တစ်ရာ မှာ တဝက် လဲ မဟုတ်
အပြည့် မှာ တဝက်
ဒါလဲ မဟုတ်
တဝက် မှာ မှ တဝက်
အဲဒီ တဝက် က တဝက်
ဒါလဲ မဟုတ်
ရှိတာလေး ကို စိတ်
ရှိတဲ့ တစိတ် ကို
တဝက် ဝက်
တဝက် ဝက် လာလိုက် တာ
လျှော့ ရင်း စိတ်ရင်း
တစိတ် မှာမှ တဝက်
အစိတ် သား လဲ မဟုတ်
၁၀ သား လည်း မဟုတ်
ပိဿလေး သုံး မရတော့
ပိဿလေး ပစ်လိုက် ရတဲ့ 
ဟိုမရောက် ဒီမရောက်
အလယ်မှာ
ဆယ့်နှစ် နှစ် ပိုင်း တစ် ပိုင်း
ကျပ်သား တဲ့။ ။
(အဝက်သား အသုံးအနှုန်း ကို အမှတ် တရ ရေးမိတာပါ)
Wednesday, April 28, 2010
Sunday, April 25, 2010
မြန် ပြည် ပြန် ပြီး ရွှေးကောက် ပွဲ ဝင် နိုင် ကြပါစေ
ကမ္ဘာပေါ်မှာ လူတွေရဲ့  အသက် တွေ ကို သတ် လို့  ရ ရင် ရမယ်...
ဒီလူတွေ ရဲ့  အတွေးအခေါ် အယူအဆ စိတ်ဓာတ် ကိုတော့ သတ် မရဘူး
ကိုယ် စိတ် ကို ကိုယ်နိုင် အောင် ကျင့်ကြံ နိုင် မှ သာ ကိုယ် စိတ်ကိုယ် ချိုးနိုမ် နိုင် တာပဲ ရှိ တာ ဘယ် လိုပဲ ဖြစ် ဖြစ် သတ်လို့  တော့ မရဘူး....
မြန်ပြည် သူ ပြည်သားတွေ က မ သိ တာ မဟုတ် ဖူး ဥပေက္ခာ ပြုနေတာကို နိုင် ငံတကာက နေ ပြီး ရေး ချင် ပြော ချင် တာတွေ ပြော ပြီး အယ်ဒီတာ လို့  ကိုယ့် ရာထူးကိုယ် တပ် ကိုယ့် ဝက်(စ်) ဆိုဒ် မှာ ကိုယ် ပြော ချင် ရာ ပြောနေ မဲ့ အစား မြန် ပြည် ပြန် ပြီး ရွှေးကောက် ပွဲ ဝင် လိုက် ပါတော့ လား ....
မြန်ပြည် မှာ မွေးတဲ့ သူတိုင်း မြန်ပြည် ကို ချစ်မြတ်နိုးတယ် ဆိုတာ ပြောမှ သိတဲ့ အဆင့် ရောက် သွားပြီလား...
မြန်ပြည် က နာရေး ကူညီမှု အသင်းက သင့် အား နိုင် ငံ တကာ က ပြန် တာတဲ့ သူရယ် ဆိုပြီး မကူညီ မရှိပါဘူး
မည်သူမဆို ကူညီ လျှက် ပါ...
လေထွားသူတွေ ပေမများ ပဲ
မြန် ပြည် ပြန် ပြီး ရွှေးကောက် ပွဲ ဝင် နိုင် ကြပါစေ။ ။

Saturday, April 24, 2010
ကာစီနိုလောကထဲက လောဘသားကောင်များ

အေးမင်းထွန်း
ဈေးကွက်ဂျာနယ်
သန်းခေါင်ကျော် နှစ်ချက်တီး အချိန်။ စစ်မြေပြင် ဘန်ကာတစ်လုံးကဲ့သို့ တည်ဆောက်ထားသည့် လုံခြုံရေး စောင့်ကြည့်ခန်း အတွင်းရှိ ဖန်သားပြင် ၂၈ ခုက အောက်ထပ်ခန်းမ အတွင်းကြိတ်ကြိတ်တိုး လှုပ်ရှားနေမှုများကို စက္ကန့်မလပ် ဖော်ပြပေးလျက်။ လုံခြုံရေးဝန်ထမ်း တွမ်က ၄င်း၏တာဝန်ချိန်ကို စတင်လိုက်သည်။
သူတာဝန်ယူ စောင့်ကြည့်ရသော နေရာအကျယ်အဝန်းမှာ စတုရန်းပေ တစ်သိန်းရှိသည်။ ခန်းမကြီး၏ မျက်နှာကြက်တွင် တပ်ဆင်ထားသော ကင်မရာများက ရိုက်ကူးပေးပို့လျက်ရှိသော လှုပ်ရှားမှုများကို စောင့်ကြည့်ရန်ဖြစ်သည်။ သူ့စားပွဲပေါ်တွင် ရုပ်မြင်ဖန်သားပြင် သုံးခုနှင့် နံရံပေါ်တွင် ၂၈ ခုရှိနေသည်။ လှုပ်ရှားမှုများကို လိုအပ်သလို မြင်ကွင်းရှုထောင့် ပြောင်းလဲကြည့်နိုင်ရန် ဗီဒီယိုဂိမ်း ကစားသည့် တုတ်တံသုံးခုနှင့် ကွန်ပျူတာ ကီးဘုတ်တစ်ခုက စားပွဲပေါ်တွင် နေရာယူထားသည်။
လုံခြုံရေးဝန်ထမ်းတွမ်သည် ပိုကာ၊ တစ်ချပ်မှောက်၊ ရူးလက် စသည့်စားပွဲပေါ်တွင် ကစားရသည့် လောင်းကစားမှုများကို ကျွမ်းကျင်သူ -Table Games Specialist ဖြစ်သည်။ သူက ပိုကာကစားနေသူများကို စိတ်ဝင်တစား စောင့်ကြည့်သည်။ ထို့နောက် လောင်းကြေးအလယ် အလတ်ရှိသော ဘလက်ဂျက်နှင့် အံစာကစားဝိုင်းများဘက်သို့ ကင်မရာကို ရွှေ့ချိန်လိုက်ပြီး ကစားနေသည်များကို ဂရုတစိုက် အတန်ကြာစောင့် ကြည့်နေသည်။ မသင်္ကာစရာ မတွေ့တော့မှ အခြားဝိုင်းများသို့ သူ၏ မြင်ကွင်းကို ရွှေ့လိုက်သည်။ ဘာက ရက်ဖဲဝိုင်းတွင် သူ၏ စူးစမ်းသော မျက်လုံးများက ရပ်သွားသည်။ ဘာကရက်ဝိုင်းသည် လောင်းကြေးမြင့် ခန်းမထဲတွင်ရှိသည်။ အနည်းဆုံး ကြမ်းခင်းလောင်းကြေးမှာ ဒေါ်လာတစ်ရာ ဖြစ်သည်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အာရှတိုက်သား အပေါ်တွင် သူ့အာရုံက ကပ်မိသွားသည်။ စားပွဲပေါ်တွင် တင်ထားသည့် ထိုလူ၏ လက်အနေအထားမှာ သူ့အဖို့ စိတ်ဝင်စားစရာ ဖြစ်နေသည်။ တစ်ခါတစ်ရံ ရှေ့တွင်ရှိသော ဖဲချပ်များကို အုပ်ထားပြီး၊ တစ်ခါတစ်ရံတွင် လက်ကိုဘေးဘက်တွင် ချထားသည်။ ကြည့်နေစဉ်တွင် လက်တစ်ဘက်က ကုတ်အကျီ ကော်လာတစ်လျှောက် ပွတ်သပ်လိုက်သည်။ သူ့လက်အနေအထားနှင့် ရွေ့လျားပုံတို့ကို တွမ်ကမကြိုက်။
