ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, June 3, 2010

မြန်မာနိုင်ငံတွင်နေရောင်ခြည်လျှပ်စစ်စွမ်းအင်သုံးစွဲသူများ


မြန်မာနိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား မလုံလောက် မှုကြောင့် နေရောင်ခြည် ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် အသုံးပြု မှုများ ယခုနှစ်ပိုင်းတွင် ပိုမို များပြား လာကြောင်း ပြည်တွင်း ဆိုလာ ကုမ္ပဏီ များက ဆိုသည်။

ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် သုံးစွဲ မှုတွင် ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများထက် နယ်မြို့ များတွင် အများဆုံး အသုံးပြုလျက် ရှိသည် ဆိုသည်။ ဆိုလာပြား မှ တစ်ဆင့် နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ် ထုတ်လုပ်မှုမှာ ပျက်စီး ချို့ယွင်း နိုင်သော အစိတ်အပိုင်း နည်းပါးခြင်း၊ ဆူညံမှု မရှိခြင်း၊ နေရောင်ခြည်သာ လိုအပ်၍ အခြား လောင်စာ မလို အပ်ခြင်း နှင့် လျှပ်စစ် ရရှိမှု အားကောင်းခြင်း တို့ကြောင့် သုံးစွဲသူ ပိုမို များပြား လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆိုလာ စနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီ တို့သာ လိုအပ်ပြီး အိမ်သုံး လျှပ်စစ် ပစ္စည်းများပါ အသုံးပြု နိုင်ရန် ပြုလုပ် တပ်ဆင်ပါက ကျပ် ၁၀ သိန်း ဝန်းကျင်ခန့် ကုန်ကျ နိုင်ကြောင်း ဆိုလာပြား ရောင်းချသည့် ကုမ္ပဏီမှ သိရကြောင်း Favourite News Journal တွင် ဖော်ပြ ထားသည်။

နေပြည်တော်လည်း မီးပျက်

အောင်သက်ဝိုင်း

လျှပ်စစ်မီး လုံးဝ ပြတ်တောက်ခြင်း မရှိသော နေပြည်တော်တွင် ယခုအခါ မီး ပြတ်တောက်မှု ကြုံတွေ့နေရပြီ ဖြစ်ကြောင်း နေပြည်တော် ဝန်ထမ်း အသိုင်းအဝန်းမှ သတင်းရရှိသည်။

မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး









မြင့်မောင်

မုံရွာမြို့ရှိ ချင်းတွင်း ရတနာဈေးသစ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ပေါင်း ၁၆၅၆ သိန်း ဖြစ်ကြောင်း မုံရွာ ဗဟိုမီးသတ်အဆိုအရ သိရသည်။

ကြာသာပတေးနေနံနက် ၃ နာရီခွဲမှ စတင်၍ နံနက် ၁ဝ နာရီခွဲအထိ မီးလောင်မှုတွင် ငါးပိ၊ ငါးခြောက်၊ ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“အပြီးသတ် ငြှိမ်းတာက ၁ဝ နာရီ ၃ဝ မှာပါ။ ဈေးက နှစ်ထပ်ဈေး၊ မီးလောင်တာကတော့ အပေါ်ထပ်က ၁၅၃ ခန်း၊ အောက်ထပ်က ၂၅၃ ခန်း စုစုပေါင်း ၄ဝ၆ ခန်း လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁၆၅၆ ဖြစ်ပါတယ်” ဟု မုံရွာ ဗဟိုမီးသတ်မှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

"ပစ္စည်းတွေက ဘယ်လိုမှ ထုတ်ယူလို့ မရတော့ဘူးဗျ။ ဝင်ပေါက်နေရာတွေကလည်း လောင်တယ်။ ညပိုင်းလည်း ဖြစ်တယ်ဆိုတော့ အကုန်လောင်တော့တာပဲ" ဟု ဈေးအနီး နေထိုင်သူတဦးက ဆိုသည်။

ဈေးကြီးသည် မြို့လယ်ခေါင် လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမ အရှေ့ဘက် (အလယ်ရပ်) နှင့် အနောက်ဘက် (ဘုရားကြီးရပ်ကွက်) တွင် အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက်ထားပြီး ဆိုင်ခန်းပေါင်း ၁ဝဝ၆ ခန်း ရှိသည်။ မီးလောင်မှုမှာ အရှေ့ဘက်ရုံသာ ဖြစ်သော်လည်း ယခုအခါ အနောက်ဘက် ဈေးရုံကိုပါ ပိတ်ထားလိုက်သည်။

