မြန်မာ နိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေကို ကြိုဆိုပါသည်။ တိုင်းပြည်၏ အင်ဂျင် နီယာ လုပ်ငန်း များနှင့် နည်းပညာ ဆိုင်ရာ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်၊ အင်ဂျင်နီယာ များကို စုစည်းရန်၊ capacity building မြှင့်တင်ရန်၊ အင်ဂျင် နီယာများ၏ professional ethic ကို ပိုမိုဖွံ့ဖြိုး တိုးတက်ရန် နှင့် နိုင်ငံ တကာ နှင့် ပူးပေါင်း ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ကိုဖွဲ့စည်းရန် လိုအပ် ပါသည်။ အဆိုပါ ကောင်စီ အသက်ဝင်ရန် အတွက် အင်ဂျင်နီယာ ကောင်စီ ဥပဒေ သည် အရေးပါ သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေကြမ်း၏ ရည်ရွယ်ချက် မှာ များစွာ ကောင်းမွန် ပါသည်။
သို့သော် ဥပဒေပါ လုပ်ထုံး လုပ်နည်း များသည် ရည်ရွယ်ချက် ကို အကောင် အထည် ဖော်နိုင် စွမ်းရှိ ရပါမည်။ ထို့အပြင် ဥပဒေ၏ သက်ရောက်မှု သည် အင်ဂျင်နီယာများ အားလုံး နှင့် အင်ဂျင်နီယာ လုပ်ငန်းများ အားလုံး သို့ အညီအမျှ သက်ရောက် မှုရှိသင့် ပါသည်။ အထက်ပါ အချက်(၂)ချက် ပေါ်မူတည်၍ ဤဥပဒေကြမ်း ကို ထောက်ပြ ဆွေးနွေး လိုပါသည်။
ဦးစွာ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၏ ဖွဲ့စည်းပုံ ကို ဆွေးနွေး လိုပါသည်။ အင်ဂျင်နီယာ ကောင်စီ သည် Professional များကို စုစည်းထား သောလွတ်လပ် သည့် institution တစ်ခု ဖြစ်သင့် ပါသည်။ မည်သည့် အစိုးရ/ ၀န်ကြီး ဌာန၏ မူဝါဒနှင့် မျှ ငြိစွန်းမှု မရှိသည့် လွတ်လပ်စွာ ရပ်တည် သော (civic institution) များသာ ဖြစ်ပါသည်။ နိုင်ငံတော် ဗဟိုဘဏ် ကဲ့သို့ သီးခြား ဥပဒေဖြင့် သီးခြား ရပ်တည် သောအဖွဲ့ အစည်း များသာ ဖြစ်ကြပါ သည်။
မြန်မာနိုင်ငံ တွင် လည်း ယင်းသို့သော အဖွဲ့ အစည်း မျိုးသာ ဖြစ်သင့် ပါသည်။ (ဘောလုံး သည် နိုင်ငံတကာ တွင်လည်း စက်လုံး ပုံသာ ဖြစ်ပါသည်။ မြန်မာ့ မြေ၊ မြန်မာ့ရေ၊ မြန်မာ့ ယဉ်ကျေးမှု စရိုက် များနှင့် ကိုက်ညီရန် အတွက် ပိရမစ်ပုံ၊ ကုဗတုံးပုံ ဘောလုံးလုပ် ကန်၍ မရပါ။) ယင်းသို့ ဖြစ်ရမည့် အစား မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေကြမ်း (မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဖွဲ့စည်းခြင်း) အခန်း(၃)တွင် ၀န်ကြီး ဌာနမှ တိုက်ရိုက် ခန့်အပ်သော နာယကများ၊ နာယက များမှ ရွေး ချယ်သည့် ဥက္ကဋ္ဌနှင့် ကောင်စီဝင် များကသာ ကောင်စီ ကို စီမံ ခန့်ခွဲမည့် ပုံစံအဖြစ် ဖော်ပြ ထားပါသည်။ ရွေးကောက် တင်မြှောက် သည့်စနစ် ကိုမူ လုံးဝ မတွေ့ရပါ။