ဝတ်စုံဖြူ၏ ဖောက်သည် ကတ်ပြား Loyalty Card ကို ကွန်ပျူတာပေါ်သို့ ခေါ်ယူ ကြည့်လိုက်သည်။ ကာစီနိုသို့ အမြဲလာရောက် ကစားသူများကို ဖောက်သည် ကတ်ပြားများ ထုတ်ပေးထားသည်။ ကတ်ပြားပိုင်ရှင်သည် ဟိုတယ်တွင် ညအိပ်နားနေခွင့်၊ အစားအသောက်၊ အဖျော်ယမကာတို့ကို အခမဲ့သော်လည်းကောင်း၊ လျှော့ဈေးဖြင့်သော် လည်းကောင်း မက်လုံးပေးထားသည်။
ကွန်ပျူတာပေါ်တွင် မြင်ရသည့် အမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာနှင့် အနိုင်အရှုံး မှတ်တမ်းကို တွမ်က စိတ်ဝင်တစား လေ့လာသည်။ ဝတ်စုံဖြူသည် အရှုံးသမားတစ်ယောက် ဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် တွမ်က သူနှင့်ပတ်သက်၍ မသိုးမသန့် ခံစားမိသဖြင့် တစ်စားပွဲတည်းအတူ ထိုင်ကစားဖူးသူများနှင့် ဆက်စပ်မှုကို ကွန်ပျူတာ အကူအညီဖြင့် ရှာဖွေကြည့်လိုက်သည်။
ဝတ်စုံဖြူနှင့်အတူ တစ်စားပွဲတည်း ကစားဖူးသူများအနက် တစ်ယောက်မှာ အကြီးအကျယ် နိုင်ပွဲဆက်ခဲ့သူ ဖြစ်နေသည်ကို တွေ့ရသည်။ ထိုသူသည်လည်း အာရှတိုက်သားပင် ဖြစ်သည်။ ယခုလည်း တစ်စားပွဲတည်းတွင် ထိုင်ကစားလျက် ရှိသည်။ ယခုလည်းနိုင်နေသည် ။ ဒေါ်လာသိန်းချီပြီး နိုင်နေသည်။
ဝတ်စုံဖြူသည် ကုတ်အကျီကော်လာကို လက်ဖြင့်ပွတ်နေခြင်း မဟုတ်ဘဲ ဖဲချပ်ကို ကုတ်အင်္ကျီ ဘေးအိတ်ထဲသို့ ထည့်လိုက်ခြင်းဖြစ်သည်။ ကုတ်အင်္ကျီအိတ်ထဲရှိ ဖဲချပ်များနှင့် အလဲအလှယ် ပြုလုပ်ခြင်းဖြင့် နိုင်စေလိုသော သူ၏ကစားဘက်ကို နိုင်စေခြင်း ဖြစ်သည်။ ဘာကရက် ကစားနည်းသည် ကစားသူတစ်ဦးသည် ဒိုင်နှင့်ဖြစ်စေ၊ အခြားကစားဘက်နှင့်ဖြစ်စေ ပူးပေါင်းနိုင်သည့် ရိုးရှင်းသော စည်းကမ်းရှိသည်ဖြစ်ရာ ထိုစည်းကမ်းကို အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်သည်။ ကစားသမား လောကတွင် ထိုနည်းကို Hand Mucking ဟု သိထားကြသည်။ ဝတ်စုံဖြူက စတိအရှုံးပေးပြီး ကြံဖော်ကြံဖက်ကို အနိုင်ရစေခြင်းဖြစ်သည်။ တွမ်က လုံခြုံရေးအဖွဲ့ကို တပ်လှန့်လိုက်သည်။ အနီးအနားရှိ လုံခြုံရေး ကင်မရာများသည် ဘာကရက်ဝိုင်းသို့ စုချိန်ထားလိုက်ကြသည်။
