Friday, April 17, 2009
မနေ့က သင်္ကြန်လည်ပတ်တဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို အကြောင်းအရာ တစ်ခု ပြောလာတယ်။ သင်္ကြန်အတက်နေ့ သူတို့က မဏ္ဍာပ်တွေမှာ မထိုင်ဘဲ လျှောက်ကြည့်ကြတယ်တဲ့။
နေ့လည်ခင်းတော့ စိမ်းလန်းစိုပြေ ဘေးက ရေကူးကန်မှာ အနားယူရင်း နေ့လည်စာ စားကြတယ်။ သူတို့ အဲဒီ ရေကူးကန်ထဲ ထိုင်နေကြချိန်မှာ အတွဲ သုံးတွဲလောက်ဟာ ရေကူးကန်ထဲမှာ မဖွယ်မရာ ပြုကြတယ်လို့ ဆိုတယ်။ မဖွယ်မရာဆိုတာ ရေးမကောင်းလို့ မရေးလိုက်တာပဲ ရှိတယ်။ တော်ရုံလောက်နဲ့တော့ တကူးတက ပိုစ့်ရေးမနေဘူး။ အထဲမှာက လူအများကြီးပဲ။ အားလုံး မြင်နေရတယ်။
အဲဒီသူတွေ ဘယ်လောက်အထိ မျက်နှာပြောင်သလဲဆိုရင် သူတို့ကို ဘေးနားကလူတွေ ဝိုင်းကြည့်နေတာတောင်မှ ဂရုမစိုက်ပါဘူးတဲ့။ ဘေးနားက မူးနေတဲ့ သူတွေကလည်း တဟေးဟေးနဲ့ ဩဘာပေးကြသတဲ့။ ဘယ်သူမှ တားမယ့်သူလည်း မရှိပါဘူးတဲ့။ အားလုံးက အရသာခံပြီး ကြည့်နေကြတယ်။
မိသားစုလိုက် လာတဲ့ တချို့တွေဆို အဲဒီအထဲကနေ ပြေးကြရပါသတဲ့။ ဒီနေရာဟာ သူတို့ရဲ့ သီးသန့် ကိုယ်ပိုင်နေရာ မဟုတ်ဘူး။ အများပြည်သူ နားခိုနေတဲ့ နေရာဆိုတာကို နားလည်သင့်တယ်။ ပြီးတော့ ဖက်ရမ်း နမ်းရှုံ့တာလောက် ကိုတော့ ကျွန်တော်က ဂရုမစိုက်ပါဘူး။
လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်ထဲ ကတော့ သူအပြင်သွားချိန်မှာ ပန်းခြံထဲက ဖက်ယမ်းနမ်းရှုံ့နေတဲ့ စုံတွဲကို ရှက်စရာလို့ ပြောထားတာပါ။ ကျွန်တော်ကတော့ ဒါမျိုးကို အကန့်အသတ်နဲ့ လက်ခံတယ်။ ဥပမာ- လူတစ်ယောက်မှာ ဆန္ဒတွေ ရှိနိုင်တယ်။ အဲဒီဆန္ဒတွေဟာ လူမြင်ကွင်းမှာ လုပ်ခွင့် မရခဲ့ရင် ကွယ်ရာကို သွားကြမှာပဲ။ Time & Situation ဆိုတဲ့ စကားဟာ သိပ်ပြီး လေးနက်ပါတယ်။ နဂိုက ဖက်ယမ်းနမ်းရှုံ့လိုက်ရုံနဲ့ ကျေနပ်သွားနိုင်တဲ့ စိတ်ဆန္ဒဟာ အဲဒီလိုမှ လုပ်ခွင့်မရဘူးဆိုရင် လူမတွေ့တဲ့ နေရာကို သွားကြမှာပဲ။ အဲဒီအခါမှာ ခုနက အချိန်ရယ် နေရာရယ်ကြောင့် အဲဒီထက် ပိုဆိုးတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအတွက် အကန့်အသတ် တစ်ခုအထိ စုံတွဲတွေကို လက်ခံပေးရပါမယ်။ ဒါပေမယ့် စုံတွဲတွေ အနေနဲ့လည်း ဒါဟာ Public ဆိုတာကို နားလည်ရမယ်။
ကိုယ့်ကြောင့် အခြားသူတွေ အနေခက်စေမယ့် အပြုအမူမျိုးကိုတော့ ရှောင်ကြဉ်သင့်တယ်။ ဖက်ယမ်းနမ်းရှုံ့တာ လောက်အထိ ပြဿနာ မရှိပေမယ့် ဒီထက် ဆိုးလာတဲ့ ကိစ္စတွေမှာတော့ မိသားစုတွေ၊ အခြားသူတွေ၊ အသက်မပြည့်သေးသူတွေ အစရှိတာတွေကို စဉ်းစားရမယ်။