ဥပဒေ ကြမ်းပါ ဖွဲ့စည်း ပုံမှာ ၀န်ကြီး ဌာနမှ တိုက်ရိုက် ခန့်အပ် သော ဗျူရို ကရက်တစ် ဖွဲ့စည်းပုံ သာ ဖြစ်ပါ သည်။ ထိုသို့ ၀န်ကြီး ဌာနမှ တိုက်ရိုက် ခန့်ထား လိုလျှင် ဤဥပဒေကြမ်း ကို ရေးဆွဲရန် လည်း မလိုအပ်ပါ။
နိုင်ငံတကာ တွင်လည်း ဤကဲ့ သို့သော institution များကို အဖွဲ့ဝင် အင်ဂျင်နီယာ များ၏ မဲဆန္ဒ များဖြင့် ရွေးကောက် တင်မြှောက် ကြသည်ကိုသာ တွေ့ရှိ ရပါသည်။ ၄င်း အဖွဲ့အစည်း ၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင် ချက်များ ကို မည်သည့် အစိုးရ၊ ၀န်ကြီး ဌာနမှ စွက်ဖက်၍ လည်း မရပါ။ မည်သည့် ၀န်ကြီး၏ လမ်းညွှန်မှု ကိုမှလည်း ခံယူရန် မလိုပါ။ မယုံလျှင် အရှေ့တောင် အာရှ နိုင်ငံများ ရှိ အင်ဂျင်နီယာ ကောင်စီများ ဖြစ်သည့် (Institute of Engineer, Singapore (IES) IEM, Institute of Engineer Malaysian) တို့၏ ဖွဲ့စည်း ပုံနှင့် Constitution များကို ယင်းတို့၏ Website များတွင် ၀င်၍ လေ့လာ နိုင်ပါသည်။
ထပ်မံ၍ ဆွေးနွေး လိုသည် မှာ ဗျူရို ကရက်တစ် လုပ်ထုံး လုပ်နည်း များဖြင့် Engineer များ၏ Professional ethic ကို မည်သို့ မျှ မမြှင့်တင် နိုင်ပါ။ ဥပဒေ ကြမ်း၏ (ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ) အခန်း (၄) ပုဒ်မ(၉) (တ) တွင် အောက်ပါ အတိုင်း ဖော်ပြထား ပါသည်-
(တ) ကောင်စီ၏ ရည်ရွယ်ချက် များ ထမြောက် အောင် မြင်စေရန် တာဝန်ခံ ၀န်ကြီးဌာန က အခါအား လျော်စွာ ပေးအပ် သော လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း
ဤစာပိုဒ် အရ ၀န်ကြီး ဌာနသည် အင်ဂျင်နီယာ ကောင်စီ အား လမ်းညွှန် ချက်နှင့် မူဝါဒများ ချမှတ် ပိုင်ခွင့် ရှိသည်။ ကောင်စီ အနေဖြင့် သီးခြား လွတ်လပ် သော မူဝါဒနှင့် လုပ်ထုံး လုပ်နည်း များကို အလုပ် အမှုဆောင် အဖွဲ့၏ သဘော တူညီချက်ဖြင့် ချမှတ် နိုင်သည့် ဖော်ပြချက် ကို ဥပဒေ တွင် သီးခြား မတွေ့ ရှိရပါ။ IES/IEM တို့သည် ၄င်းအမှု ဆောင် အဖွဲ့၏ အစည်း အဝေး သဘော တူညီချက် ဖြင့် မူဝါဒများ ချမှတ်ခြင်း၊ အင်ဂျင်နီယာ ဆိုင်ရာ လုပ်ထုံး လုပ်နည်း နှင့် ကျင့်ထုံးများ၊ စံချိန် စံညွှန်း သတ်မှတ်ခြင်း တို့ကို လွတ်လပ်စွာ လုပ်ဆောင် နိုင်ကြောင်း တွေ့ရှိရပါ သည်။