ကြံဖော်ကြံဖက်က အနိုင်တိုကင်များကို ကောင်တာတွင် လဲလှယ်နေစဉ် လုံခြုံရေးကဖမ်းဆီးလိုက်သည်။ ဟန်မပျက် ဆက်ကစားနေသော ဝတ်စုံဖြူကိုလည်း ဖမ်းလိုက်သည်။ ဝတ်စုံဖြူက ကုတ်အင်္ကျီအိတ်ထဲတွင် ကျန်နေသေးသော ဖဲချပ်များကို ဝါးစားမြိုချရန် ကြိုးစားသည်။
သက်သေခံပစ္စည်းကို ဖျောက်ဖျက်ခြင်းဖြစ်သည်။ သို့သော် လုံခြုံရေး ကင်မရာများက ဝတ်စုံဖြူ ကစားနေ စဉ်တစ်လျှောက်လုံး လက်လှုပ်ရှားမှု မှန်သမျှကို မှတ်တမ်းတင်ထားပြီး ဖြစ်နေသည်။ ရုပ်မြင်ကင်မရာဖြင့် ရိုက်ယူထားသော သက်သေခံကို သူတို့ တရားရုံးတွင် ဘယ်လိုမှ မငြင်းနိုင်ကြ။
ယင်းသို့ ဖြစ်ပွားပြီးနောက်ကာ စီနိုအုပ်ချုပ်သူများက ဘာကရက် စားပွဲတိုင်းတွင် နတ်မျက်လုံး-Angel Eyes ဟု အမည်ရသော ကင်မရာ တပ်ဆင်လိုက်သည်။ ထိုကင်မရာသည် ဝေလိုက်သည့် ဖဲအချပ်တိုင်း၏ ဘားကုတ်ကို မှတ်သားထားပြီး ဖဲချပ်ချင်းလဲပါက ဒိုင်ဖြစ်သူက ချက်ချင်း သိရှိနိုင်ရန် စီမံပေးထားသည်။
လပ်စ်ဗေးဂတ်စ် ကာစီနိုအတွင်းသို့ လူတစ်ယောက် လျှောက်ဝင်သွားသည်နှင့် ထိုသူ၏ ငွေကြေးအခြေအနေ၊ မည်သည့်ရည်ရွယ်ချက်ဖြင့် လောင်းကစားသည်။ အပျော်ကစားခြင်းလော။ အနိုင်ရလို၍လော။ မည်သည့်အစားအစာကို ကြိုက်နှစ်သက်သည်။ မည်သို့သော အဖျော်ယမကာကို မည်သို့ အဖက်အစပ်ဖြင့် သောက်သုံးသည်။ အနာဂတ်တွင် ဖောက်သည် ကောင်းဖြစ်လာနိုင်မည့် အလားအလာ ရှိ၊မရှိ စသည့်အချက်များကို ရှုပ်ထွေးသည့် ကွန်ပျူတာစနစ်ဖြင့် အကဲဖြတ် သုံးသပ်တော့သည်။ ဝေါစထရိတွင် စတော့ဈေးနှုန်း ရှေ့အလားအလာကို ဟောကိန်းထုတ်သည့် ကွန်ပျူတာ စနစ်မျိုးကို သုံးထားခြင်း ဖြစ်သည်။ ကာစီနိုအတွင်း လူတိုင်း၏ လှုပ်ရှားမှုမှန်သမျှကို ဗီဒီယို ကင်မရာဖြင့် မှတ်တမ်းတင်ထားသည်။
ကာစီနိုတွင် အသုံးပြုသော ကွန်ပျူတာစနစ်သည် ဝေါစထရိတွင် အသုံးပြုနေသည့် စနစ်ထက်များစွာ သာလွန် အနုစိတ်သည်ဟု ဆိုသည်။ ကာစီနိုတွင် အသုံးပြုသော လုံခြုံရေး ထောက်လှမ်းမှုစနစ်သည် ကောင်းမွန်လှသဖြင့် လေဆိပ်၊ ဘဏ်တိုက်၊ အစိုးရအေဂျင်စီနှင့် စူပါမားကက်တို့ကပင် အတုယူ အသုံးပြုရသော စနစ်များ ဖြစ်လာသည်။