အခုတော့ ကိုယ်လုပ်တဲ့ အပြုအမူဟာ အခြား အနားယူနေသူတွေ အပေါ်မှာပါ ထိခိုက်မှု ရှိလာတယ်။ ဒါမျိုးကိုတော့ ကျွန်တော် အလွန်ပဲ မုန်းတီးပါတယ်။ အခုကိစ္စမှာ ကိုယ်တွေ့ကြုံခဲ့သူက အိမ်ထောင်ရှိသူပါ။ သူကတောင် ဒါကို အပြင်းအထန် ရှုံ့ချပါတယ်။နောက်တစ်ခုက တချို့တွေက Punch ဖျော်ရည်တွေမှာ (E) လို့ခေါ်တဲ့ မူးယစ်စိတ်ကြွဆေးတွေ ထည့်ထားရင် ထည့်ထားကြမှာပဲ။ Ecstasy (E)ကို ခေါင်းခါဆေးလို့ လူသိများပါတယ်။ အဲဒီဆေး သောက်ပြီးသွားရင် လူဟာ အငြိမ်မနေချင်ဘူး။ လှုပ်နေရမှ ကျေနပ်တယ်။ ပြီးတော့ (E)ဟာ ရေခဲစားလေ ပိုတက်လေပဲ။
ဒါကြောင့် ကလပ်တွေမှာ တချို့တွေဟာ အဲဒီဆေး သောက်ပြီးရင် ရေခဲတွေကို စားပါသတဲ့။ ပြီးတော့ အဲဒီကောင် ဆေးအရှိန် ကျသွားရင် မိန်းခလေးတွေဟာ ရမ္မက်စိတ်တွေ တက်ကြွလာတတ်တယ်တဲ့။ တချို့ဟာ ကိုယ့်ကိုကိုယ် လက်နဲ့ ပွတ်သပ်နေတတ်ကြတယ်။ ဒါဟာ စိတ်ကြွလက္ခဏာ တစ်မျိုးပဲ။ ဒီဆေး သောက်ထားတဲ့သူတွေရဲ့ ခြေဖျားလက်ဖျားတွေဟာ အေးစက်နေတတ်တယ်။ အငြိမ်မနေနိုင်ဘူး။ ဒါကြောင့် ကလပ်တွေမှာ ကကြခုန်ကြသူတွေ သောက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီမူးယစ်ဆေးတွေဟာ တစ်လုံးကို သောင်းဂဏန်းအထိ တန်ကြေးရှိပါတယ်။ ဒါပေမယ့် တချို့တွေ အတွက်ကတော့ ဒီလောက်ငွေ ပမာဏဟာ အပျော်သုံးသလောက်ပဲ ရှိတာမို့ ကိုယ့်ပိုက်ဆံ အကုန်ခံပြီး သူများကို စည်းရုံး တိုက်ကြွေးတတ်ပါတယ်တဲ့။ ဒီကောင်ကို အခုနကလို Punch ဖျော်ရည်ထဲမှာ ထည့်တိုက်မယ်ဆိုရင် ဘာမှ သိလိုက်မှာတောင် မဟုတ်ပါဘူး။ ရေကလည်း အမြဲစိုနေတော့ အအေးဓာတ်က အဲဒီဆေးကို တွန်းအားပေးမှာပဲ။
အထက်က ကိစ္စမှာပါဝင်သူတွေကို ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် တရုတ်စုံတွဲ နှစ်တွဲနဲ့ မြန်မာစုံတွဲ တစ်တွဲလို့ သိရတယ်။ တရုတ်စုံတွဲက သိပ်မသိသာပေမယ့် မြန်မာစုံတွဲကတော့ သိပ်ကို သိသာပါတယ်တဲ့။ အမျိုးသမီးဟာ စကတ်အတိုကို ဝတ်ဆင်ထားတာမို့ ရေကူးကန်ဘေးနားက စင်ပေါ်ကနေ ကြည့်လိုက်ရင် ထင်းနေတာပါပဲ။ နောက်ဆုံး လူတွေ တဝေါဝေါ ဖြစ်လာလို့ သူတို့ ရေကန်ပေါ် ပြန်တက်လာကြတယ်။ အေးအေးဆေးဆေးပဲတဲ့။ ဒီတော့ သူတို့တွေဟာ သူတို့ ဘာတွေ လုပ်နေတယ် ဆိုတာကို စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ် ကင်းမဲ့နေတာလား။ ငါတို့ လုပ်ချင်တာလုပ်မယ် ပတ်ဝန်းကျင်တော့ don't care ပဲဆိုပြီး သဘောထားတာလား။ ဒါမှမဟုတ် ကိုယ်တိုင်ကိုက သူများကို မြင်စေချင်နေတာလား။ ပတ်ဝန်းကျင်ကရော ဒါကို ဘာလို့ ဝိုင်းပြီး အားပေးနေရတာလဲ။ Peep Show တောင် မဟုတ်တော့ဘူး။ စဉ်းစားစရာတွေ အများကြီးပါ။ ကျွန်တော် ကိုယ်တိုင်လည်း ခေတ်မီမီ အတွေးအမြင် အကျင့်စရိုက် ရှိပါတယ်။
ဒါပေမယ့် အဲဒီဟာထက် လျှို့ဝှက်အပ်တဲ့ အရာဟာ လျှို့ဝှက်ရမယ် ဆိုတဲ့ သဘောတရားကို ပိုနှစ်သက်တယ်။အရက် အလွန်အကျွံ သောက်တာဟာ အသိစိတ်ကို ကင်းမဲ့စေပါတယ်။ အဲ မူးယစ်ဆေးဝါးတွေကိုပါ ထပ်သုံးတယ် ဆိုရင်တော့ အဲဒီ ကင်းမဲ့နေတဲ့ အသိစိတ်နေရာကို အခြားသော စိတ်မိုက်စိတ်ရိုင်းတွေ ဝင်လာတတ်ပါတယ်။ အဲဒီအခါမှာ မဖြစ်သင့်တာတွေ ဖြစ်တတ်ပါတော့တယ်။ ဒါတွေ ပြယ်ချိန်ကျမှ နောင်တ ရတတ်ပါတယ်။ တကယ်လို့များ အခုလို ကိစ္စမှာ အရှက်တရား အကြောက်တရားတွေ ခဏထား၊ အခန့်မသင့်လို့ ကိုယ်ဝန်တွေဘာတွေ ရှိလာပြီ ဆိုပါတော့။ သူတို့ ဘာလုပ်ကြမလဲ။ သူတို့တွေဟာ အခုမှတွေ့ အခုမှ ဖြစ်ကြတာမျိုး၊
ဘယ်သူက ဘယ်မှာနေမှန်းတောင် သိကြတာမျိုး မဟုတ်တဲ့ သမီးရည်းစား အသစ်စက်စက်တွေ ဆိုရင်တော့ မတွေးဝံ့စရာပါပဲ။ဒီကိစ္စကို ကောင်းတယ် မကောင်းဘူး မှန်တယ် မမှန်ဘူး ဆိုတဲ့ အမြင်နဲ့ ရေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် စဉ်းစားသင့်တာလေးတွေ စဉ်းစားနိုင်အောင်လို့ပါ။
လူတိုင်းလူတိုင်းမှာ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ကောင်းတယ်ထင်ပြီး လုပ်မိနေတာတွေ ရှိကောင်း ရှိလိမ့်မယ်။ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုဘူး ဆိုပေမယ့် ကိုယ်ကသူများကို အသုံးချနေတာလား သူများကကိုယ့်ကို အသုံးချနေတာလား ဆိုတဲ့ ဆင်ခြင်နိုင်စွမ်းလေးတော့ ကွဲကွဲပြားပြား ရှိထားအပ်တယ်လို့ ထင်မိလို့ပါ။ ပြီးတော့ ကိုယ်ဘာလုပ်လုပ် ကိုယ်လုပ်နေတာရဲ့ အကောင်းတစ်ခုထဲကို မကြည့်ဘဲ အဆိုးအတွက်ကိုလည်း အဆုံးစွန် အထိ တွေးသင့်တယ် ထင်လို့ပါ။
တချို့တွေက အဲဒီ ရေကူးကန်ထဲက ဗွီဒီယို ဇာတ်လမ်းလေးကို မှတ်တမ်းတင်ထား ကြပါသတဲ့။ သိပ်မကြာဘူး အင်တာနက်ပေါ်တောင် ရောက်ချင် ရောက်လာနိုင်သေးတယ်။
take from Nyi Lynn Seck
Sunday, April 19, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment