Tuesday, February 23, 2010

ဦးခေါင်းမဲ့ ရုပ်အလောင်း လှော်ကားတွင် တွေ့ရှိ

ကျော်ခ
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် စံပြကျေးရွာ အရှေ့ဘက် လှော်ကားဥယျာဉ်အနီးတွင် ဦးခေါင်း မပါသည့် ရုပ်အလောင်း တလောင်းအား တွေ့ရှိကြောင်း ဒေသခံရဲနှင့် မျက်မြင်များက ပြောကြသည်။

ယခုလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံနှင့် ထောက်ကြန့် မြို့နယ်ကြားရှိ ရန်ကုန်-မှော်ဘီ လမ်းမကြီးဘေး လှော်ကားဥယျာဉ်အဝင်ဝတွင် တွေ့ရှိခဲ့သည်ဟုလည်း ဆိုသည်။

သေဆုံးနေသူသည် မည်သူဖြစ်မှန်း မသိရသေးသော်လည်း ထောက်ကြန့်ဒေသခံ မဟုတ်ကြောင်းနှင့် အမှုနှင့်ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ကြောင်း ထောက်ကြန့်မြို့နယ် ရဲစခန်းက ပြောသည်။

“ဘာမှ မထူးသေးပါဘူးခင်ဗျ။ အလောင်းကတော့ အမျိုးသားပါ။ တယောက်တည်းပါ။ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေက ဘာမှမသိရသေးပါဘူး ခင်ဗျ” ဟု စခန်းမှ ရဲအရာရှိတဦးကပြောသည်။

ရန်ကုန်- မှော်ဘီ အဝေးပြေးလမ်းမကြီးသည် ညဘက်အချိန်များတွင် အဝေးပြေးကားကြီးများမှ လွဲ၍ ယာဉ်အသေးစားများ ပြေးဆွဲလေ့ မရှိကြောင်း၊ အလောင်းသည်လည်း နယ်မြေခံ မဟုတ်ပဲ ရန်ကုန် ဘက်မှ လာပစ်သွားဖွယ်ရှိကြောင်း ဒေသခံများက ထင်မြင်ယူဆနေသည်။

လှော်ကားဥယျာဉ်ဒေသဝန်းကျင်သည် လူပြတ်ပြီး ယခင်က ဒုစရိုတ်သမားများ ကျက်စားခဲ့ကြသည့်နေရာ ဖြစ်ကာ လူသတ်မှုများ ရှိခဲ့ဘူးသည်ဟု ဆိုသည်။

၂ဝဝ၃-၂ဝဝ၄ ခု ဝန်းကျင်တွင် ထောက်ကြန့်၊ မှော်ဘီ၊ လှည်းကူး၊ ပဲခူး မြို့များသို့ ရန်ကုန်တက္ကစီ အငှားယာဉ်များဖြင့် သွားကြပြီး ယာဉ်မောင်းသူများအား သတ်ဖြတ်လုယက်မှုများ ဖြစ်ပွားခဲ့ဖူးသဖြင့် ယနေ့ အချိန်တွင် အငှားယာဉ်များ ညဘက်သွားလာခြင်း မရှိတော့ကြောင်း သိရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

No comments:

Post a Comment