ကာစီနိုများသည် အတော်ဆုံး ဝှက်စာပညာရှင်၊ ကွန်ပျူတာလုံခြုံရေး ပါရဂူနှင့် သင်္ချာပညာရှင်များကို ငှားရမ်းအသုံးပြုလျက် ရှိသည်။ ကာစီနို၏ ငွေများကို ဖြစ်သည့်နည်းဖြင့် အချောင်နှိုက်လိုသူတွေ အမြောက်အမြား ရှိနေသည်။ သာမန်ဘဏ် တစ်ခုထက်ပင် အန္တရာယ်များသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် လိမ်ကောက်လိုသူများထက် ခြေတစ်လှမ်း သာနေစေရန် အမြဲလို လုံခြုံရေး နည်းလမ်းများကို တီထွင်ဆန်းသစ်နေရသည်။
လိမ်ကောက်သူများကလည်း အလျော့မပေး။ ခေတ်မီနည်းပညာမှအစ လက်လှည့်နည်းပညာအဆုံးသုံး ကြသည်။ အင်္ကျီလက်ရှည် လက်အတွင်း ဗီဒီယိုကင်မရာ အသေးစား ကလေးကို သိုဝှက်တပ်ဆင်ထားသည်။ ဒိုင်က ဝေနေသည့်ဖဲများကို ကင်မရာက စားပွဲမျက်နှာပြင်နှင့် ကပ်လျက် သားအနေအထားမှ ရိုက်ယူပြီး ကာစီနိုအပြင်ဘက် ဗင်ကားထဲရှိ ကင်မရာသို့ ထုတ်လွှင့်ပေးသည်။ ကားထဲရှိနေ သူက ကစားနေသူထံ မည်သူ့ လက်ထဲတွင် မည်သည့်ဖဲများ ရှိနေသည်ကို အသံလွှင့်စက်ဖြင့် သတင်းပြန်ပို့သည်။ ကစားနေသူက နားအတွင်း သိုသိပ် စွာထည့်ထားသည့် အသံဖမ်းစက်က လေးမှတစ်ဆင့်နားထောင်သည်။ ပင်အပ်ထိပ်ဖျားကိုချိုးကာ လက်သည်းခွံအတွင်း ဆင်ကော်ဖြင့်ကပ်ကာ ဖဲချပ်များကို အမှတ်အသားပြုသော နည်းကိုလည်း သုံးတတ်ကြသည်။
လပ်စ်ဗေးဂတ်စ်မြို့ရှိ ကာစီနို တစ်ခုသည် ကမ္ဘာငယ်လေး တစ်ခုနှင့် အလားတူသည်။ လူသားတစ်ယောက် လိုသမျှ အားလုံးရနိုင်သည့် နေရာ ဖြစ်သည်။ စားသောက်ဆိုင်၊ ဟိုတယ်၊ ဇာတ်ရုံ၊ လက်လီအရောင်းဆိုင်၊ ငွေလဲလှယ်ရာ ဌာနတို့ဖြင့် ဖွဲ့စည်းတည် ထောင်ထားခြင်း ဖြစ်သည်။
ကာစီနို ကမ္ဘာအတွင်းဝင်ရောက် လာသူမှန်သမျှကို အီလက်ထရွန်းနစ် မျက်လုံးပေါင်းအရာ အထောင်တို့က စောင့်ကြပ်ကြည့်ရှု လေ့လာလျက်ရှိသည်။ ဝတ်ဆင်ထားသော အဝတ်အစားသည် မည်မျှတန်ဖိုးရှိသည်။ ဝယ်ယူထားသည်မှာ မည်မျှကြာမြင့်ပြီ။ လက်ကိုင်အိတ်သည်မည်သည့် အမျိုးအစားဖြစ်သည်မှအစ အားလုံးကို မှတ်တမ်းတင်ထားသည်။ ထိုအချက်အလက်များကို ပေါင်းစုကာ ကွန်ပျူတာက လူတစ်ဦးချင်း ဥပဓိရုပ်သွင် Personal Profile ကို ဖော်ယူသည်။ ဈေးကွက်မြှင့်လိုသူ၊ ဈေး ကွက်ဖော်လိုသူများအဖို့ ထိုပုဂ္ဂိုလ်ရေး အချက်များသည် များစွာတန်ဖိုးရှိလှသည်။
ပုဂ္ဂိုလ်ရေး အချက်အလက်များ ကိုရယူခြင်းကို အခြားနေရာများတွင် တင်းကြပ်သော ဥပဒေဖြင့် ကန့်သတ်ထားသော်လည်း၊ လောင်းကစားဝိုင်းများ၏ ထူးခြားသော အခြေအနေကြောင့် ခွင့်ပြုထားရသည်။