မီးလောင်ရာသို့ မုံရွာမြို့အနောက်ဘက် ဆားလင်းကြီးနှင့် ပုလဲ၊ တောင်ဘက်ရှိ မြင်းမူ၊ မြောက်ဘက်ရှိ အလုံမြို့တို့မှ မီးသတ်ကားများလည်း လာရောက်ရာ မီးသတ်ကားပေါင်း ၃၉ စီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။

ယခုသတင်းပေးပို့သည့် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအထိ မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသတ်ရှင်းလင်းဆဲဖြစ်သည်။

လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ လောင်ကျွမ်းကြောင်း ဈေးလုံခြုံရေးများက ယုံကြည်နေပြီး၊ ဗဟိုမီးသတ်ကလည်း အင်ဗာတာမှ စတင်လောင်ကျွမ်းကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ မီးလောင်လေ့ရှိရာ ယခုနှစ်အတွင်း၌ပင် မေလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဈေး ၄ ထပ်မြောက်နှင့် ခေါင်မိုးပေါ်ရှိ ဆိုင်ခန်း စုစုပေါင်း ၈၄၅ ခန်း မီးလောင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင် ရန်ကုန် သင်္ကန်းကျွန်းဈေးတွင် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ခဲ့သေးသည်။

ဂျပန်ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်သွားပြီ

ဗွီအိုအေ
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ဖို့ မဲဆွယ်လှုပ်ရှားစဉ်က ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်မပေးနိုင်တဲ့အတွက် နှုတ်ထွက်တဲ့အကြောင်း ၀န်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) က ကြေညာလိုက်ပါတယ်။

နှစ်ပေါင်း ၅၀ နီးပါး ဆက်တိုက်ဆိုသလို အစိုးရအဖြစ် အုပ်ချုပ်လာတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လက်ထဲကနေ လွန်ခဲ့တဲ့ ၉ လကပဲ ဂျပန်ဝန်ကြီးချုပ် ဟတိုယာမ ရွေးကောက်ပွဲတွေနဲ့ တခဲနက် အနိုင်ရလာခဲ့တာပါ။ ဒါပေမဲ့လည်း ပါတီရန်ပုံငွေ အရှုပ်တော်ပုံ ပြဿနာတွေ၊ ၀န်ကြီးချုပ်ရဲ့ ဦးဆောင်မှု အရည်အချင်းအပေါ် သံသယတွေကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဒီမိုကရက်ပါတီ ရေပန်းစားမှုတွေမှာ ထိခိုက်မှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။

အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက် စခန်းကို ပြောင်းရွှေ့ဖို့ ပျက်ကွက်ခဲ့တဲ့ နောက်မှာလည်း ၀န်ကြီးချုပ်ကို လူကြိုက်များ လက်ခံတဲ့နှုန်းဟာ ၁၇% အထိ ကျဆင်းသွားခဲ့တာပါ။

ဝန်ကြီးချုပ်က သူနဲ့အတူ ပါတီရဲ့ ဒုတိယ အကြီးအကဲဖြစ်တဲ့ အိချီရို အိုဇာဝါ (Ichiro Ozawa) လည်း နှုတ်ထွက်မှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ တိုကျိုမြို့က ဒီမိုကရက် ပါတီဝင်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နှုတ်ထွက်သွားတဲ့အတွက် သူ့ရဲ့ပါတီဟာလည်း ရှေ့လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

Wednesday, June 2, 2010

မြန်မာ GSM ဖုန်းများ မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ တွင် အသုံးပြု နိုင်ရန် စီစဉ်နေ