ယင်း အဖွဲ့အစည်း များသည် အခြား ပြည်တွင်း ပြည်ပရှိ အင်ဂျင်နီယာ အသင်းများ၊ တက္ကသိုလ် များနှင့် ညှိနှိုင်းပြီး သုတေ သန အစီ အစဉ်များ အကောင် အထည် ဖော်ခြင်း၊ Washington Accord ကဲ့ သို့သော မိမိနိုင်ငံ နည်းပညာ တက္ကသိုလ် များမှ ဘွဲ့ရ အင်ဂျင် နီယာများနှင့် အမေရိကန်၊ ယူကေ စသော နိုင်ငံကြီးများမှ အင်ဂျင်နီယာ များ၏ အရည် အချင်းနှင့် အတူတူ ဖြစ်ကြောင်း သဘော တူညီချက်များကိုပင် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများ၏ သဘောတူညီချက် ရရန်မလိုဘဲ လွတ်လပ်စွာ အကောင် အထည် ဖော် လုပ်ဆောင် နိုင်ပါသည်။
ယင်း သဘောတူ ညီချက် ကို လက်မှတ် ရေးထိုး နိုင်ရန် IES ၏ ဦးဆောင်မှု ဖြင့် တက္ကသိုလ် များရှိ သင်ရိုးများ အဆင့်မြှင့်ခြင်း၊ သင် ထောက်ကူ ပစ္စည်းနှင့် ဆရာ/ဆရာမ များ၏ အရည် အသွေး မြှင့်တင်ခြင်း အပါအ၀င် လက်ရှိ အင်ဂျင်နီယာ များ၏ အရည် အချင်း မြှင့်တင်ခြင်းများကို နှစ်ပေါင်း များစွာ ဆောင်ရွက်ပြီးမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် မူ အင်ဂျင်နီယာ ကောင်စီ ဥပဒေအရ အင်ဂျင် နီယာ ဆိုင်ရာ ကျင့်ထုံးများ၊ နည်းပညာ ဆိုင်ရာ ကျင့်ထုံးများ၊ စံချိန် စံညွှန်း များနှင့် လုပ်ငန်း အခြေခံ စံနှုန်းများ ကို ၀န်ကြီး ဌာနများ ၏ သဘော တူညီချက် ဖြင့်သာ ပြဋ္ဌာန်း နိုင်မည့် အနေ အထား ရှိပါသည်။
အင်ဂျင်နီယာ ကောင်စီ သည် အထက်ပါ အင်ဂျင်နီယာ နှင့် နည်းပညာ ဆိုင်ရာ မူဝါဒများ ၏ အဆုံး အဖြတ် သာ ဖြစ်သင့် ပါသည်။ အင်ဂျင်နီယာ ကောင်စီမှ ပြဋ္ဌာန်း သည့် အင်ဂျင်နီယာ ဆိုင်ရာ လုပ်ထုံး လုပ်နည်း များသည် ဘေး အန္တရာယ် ကင်းရှင်းရေး နှင့် ပစ္စည်း လေလွင့် ပြုန်းတီးမှု မရှိစေရေး အတွက် မဖြစ် မနေ လိုက်နာရန် လိုအပ်ချက် သာဖြစ်ပြီး၊ ယင်း အတွက် မည်သည့် ပုဂ်္ဂိုလ်၊ မည်သည့် ၀န်ကြီးဌာန ၏ အတည်ပြု ချက်ကို စောင့်နေရန် မသင့်ပါ။ ယင်း ပုဂ်္ဂိုလ်/၀န်ကြီးဌာန မှလည်း သတ်မှတ် ရန် မသင့်ပါ။ အင်ဂျင်နီယာ ကောင်စီမှ ကျွမ်းကျင်သူ ပညာရှင် ဘုတ်အဖွဲ့ ကသာ အတည်ပြု သင့်ပါသည်။
