ရန်ပိုင်
မြန်မာ ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အိန္ဒိယနိုင်ငံသို့ စနေနေ့က ရောက်ရှိ လာကြောင်း အိန္ဒိယ နိုင်ငံထုတ် Hindustan Times သတင်းစာတွင် ဖော်ပြထားသည်။
ယခု ခရီးစဉ်တွင် မြန်မာ့ရေတပ် ဦးစီးချုပ်သည် အိန္ဒိယ ကာကွယ်ရေး ၀န်ကြီုး မစ္စတာ အေကေ အန်တိုနီ၊ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီပက် ကပူးလ်၊ ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နီရ်မယ်ဗာမာနှင့် လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပီကေ ဘာဘိုရာ တို့နှင့် ယနေ့ တွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် အိန္ဒိယနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၅ရက်နေ့အထိ နေထိုင်မည်ဟု အဆိုပါ သတင်းစာတွင် ရေးသား ထားသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ဒေသတွင်းတွင် တရုတ်နိုင်ငံရေတပ် လှုပ်ရှားမှု တိုးမြှင့်လာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်နေသည်ဟုလည်း အဆိုပါသတင်း စာတွင် ဖော်ပြထားသည်။
ယခုလအတွင်းကလည်း အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နီကိုဘာကျွန်းအနီး မြန်မာ၊ သြစတြေးလျ၊ ဘင်္ဂလားဒေရှ့်၊ ဘရူနိုင်း၊ အင်ဒိုနီး ရှား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့်၁၃နိုင်ငံ Milan 2010 စစ်ရေးလေ့ ကျင့်မှုကို အိန္ဒိယနိုင်ငံက ဦးဆောင်ကျင်းပခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း အိန္ဒိယတပ်မတော် စစ်ဦးစီးများကော်မတီဥက္ကဋ္ဌနှင့် ကြည်းတပ်ဦးစီးချုပ်တို့ နေပြည်တော်သို့ လာရောက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးတို့နှင့် တွေ့ဆုံခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံသည် ၁၉၈၈ခုနှစ် စစ်အစိုးရအာဏာသိမ်းခဲ့စဉ်က မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံခဲ့သော်လည်း ၁၉၉၀ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှ ဒေသတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကြောင့် အရှေ့မျှော် ပေါ်လစီကို ချမှတ်၍ စစ်အစိုးရနှင့် အနီးကပ်ဆက်ဆံခဲ့သည်။
စီးပွားရေးတွင်လည်း အိန္ဒိယနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်္ကာပူနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၌ စတုထ္တမြောက် ရင်းနှီးမြှပ်နှံ သည့်နိုင် ငံဖြစ်သည်။
No comments:
Post a Comment