ဟံသာဝတီ

အရှေ့တောင် အာရှ နိုင်ငံများ ဖြစ်သော မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ ထိ မြန်မာ GSM ဖုန်းများ ယူဆောင် အသုံးပြု နိုင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခုနှစ် အတွင်း စီစဉ်နေကြောင်း ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အမည် မဖော်လိုသူ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ပြင်ပမှာ သုံးနိုင်အောင် စမ်းသပ် နေတာ မှန်ပါတယ်။ ဒီနှစ်ထဲမှာ စပြီးတော့ အကောင် အထည် ဖော်မှာပါဟု ၄င်းက ဆိုသည်။ လက်ရှိ ပြည်တွင်း၌ အသုံးပြု နေသော GSM ဖုန်း များကို မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံ များသို့ ယူဆောင် သုံးစွဲ နိုင်ရန် စတင် စမ်းသပ် မှုများ ပြုလုပ် နေကြောင်း GSM ဖုန်း များသည် မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ အရေ အတွက် အများဆုံး ချထား ပေးသောကြောင့် မြန်မာနိုင်ငံ ပြင်ပ တွင် အသုံးပြု နိုင်ရန် စီစဉ် နေကြောင်း မြန်မာ ဆက်သွယ်ရေး လုပ်ငန်း ထံက သိရသည်။

အခု မိုဘိုင်းဖုန်း ဈေးကွက်မှာ GSM ၊ WCDMA ၊ ဆယ်လူလာ အခုဆို ငါးသိန်းတန်ဖုန်း၊ ကတ်ဖုန်းတွေ ရှိလာတယ်။

မိုဘိုင်း ဖုန်းတွေ အပြိုင် ရှိလာတော့ ဈေးတွေလည်း ကျလာတယ်။

ရန်ကုန်မြို့တွင် ဂျီအက်စ်အမ် ရေဒီယို စခန်းသစ် ၃၃ ခု တည် ဆောက်ပြီး လိုင်း ၈၀ဝ၀ဝ တိုးချဲ့မည် ဖြစ်ကြောင်း ၊ အဆိုပါ လိုင်းသစ်များ တိုးချဲခြင်း အပြင် GSM ဖုန်း လိုင်းဆွဲ အားများ ကောင်းမွန် စေရေး အတွက် MCS ဆက်သွယ်ရေး ပင်မ စခန်း ခံနိုင် ဝန်မြှင့်ခြင်း၊ BTS စခန်း ကိုးခု တပ်ဆင်ခြင်း နှင့် CU (Carrier Unit) ၉၂ ခု တိုးမြှင် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံပိုင် မီဒီယာ များ၏ ဖော်ပြချက် အရ သိရသည်။

မြန်မာ နိုင်ငံတွင် ၁၉၈၈ ခုနှစ် မတိုင်မီ တယ်လီဖုန်း အိတ်ချိန်းပေါင်း ၂၄၅ ခု ရှိရာ ယခုတွင် အိတ်ချိန်းပေါင်း ၈၈၇ ခု ရှိပြီး အော်တိုတယ်လီဖုန်း၊ တယ်လီဖုန်း နှင့် မိုဘိုင်းဖုန်း အရေအတွက် ၇၃၄၂၁၉ လိုင်း ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

Tuesday, June 1, 2010

မြန်မာနိုင်ငံတွင် ဘူမိ အပူဓာတ် နဲ့ လျှပ်စစ် ထုတ်ယူနိုင်တဲ့ နေရာ ၉၂ ခု တွေ့ရှိ







မြန်မာ နိုင်ငံတွင် ဘူမိ အပူဓာတ် (Geothermal) နည်းမှ လျှပ်စစ် စွမ်းအင် ထုတ်ယူ နိုင်သည့် နေရာ များကို ပြည်နယ် ငါးခုတွင် တွေ့ရှိ ထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ကျွမ်းကျင် သူများက ပြောသည်။

ဘူမိ အပူဓာတ်မှ လျှပ်စစ် စွမ်းအင် ထုတ်ယူ နိုင်သည့် နေရာ ၉၂ နေရာ ခန့်ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ် တို့တွင် တွေ့ရှိထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘူမိ အပူဓာတ်ဖြင့် လျှပ်စစ် စွမ်းအင် ထုတ်ယူသော နည်းမှာ အပူရှိန် ပြင်းသော မြေအောက် အလွှာ အထိ မြေပြင်မှ အပေါက် ဖောက်ကာ ရေအေး ထိုးသွင်း ခြင်းဖြင့် ရေအေးကို ရေငွေ့ အဖြစ် ပြောင်းလဲစေပြီး အခြား တစ်ပေါက်မှ ရေငွေ့ ပြန်ထွက်၍ ယင်း ရေငွေ့များဖြင့် တာဘိုင် များကို လည်ပတ်စေကာ လျှပ်စစ် စွမ်းအင် ထုတ်ယူစေခြင်း ဖြစ်သည်။