ဥပမာ အားဖြင့် ၀ါယာကြိုး တစ်ချောင်း/Electric Circuit Breaker တစ်လုံး၏ ခံနိုင်ဝန် သည် 10A ဖြစ်လျှင် ၄င်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ 10A ခံနိုင်သည် ဟုသတ်မှတ် ပေလိမ့်မည်။ ယင်းဝါယာ ကြိုး/ Electric Circuit Breaker သည် ၀န်ကြီး ဌာနမှ အတည် ပြု သည်ဖြစ်စေ၊ မပြုသည် ဖြစ်စေ ၁၀ဗ ထက် ပို၍ ခံနိုင် ရည်ရှိရန် အကြောင်း မရှိပါ။ အင်ဂျင်နီယာ ကောင်စီ မှ 10A ဟုသတ်မှတ် ထားချက် ကိုလည်း ၀န်ကြီး ဌာနမှ 10A ခန့်သာ ရှိရမည် ဟူ၍ သဘော ထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့ရန် လည်း မသင့်ပါ။
(သို့မဟုတ် ၀န်ကြီး ဌာန သည် အင်ဂျင်နီယာ ကောင်စီမှ ပညာရှင် များထက် ပို၍ ကျွမ်းကျင် သည်ဟု ယူဆလျှင် လည်း အင်ဂျင်နီယာ ကောင်စီ ဖွဲ့စည်းရေး အတွက် ဤဥပဒေ ကို ပြဋ္ဌာန်း ရန် မလိုပါ။ အထက် ပါကဲ့သို့ လုပ်ဆောင်ရန် မလိုအပ် သော လုပ်ထုံး လုပ်နည်းကို လုပ်ဆောင်ရန် အဘယ် ကြောင့် ဥပဒေ ရေးဆွဲရ သည်ကို လည်း နားမလည်ပါ။ (ဗျူရို ကရက် တစ်ခေါက် ရိုးဟုသာ ယူဆ ပါသည်။)
နောက်ထပ် ထောက်ပြ ဆွေးနွေး လိုသည်မှာ ကောင်စီ ၏တာဝန် နှင့် လုပ်ပိုင် ခွင့်များတွင် အင်ဂျင် နီယာ လုပ်ငန်း များ ဆောင်ရွက် နေသော အစိုးရ ၀န်ကြီးဌာန မှ အကောင် အထည် ဖော်သည့် လုပ်ငန်းများ အတွက် အကျုံး မ၀င်ပါ။ ဥပဒေ၏ (တားမြစ်ချက် နှင့် ပြစ်ဒဏ်များ) အခန်း(၁၃) ပုဒ်မ(၃၇)တွင် အောက်ပါ အတိုင်း ဖော်ပြ ထားပါသည်။
အခန်း(၁၃)
တားမြစ်ချက် နှင့် ပြစ်ဒဏ်များ
၃၇။ အစိုးရဌာန နှင့် အစိုးရ အဖွဲ့အစည်း များတွင် ခန့်ထား သော အင်ဂျင်နီယာ ၀န်ထမ်း များက တာဝန် အရ ဆောင်ရွက်ခြင်း မှ အပ မည်သူမျှ ဤဥပဒေ အရ ထုတ်ပြန် သော နည်း ဥပဒေများဖြင့် သတ်မှတ် ထားသည့် အများ ပြည်သူ ဘေးအန္တရာယ် ဖြစ်စေ နိုင်မည့် အင်ဂျင်နီ ယာဆိုင်ရာ လုပ်ငန်းနှင့် နည်းပညာ ဆိုင်ရာ လုပ်ငန်းများကို ကောင်စီက ထုတ်ပေး သော မှတ်ပုံတင် လက်မှတ် မရှိဘဲ လုပ်ကိုင်ခြင်း မပြုရ။
မြန်မာနိုင်ငံ တွင် အင်ဂျင်နီယာ လုပ်ငန်းများကို အကြီးကျယ် ဆုံးနှင့် အများဆုံး လုပ်ဆောင် နေသည်မှာ အစိုးရ ၀န်ကြီးဌာန များသာ ဖြစ်ပါသည်။ အဆိုပါ အင်ဂျင် နီယာဌာန များတွင် တာဝန် ထမ်းဆောင် နေသော အင်ဂျင် နီယာ များမှာ ပို၍ပင် တာဝန်ကြီး ပါသည်။