မိမိတို့၏ ကိုယ်ရေးအချက် အလက်များကို စုဆောင်းရယူနေကြောင်း သိလင့်ကစား၊ လောဘဇောကြောင့် လူပေါင်းသိန်းသန်းချီလျက် ကာစီနိုကမ္ဘာသို့ တသွင်သွင် လာရောက်နေကြသည်။
ပုဂ္ဂိုလ်ရေး အချက်အလက်များကို အီလက်ထရွန်းနစ် နည်းစနစ်ဖြင့် ရယူထားခြင်းသည် အန္တရာယ်ကြီးလှသည်။ ထိုအချက်အလက်များသည် မရောက်သင့်သူ၏ လက်ဝယ်သို့ ရောက်သွားပါက ကာယကံရှင်အဖို့ များစွာ ထိခိုက်နစ်နာ သွားနိုင်သည်။ ထို့ကြောင့် ကာစီနိုများက ပြုစုထားသော ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကာယကံရှင်များအား သိခွင့်ပေးသင့်ကြောင်း တိုက်တွန်းလှုံ့ဆော်နေ သူများပေါ်လာသည်။
လာရောက်ကစားသူများ ကျေနပ်နှစ်သက်မှု အမြင့်မားဆုံးရရှိစေရန် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ရ ယူထားရခြင်းဖြစ်သည်ဟု ကာစီနို များဘက်က ပြန်လှန်ချေပသည်။
လူ့အဖွဲ့အစည်းဟူသည် လူသားတစ်ဦးနှင့်တစ်ဦး ဆက်စပ်လျက် ဖြစ်တည်နေခြင်းဖြစ်သည်။ ဆက်စပ်မှုမရှိပါက လူ့အဖွဲ့အစည်းဟူ၍ ရှိတော့မည်မဟုတ်။ သွေးသားတော်စပ်မှု၊ ခင်မင်ရင်းနှီးမှု၊ အကျိုးစီးပွားတူညီ မှု၊ အပြန်အလှန် ကူညီမှု စသည့် အချက်များဖြင့် လူ့အဖွဲ့အစည်းကြီး ရှင်သန်တည်ရှိနေသည်။ ကာစီနိုရှိ ကွန်ပျူတာစနစ်သည် ထိုဆက်စပ်နေမှုကို အရိုးရှင်းဆုံးနည်းဖြင့် ဖော်ထုတ် ပေးနိုင်သည်။
တစ်ခါသော် ကာစီနိုတွင် ဖဲဝေသည့်ဒိုင်အဖြစ် အလုပ်လုပ်နေသူ တစ်ဦးသည် မော်တော်ယာဉ် အကြွေး ဝယ်ရန်အတွက် ချေးငွေလျှောက်လွှာ တင်ပြလာသည်။ လျှောက်လွှာတွင် ၄င်း၏ချေးငွေအပေါ် အာမခံသူ၏ အမည်ကိုဖော်ပြထားသည်။ ထိုသူသည် ကာစီနိုတွင် မကြာခဏလာ ရောက်ကစားလေ့ရှိပြီး လျှောက်လွှာရှင် ဒိုင်အဖြစ် ဆောင်ရွက်သော စားပွဲတွင် အများဆုံးကစားခဲ့သည်ကို ကွန်ပျူတာက ဖော်ထုတ်ပေးလိုက်သည်။ ထိုဝန်ထမ်းကို အလုပ်မှ ရပ်စဲလိုက်ရသည်။
လာရောက် ကစားကြသူများနှင့် ဒိုင်လုပ်သူတို့သည် လိပ်စာတစ်ခု တည်းတွင် နေထိုင်နေခြင်း ဟုတ်၊ မဟုတ်။ တယ်လီဖုန်းနံပါတ်တူညီခြင်း ရှိ၊ မရှိ။ ကာစီနို ဟိုတယ်တွင် တစ်ခန်းတည်း အတူနေလေ့ ရှိ၊ မရှိ စသည်တို့ကို ကွန်ပျူတာက အမြဲ စစ်ဆေးသည်။ အကြမ်းဖက်သမားများ တစ်ဦးနှင့်တစ်ဦး ဆက်စပ်နေခြင်း ရှိ၊ မရှိ စိစစ်ရာတွင် အမေရိကန် နိုင်ငံတော်လုံခြုံရေးဌာန Homeland Security က ထိုကွန်ပျူတာစနစ် ကိုပင်အသုံးပြုလျက်ရှိသည်။ ဘဏ်၊ အာမခံလုပ်ငန်းတို့ကလည်း အသုံးပြု သည်။