ဘူမိ တေဇော အရင်းအမြစ် (Geothermal Resources) များကို မီးတောင် ဒေသတွင် အများ အပြား တွေ့ရှိ ရပြီး ကမ္ဘာပေါ်တွင် ဘူမိ အပူဓာတ် ထုတ်ယူ နိုင်သော နိုင်ငံပေါင်း ၂၁ နိုင်ငံသာ ရှိကာ နှစ်စဉ် လျှပ်စစ် စွမ်းအင် မဂ္ဂါဝပ် ၆၂၀ဝ ခန့် ထုတ်ယူ အသုံးပြုလျက် ရှိသည်ဟု ဆိုသည်။ အရှေ့တောင် အာရှ နိုင်ငံများ ထဲတွင် အင်ဒိုနီးရှား နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် ယင်း စွမ်းအင်ကို ရယူ အသုံး ပြုလျက် ရှိသည်။

ကပ္ပလီကျွန်းစုအနီး ဆူနာမီ သတိပေးချက် ထုတ်

ဗွီအိုအေ
ထပ်ဆင့် ဖြန့်ဝေရန်
အင်္ဂါနေ့တုန်းက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အန်ဒမန်ကျွန်းစုမှာ ရစ်ခ်ျတာစကေး ၆.၄ ရှိတဲ့ ငလျင်တရပ် လှုပ်သွားခဲ့တာကြောင့် ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

အန်ဒမန်ကျွန်းစုထဲက အဓိကမြို့ ပို့တ် ဘလဲ (Port Blair) ရဲ့ အရှေ့ဘက် မိုင် ၇၀ ကျော် အကွာအဝေးကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနက ဆိုပါတယ်။ အိန္ဒိယ သမုဒ္ဒရာအောက် မိုင် ၈၀ လောက် အနက်ကနေ လှုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကမ်းခြေတလျှောက်မှာ ဆူနာမီ ဖြစ်နိုင်တယ်လို့ အမေရိကန် ပစိဖိတ် ဆူနာမီ သတိပေးရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အန်ဒမန်ကျွန်းစုမှာ ပါရှိတဲ့ ကျွန်းတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအထိ ရှိနေကြပါတယ်။

၂၀၀၄ ဒီဇင်ဘာလတုန်းက ငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်ခဲ့တဲ့အတွက် အဲဒီကျွန်းတွေမှာ အကြီးအကျယ် ပျက်စီးခဲ့ဖူးပါတယ်။

ဓာတ်ငွေ့ ပိုက်လိုင်းပေါက်၊ ရန်ကုန်လျှပ်စစ်မီး ရရှိမှု

အောင်သက်ဝိုင်း
သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားထုတ် စက်ရုံများသို့ ပေးပို့နေသည့် ပိုက်လိုင်းတခု ပေါက်သွားပြီး ဓာတ်ငွေ့ရရှိမှု လျော့နည်း သွားသောကြောင့် ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေ အလွန်ဆိုးရွားနေကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် တနေ့ ၆ နာရီ အလှည့်ကျ စနစ်ဖြင့် အုပ်စု ၃ စုခွဲကာ လျှပ်စစ်မီး ပေးလျက် ရှိနေရာမှ ယခုအခါ ဓာတ်ငွေ့ ရရှိမှု နည်းသွား သောကြောင့် တနေ့လျှင် ၃ နာရီခန့်သာ ရရှိကြောင်း၊ ၃ နာရီခန့် ရရှိသော လျှပ်စစ်မီးမှာ တချိန်တည်း ဆက်တိုက် ရရှိခြင်း မဟုတ်ဘဲ အကြိမ်ကြိမ် ပြတ်တောက်ပြီးမှ ရရှိခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံ များထံမှ သိရသည်။

