဝေဖန်ခြင်းကိုလည်း ခံနေရသည်။
ရိုက်ကူးစရိတ် ဒေါ်လာ သန်း (၂၆ဝ) ကုန်ကျခဲ့သည့် အဆိုပါရုပ်ရှင်ကားကို ဖန်တီးသူ ဒါရိုက်တာ ရိုလန် အီမာရစ်ခ်ျသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆော်သြနေသူတဦးဖြစ်ပြီး ၎င်း၏ Godzilla, Independence Day, The Day After Tomorrow ရုပ်ရှင်ကားတို့မှာ လူသိများသည်။
No comments:
Post a Comment