ကာစီနိုအချင်းချင်း ယင်းတို့ထံတွင် လာရောက် လောင်းကစား ကြသူများ၏ အချက်အလက်များ ဝေငှဖလှယ် အသုံးပြုခြင်းကြောင့် စိုးရိမ်မကင်း ဖြစ်ကြသူများလည်း ရှိသည်။ လောင်းကစား မှော်အောင်သူများဟု ဆိုရမည့် ဖဲလိမ်ဝိဇ္ဇာများသည် ကမ္ဘာအနှံ့ခြေဖြန့် ကစားနေ ကြသူများဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ အဝန်း လောင်းကစားဝိုင်းများသည် တစ်ခုနှင့်တစ်ခု သတင်းဖလှယ်ကြရ သည်။ ယနေ့ လပ်စ်ဗေးဂတ်စ်တွင် ကစားပြီး၊ နောက်တစ်နေ့ မွန်တီ ကာလိုသို့ရောက်နေသည်။ နောက် တစ်ပတ်တွင် မကာအိုသို့ရောက်ချင် ရောက်နေတတ်သည်။ ထိုလောင်းကစား ဝိဇ္ဇာများနောက်တွင် မာဖီးယားလို မဟာလူဆိုးဂိုဏ်းများလည်း ရှိနေတတ်သည်။
ကာစီနိုများသည် ခါးပိုက်နှိုက်များ ကျက်စားရာ အရပ်ဖြစ်သည်။ ငွေအထပ်လိုက် အိတ်ထဲထည့်ကာ ကာစီနိုက မေတ္တာလက်ဆောင် တိုက်ကျွေးသော အဖျော်ယမကာကို သောက်သုံးလျက် မူးယစ်နေသူများသည် ခါးပိုက်နှိုက်များ သွားရေကျစရာ ပစ်မှတ်များ ဖြစ်သည်။ မှတ်တမ်းဝင်လူ ဆိုးတစ်ဦးဝင်ရောက်လာပါက လုံခြုံ ရေးတာဝန်ကျအခန်းတွင် ခေါင်း လောင်းသံ ပေါ်ထွက်လာလေ့ရှိသည်။ ကွန်ပျူတာက မျက်နှာသွင်ပြင်ကို မှတ်မိသော ဆော့ဝဲ Facial Reco-gnition Software ကိုအသုံးပြုလျက် ကာစီနိုအတွင်း ဝင်ရောက်လာသူ တိုင်းကို စစ်ဆေးပေးသည်။
မသင်္ကာဖွယ်ရာ၊ အန္တရာယ် မကင်းသော အပြုအမူများကိုလည်း ကွန်ပျူတာက ဖော်ထုတ်ပေးသည်။ အရေးပေါ် ထွက်ပေါက်နားတွင် မယောင်မလည်ရပ်နေခြင်း ၊ ပိုက်ဆံ အိတ်ကို မေ့ထားခဲ့ခြင်း စသည့် အပြု အမူများကို ကွန်ပျူတာကမှတ်တမ်း တင်ကာ လုံခြုံရေးဝန်ထမ်းများအား ညွှန်ပြပေးသည်။
လောင်းကစား စားပွဲခုံအတွင်း မြှုပ်ထားသော ကွန်ပျူတာချစ်ပ်များ က စားပွဲပေါ်တွင်ရှိနေသော တိုကင် ပြားကို အတုအစစ် ခွဲခြားပေးခြင်း၊ အလျော်အစားကို မှတ်တမ်းတင်ခြင်း တို့ပြုလုပ်ပေးသည်။ ကာစီနိုဝန်ထမ်းများသည် တိုကင်ပြားများကို အပြင်သို့ ထုတ်ယူ မသွားနိုင်အောင် အဝင်အထွက် တံခါး ပေါက်ဘောင်တွင် ကွန်ပျူတာချစ်ပ် ကို မြှုပ်နှံထားသည်။