“အခု မေလကုန် လောက်က စပြီး တနေ့ကို မီး ၂ နာရီ၊ ၃ နာရီလောက်ပဲ ရတယ်။ အဲဒါကလည်း တဆက်တည်း ရတာမဟုတ်ဘူး။ ၁၅ မိနစ်ခြား၊ နာရီဝက်ခြား၊ တနာရီခြား ခဏခဏ ပြတ်လိုက်၊ လာလိုက် ဖြစ်နေတယ်” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

မိုးရာသီရောက်တိုင်း ရန်ကုန်မြို့အပါအ၀င် မြို့ကြီး အများစုတွင် ၂၄ နာရီမီးရလေ့ရှိသော်လည်း ယခုနှစ်တွင် မရနိုင်သည့်အတွက်
စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများ စိတ်ညစ်နေကြောင်း သိရသည်။

အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေ ဆိုးရွား လာရခြင်းသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ မေလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီ ၄၀ မိနစ်ခန့်က ပေါက်သွားခြင်းကြောင့်ဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ပြင်ဆင်ရန် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ပြောဆိုသည်။

“ဓာတ်ငွေ့ပိုက်လိုင်း အသစ်တွေက အခုအချိန်အထိ အပြီးမသတ်နိုင်သေးတဲ့အချိန်၊ အရင် ရှိထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း အဟောင်း ထပ်ပေါက်လို့ မီးမရတော့ပါ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် မဂ္ဂါဝပ် ၆၀၀ နီးပါး ရှိသော်လည်း ယခုအခြေအနေတွင် မဂ္ဂါဝပ် ၁၂၀ ခန့်သာ
ထုတ်လုပ်နိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့မှ အရာရှိတဦးက ပြောသည်။

မိုးရာသီ ၀င်ရောက်နေပြီဖြစ်သော်လည်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများတွင် စက်ချို့ယွင်းမှုရှိခြင်းနှင့် ရေလှောင်ကန်များ အတွင်း ရေ၀င်ရောက်မှု နည်းသေးသောကြောင့် ရေအားလျှပ်စစ် အပြည့်အ၀ ပြန်လည်မထုတ်လုပ်နိုင်သေးဘဲ ယမန်နှစ် မိုးရာသီ များကဲ့သို့ ၂၄ နာရီ မီးပေးနိုင်သော အခြေအနေ မရှိကြောင်း အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သိရသည်။

“ပြီးသွားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေမှာ စက်ချွတ်ယွင်းမှုတွေရှိလို့ ပြင်ဆင်နေရတယ်။ တချို့ ရေအားလျှပ်စစ် စက်ရုံတွေ မှာလည်း သတ်မှတ် ရေမှတ်မရောက်သေးလို့ ရေအားလျှပ်စစ် အပြည့်မထုတ်နိုင်ဘူး” ဟု နေပြည်တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ အရာရှိ တဦးက ဆိုသည်။

တရုတ် ကုမ္ပဏီနှင့် အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ ပူးပေါင်း တည်ဆောက် ပြီးစီးခဲ့သော ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းမှာလည်း စက်ချွတ်ယွင်းမှုများ ရှိနေခြင်းကြောင့် ရေအားလျှပ်စစ် အပြည့်အ၀ မထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင်မူ လျှပ်စစ်ဓာတ်အား လုံးဝဖြတ်တောက်ထားဆဲဖြစ်ပြီး ထိုသို့ ဖြတ်တောက်ထားမှုသည်
အနည်းဆုံး ၂ လခန့် ထပ်မံကြာမြင့်နိုင်သည်ဟု ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရှိရသည်။

ရန်ကုန်မြို့တွင် မေလ ၁၄ ရက်နေ့က အသေးစား စက်မှုလုပ်ငန်းများနှင့် ပါဝါမီတာသုံး စီးပွားရေးလုပ်ငန်းများကို မီး မပေးတော့ဟုဆိုကာ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သော်လည်း မေလ ၂၀ ရက်နေ့ နောက်ပိုင်းတွင် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီးပြန်လည် အသုံးပြုခွင့်ပေးခဲ့သည်။