အမှန် တကယ် Professional စိတ်ဓာတ် ရှိသော သူများသာ ယင်းတို့ကို တာဝန်ယူ စေသင့် ပါသည်။ ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြဿနာများ၊ ချောက်မြို့ရှိ ဟိုက်ဒရိုဂျင် ပါ အောက်ဆိုဒ် စက်ရုံ ပေါက်ကွဲမှု စသည် တို့မှာ Professional စိတ်ဓာတ် အားနည်းမှု သက် သေများ ဖြစ်ပါသည်။ ထပ်မံ သိလိုလျှင် နောက်ထပ် သာဓက များစွာ ထုတ်ပြ နိုင်ပါ သေးသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ရှိ အင်ဂျင်နီယာ အားလုံး ( အစိုးရ ၀န်ထမ်း+အရပ်သား အပါအ၀င်) သက်ဆိုင်ရာ မှတ်ပုံတင် လက်မှတ်များ လျှောက်ထား ရမည်ဖြစ်ပြီး၊ မှတ်ပုံတင် လက်မှတ် မရှိဘဲ အင်ဂျင်နီယာ လုပ်ငန်းများ လုပ် ကိုင်ခြင်း(သို့မဟုတ်) မိမိအား သတ်မှတ် ထားသည့် လုပ်ပိုင်ခွင့် ထက် ပို၍ လုပ်ကိုင်ခြင်း မျိုးကို ခွင့်မပြု သင့်ပါ။ သို့မှသာ ဥပဒေ၏ သက်ရောက် မှုသည် ကျောသား၊ ရင်သား မခွဲခြားဘဲ သက်ရောက်မှု ညီမျှ မည်ဖြစ်ပြီး ပို၍လည်း ထိရောက် မှု ရှိပါမည်။ အများပြည်သူ လည်း ပို၍ အန္တရာယ် ကင်းပါမည်။
သို့မ ဟုတ်ပါက အခက် အခဲ ပေါင်းစုံနှင့် ရင်ဆိုင် ကြုံတွေ့ နေရသော နည်းပညာ လုပ်ငန်းရှင် များ Freelance Engineer များ အတွက် စိတ် အနှောင့် အယှက် ဖြစ်ဖွယ် သာ ဖြစ်ပါ လိမ့်မည်။
နောက်ဆုံး အနေနှင့် မေးမြန်း လိုသည်မှာ (အထွေထွေ) အခန်း(၁၄)ပုဒ်မ(၄၈)ရှိ အောက်ပါ ဖော်ပြချက် ဖြစ်ပါသည်။
၄၈။ ဤဥပဒေ အရ လုပ်ငန်း တာဝန် တစ်ရပ်ရပ်ကို သဘော ရိုးဖြင့် ဆောင်ရွက် သည့် ကောင်စီဝင်၊ အလုပ် အမှုဆောင် အဖွဲ့ဝင်နှင့် လုပ်ငန်း ကော်မတီ ၀င် တစ်ဦးဦး အား တရား မကြောင်း ဖြင့်ဖြစ်စေ၊ ပြစ်မှု ကြောင်းဖြင့် ဖြစ်စေ တရားစွဲ ဆိုခြင်း မပြုရ။
ဥပဒေ စကားလုံး များသည် တိကျ သေချာမှု ရှိရမည် ဖြစ်ပါ သည်။ နည်းမလည် သည်မှာ “သဘောရိုး” ဆိုသော အသုံး အနှုန်း ဖြစ်ပါသည်။ သဘော ရိုးဖြင့် လုပ်ငန်း တာဝန် တစ်ရပ်ကို ဆောင်ရွက် လျှင် တရားစွဲဆို ခြင်းမပြု ရဟုဖော်ပြ၍ သဘော မရိုးပါက တရားစွဲနိုင် မနိုင်နှင့် သဘောရိုး/မရိုးကို မည်ကဲ့သို့ တိုင်းတာကြ မည် ဆိုသည် မှာ လည်း အငြင်းပွား စရာ ဖြစ်လာ နိုင်ကြောင်း ရေးသား လိုက်ရ ပါသည်။
|