သီရိမင်္ဂလာဈေး နေရာပြောင်း


တက်လူ
သီရီမင်္ဂလာဈေးကို လှိုင်မြို့နယ် ပိတောက်ချောင်းအနီး ဘုရင့်နောင်လမ်းပေါ်ရှိ ယခင် ရတနာဖွဲနုဆီစက်ဝင်းအတွင်း ပြောင်းလဲ ဖွင့်လှစ်ပေးမည်ဟု စည်ပင်သာယာဈေးများဌာနမှ ဌာနမှူး ဦးတင်ကိုကိုက မေ (၂၈) ရက်တွင် ဈေးသူဈေးသားများအား တရားဝင် ပြောကြားခဲ့သည်။

အလုံမြို့နယ် ကမ်းနားလမ်းမကြီးပေါ်တွင် တည်ရှိသော (၅) ထပ် အဆောက်အအုံ သီရိမင်္ဂလာဈေးသည် မြန်မာတနိုင်ငံလုံးကို လက်ကားဖြန့်ရောင်းချနေသော ကုန်စိမ်းဈေးကြီးဖြစ်ပြီး ရန်ကုန်စည်ပင်က (က) အဆင့် သတ်မှတ်ထားသည့် ဈေးဖြစ်သည်။

ထိုသို့ အဆင့်မြင့်ဈေးဖြစ်လာရန်အတွက်လည်း ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေ လေးပုံသုံးပုံနှင့် အထပ်မြင့်ဈေးအဖြစ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဈေးကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့ အခုရောင်းနေတဲ့ သီရိမင်္ဂလာအဆင့်မြင့်ဈေးဆိုတာ မဖြစ်ခင်က ဂိုဒေါင်ကြီးတွေထဲမှာ ရောင်းခိုင်းတယ်။ အဲဒီတုန်းက ရန်ကုန်မှာ တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့စနစ် ဆိုပြီးတော့လုပ်တယ်။ ဈေးသူဈေးသားတွေကိုလည်း ခင်ဗျားတို့ကို အတည်တကျဖြစ်အောင် အဆင့်မြင့်တဲ့ ဈေးဆောက်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဈေးအတွက် လိုတဲ့ငွေကြေးကိုလည်း ဈေးသူဈေးသားတွေက ကုန်ကျခံရမှာလို့ပြောတယ်။ အတည်တကျလို့ ပြောတဲ့အတွက် ကျနော်တို့က စည်ပင်ကိုယုံပြီး ငွေအကုန်အကျခံပြီးတော့ ဒီဈေးကို ပါဝင်တည်ဆောက်ခဲ့တာဖြစ်တယ်။ အဆင့်မြင့်ဈေး တည်ဆောက်ပြီး အတည်တကျထားမယ်” ဟု ပြောသည်။

ယခု ပြောင်းရွှေ့ရမည့် ပိတောက်ချောင်းတွင် ဆောက်နေသော ဈေးသည် အမိုးတခုသာ ပါသည့်ဈေးဖြစ်သည့်အတွက် သီရိမင်္ဂလာဈေး တည်ဆောက်ရာတွင် ကုန်ကျခဲ့သည့်ငွေများကို ပြန်အမ်းပေးရန် ဈေးသူဈေးသားများက လိုလားနေကြကြောင်းလည်း သိရသည်။

ထို့အပြင် နေရာသစ်ဈေးသို့ ပြောင်းရွှေ့ရသည့်အတွက် စရိတ်စကများ ပိုမို ကုန်ကျလာမည်ဟုလည်း သိရီမင်္ဂလာဈေးမှ ဈေးသည်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို နေရာပြောင်းတဲ့အတွက် ကုန်တင်ကုန်ချ စရိတ်တွေပိုလာမယ်။ ဘာလို့လဲဆိုတော့ ဥပမာပြောရရင် ဧရာဝတီတိုင်းကို ကုန်တွေသွားမယ်ဆိုရင် သင်္ဘောနဲ့သွားရတာ။ အခု နေရာက သင်္ဘောဆိပ်နဲ့ နီးတယ်။ အဲဒီတော့ အဆင်ပြေတယ်။ အသစ်ဆောက်နေတဲ့ ပိတောက် ချောင်းနားကဆိုတော့ စရိတ်တွေ တက်လာမယ်” ဟု ပြောသည်။

စည်ပင်အနေဖြင့် ဈေးပြောင်းရွှေ့ရခြင်းမှာ ဈေးသို့လာသောယာဉ်များနှင့် ကုန်တင်ယာဉ်များကြောင့် ယာဉ်ကြောကျပ်ကာ ယာဉ်တိုက်မှုများဖြစ်ပေါ်သည့်အတွက် ပြောင်းရွှေ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောသည်။

သီရိမင်္ဂလာဈေးတွင် ကုန်စိမ်း၊ ပန်း၊ သစ်သီးတန်းနှင့် ငါးပိ ငါးခြောက်များရောင်းသော ဆိုင်ခန်းပေါင်း (၂,၂၀၀) ကျော်ရှိပြီး ၎င်းတို့အနက် ဈေးပြောင်းရွှေ့ရန် မလိုလားသည့် ဆိုင်ခန်းပေါင်း (၉၈) ရာခိုင်နှုန်းရှိကြောင်း သီရိမင်္ဂလာဈေး သာယာရေးကော်မတီမှ ကောက်ယူထားသော စစ်တမ်းများအရ သိရကြောင်း ဈေးသာယာရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါဈေးသည် ယခင် မော်တင် ကလီဈေးဟောင်းကို ပြောင်းရွှေ့ပြီး ၁၉၉၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့သော (၅) ထပ် အဆောက်အအုံဈေးဖြစ်ကာ သိန်း (၁,၄၀၀) ကုန်ကျခဲ့ကြောင်း ဈေးသာယာရေးကော်မတီ စာရင်းများအရ သိရသည်။

ရွှေအမြုတေဆု စာရေးဆရာ ၆ ဦးကို ချီးမြှင့်

ခိုင်စု

ပဉ္စမအကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်တွင် ယခုလ ၂၈ ရက်နေ့က ကျင်းပရာ စာရေးဆရာ ၆ ဦးအား ဆုများ ချီးမြှင့်ခဲ့သည်။

ကဗျာ၊ ဆောင်းပါး၊ ရသစာတမ်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ မျိုးဆက်သစ် ဝတ္ထုတို (ကလောင်သစ်)၊ အခန်းဆက် ဝတ္ထုရှည်ဆု စုစုပေါင်း ၇ ဆု သတ်မှတ်သော်လည်း ယခုနှစ် အခန်းဆက် ဝတ္ထုရှည်ဆုမှာ ဆုပေးနိုင်ရေးအတွက် ဘောင်မဝင်သဖြင့် ၆ မျိုးသာ ပေးနိုင်ခဲ့သည်။

၂ဝ၁ဝ ဖေဖော်ဝါရီလထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “နွေဦး” ကဗျာဖြင့် ကဗျာဆရာ မောင်လင်းရိပ်၊ ဝတ္တုတိုဆုအဖြစ် ၂ဝဝ၉ သြဂုတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှ “သောကြာတောမှ ဗေဒါ” ဝတ္တုဖြင့် ဆရာမ လဲ့ဝန်းကြည်ချို၊ ရသစာတမ်းဆုကို ၂ဝ၁ဝ ဖေဖော်ဝါရီလထုတ် စတိုင်သစ် မဂ္ဂဇင်းမှ “ကျနော်နှင့် အလှူခံများ” ရေးသားသူ ဆရာနောင်ကျော်တို့ ဆုရရှိသည်။

ထို့အပြင် မျိုးဆက်သစ်စာပေဆုအဖြစ် ၂ဝဝ၉ အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ “ဆန်သူခိုး” ဝတ္တုဖြင့် ဆရာမငွေကြည်စင်၊ ဆောင်းပါးဆုကို ၂ဝဝ၉ နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှ “ပုံနှိပ်ကြေးရုပ်များ” ရေးသားသူ ဆရာငြိမ်းသစ်၊ ဝတ္တုရှည်ဆုအဖြစ် ၂ဝ၁ဝ ဧပြီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှ “အပေါင်းသည်လည်းကောင်း၊ အနုတ်သည်လည်းကောင်း” ရေးသားသူ ဆရာသင်းရီတို့ ရရှိသည်။ ဆုကြေးငွေအဖြစ် တဦးလျှင် ကျပ် ၅ သိန်းခွဲမှ ၇ သိန်းခွဲအထိ ချီးမြှင့်သည်။

ဆုရွေးချယ်နိုင်ရန် လစဉ်ထုတ် မဂ္ဂဇင်းများကို ဖတ်ရှုကာ ကော်မတီဝင် ၆ ဦးက ရွေးချယ်ခဲ့ရာ စာမူပေါင်း ၁ဝဝဝ ကျော်ထဲမှ ၆ ဆုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆုရွေးချယ်ရေး ကော်မတီဝင်ဖြစ်သူ အလင်းတန်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက ပြောသည်။

ဆုရွေးချယ်ရေး ကော်မတီကို နှစ်စဉ် အသစ်ဖွဲ့စည်းပြီး ဆုရွေးချယ်ရေး ကော်မတီဝင်များ၏ စာမူများကို ရွေးချယ်လေ့မရှိပါ။ ယခုနှစ် ဆုရွေးချယ်ရေး ကော်မတီဝင်များအဖြစ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းနှင့် စာရေးဆရာများဖြစ်သည့် ထက်မြက်၊ မောင်ခိုင်လတ်၊ မင်းချမ်းမွန်၊ တင့်ခိုင်နှင့် မျိုးမြင့်ညိမ်းတို့ ဖြစ်သည်။

“ကျနော်တို့ ရွေးချယ်ရေးအဖွဲ့ဝင်တွေက လစဉ်ထုတ်သမျှ မဂ္ဂဇင်းတွေကို ဖတ်ပြီး တလတခါ စုဝေးဆွေးနွေးပြီး ရွေးချယ်တင်ပြလေ့ ရှိပါတယ်။ ဆုရွေးချယ်ရေးကော်မတီမှာ ပါတဲ့လူရဲ့စာမူကို ဆုမပေးတဲ့ အတွက် သူတို့တွေလည်း အခွင့်အရေးတခုရအောင် အလှည့်ပေးပြီး ပြန်လည်ဖွဲ့စည်းတာပါ” ဟု ဦးမျိုးမြင့်ညိမ်းက ပြောသည်။

ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် စာပေဆု တည်ထောင်သူ ဦးဝင်းငြိမ်း၏ အသက် ၆ဝ ပြည့် မွေးနေ့မှ စတင်ကာ အထိမ်းအမှတ်အဖြစ် ၂ဝဝ၆ ခုနှစ် မေလ ၂၈ ရက်နေ့မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ရွှေအမြုတေ စာပေဆု ချီးမြှင့်လာခဲ့သည်။

ဆုရွေးချယ်ရေးရာတွင် ကော်မတီဝင်များ အကြိုက်ချင်းတူသည့် စာမူများလည်း ရှိသည်။ ယခုနှစ်အတွက် ဆု ၆ ဆုအနက် ၃ ဆုကို အငြင်းပွားစရာမရှိ ရွေးချယ်နိုင်ခဲ့ကြောင်းနှင့် ခေတ်ပြိုင်ခံစားမှုကို ပေးနိုင်သော၊ အနုပညာမြောက်သော၊ နည်းပညာပါသော ရေးသားနည်း၊ ဆုပေးထိုက်သော အရည်အချင်းရှိခြင်း စသည့် အခြခံမူများအပေါ် မူတည်၍ စာမူများကို ရွေးချယ်ကာ ဆုပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာဆိုရင် သဒ္ဒါမစင်တာ တွေ့ရတယ်။ စာရေးတဲ့အခါ စကားပြေ သို့မဟုတ် စကားပြောရေးဟန်ဆိုတာ ရှိတယ်။ ရသပိုင်းမှာ ကောင်းပြီး၊ သဒ္ဒါပိုင်းမှာ အသုံးအနှုန်းမှားနေလို့ ပယ်လိုက်ရတာတွေ ရှိတယ်။ မိုးပျံနေအောင် ကောင်းပေမယ့် သဒ္ဒါမမှန်ရင် ပေးလို့မရဘူး” ဟု ဦးမျိုးမြင့်ညိမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် စာပေဗိမန်စာမူဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု၊ သုတစွယ်စုံ စာပေဆုနှင့် အခြားစာပေဆုများစွာ ရှိကြရာ စာပေလောကအတွင်း၌ ရွှေအမြုတေစာပေဆုမှာ လွတ်လပ်မှုရှိသည်ဟု နာမည်ကြီးထင်ရှားသည်။