ကာစီနိုဟူသည် ကစားသမားတို့၏ လောဘမီးအရှိန်တညီးညီးတောက် လောင်နေသောအရပ်ဖြစ်သည်။ လောင်းကစားဝိုင်းတို့ သဘာဝအတိုင်း အော်ဟစ်ခြင်း၊ ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းတို့ မဖြစ်စေရန် ကာစီနိုတို့က အတတ်နိုင်ဆုံး စီစဉ်ထားသည်။ မိမိ လောင်းကစားနေကြောင်း သတိမရ စေရန် အဖျော်ယမကာနှင့် အစား အသောက်တို့ ဈေးအပေါဆုံး စီစဉ် ပေးထားသည်။ ပျော်ပွဲရွှင်ပွဲ တစ်ခုအတွင်းသို့ ရောက်နေသည့်အလား ထင်မှတ်မှားစေရန် စီမံထားသည်။
လောင်းကစားနေသည်ဟူသော သိမှတ်မှုကို မှုန်ဝါးနေစေရန်၊ စိတ်လွတ်လက်လွတ် ပေါ့ပါးနေစေရန် ဖြစ်သည်။ စိတ်လွတ်လက်လွတ် ဖြစ်လာသည်နှင့်အမျှ ကစားသမားများသည် အဆုံးအဖြတ် မှားလာကြမည်။ လောင်းကြေးတိုကင်များသည် ဒိုင်ထံသို့ ခုန်ပျံရောက်ရှိကုန်ကြမည်။
ကာစီနိုများတွင် ထွန်းညှိထားသော လျှပ်စစ်မီးပါဝါသည် ဖွံ့ဖြိုးဆဲနိုင်ငံများစွာကို မီးပေးထားနိုင်သည့် ပါဝါနှင့်ညီမျှသည်။ တောက်ပထွန်းလင်းလျက် လျှပ်လက်နေသော မီးများသည် ကစားသမားများကို ညှို့ယူဖမ်းစားသည်။ တွေဝေစေသည်။ အဆုံးအဖြတ် မှားစေသည်။
လောင်းကစားသမားများ၏ အားနည်းချက်မှာ စိတ်ကို မဖြတ်နိုင်ခြင်း၊ အတ္တမာန လွန်ကဲခြင်းပင်ဖြစ်သည်။ မည်မျှသာ အရှုံးခံမည် ထိုပမာဏအထိ ရှုံးလျှင် ကစားဝိုင်းမှ ခွာမည်ဆိုသည့် မြဲမြံသော သန္နိဋ္ဌာန် ထားနိုင်သူ မရှိသလောက်ရှားသည်။
ပါးနပ်စွာစီမံထားသော အကွက်တစ်ကွက်မှာ တိုကင်ကို ငွေသားအဖြစ် ပြန်လဲပေးသော ကောင်တာကို မဟာဗျူဟာ မြောက်စွာနေရာချထား ပေးခြင်းပင် ဖြစ်သည်။ အနိုင်တိုကင်များကို ပိုက်လာသူသည် မြောက်မြားလှစွာ ကစားဝိုင်းများကို ကွေ့ဝိုက် ဖြတ်သန်းကာ ငွေလဲကောင်တာသို့ သွားရသည်။ ကစားဝိုင်း တစ်ဝိုင်းဝိုင်းတွင် ဝင်ကစားမိစေရန် တမင် အကွက်ချထားခြင်း ဖြစ်သည်။ ကောင်တာကို ကစားဝိုင်းများ ပြည့်နှက်နေ သောခန်းမကျယ်ကြီး၏ အလယ်ကောင်တွင် ထားလေ့ရှိသည်။
တိုကင်ကို ငွေသားဖြင့် ပြန်လဲ ပေးသူဝန်ထမ်းမှာလည်း တစ်ယောက် တည်းသာရှိသည်။ မိမိ၏အနိုင်တိုကင် များကို ငွေသားအဖြစ် ပြန်လဲလိုသူသည် လူတန်းရှည်ကြီးနောက်တွင် တန်းစီရသည်။ ခြိမ့်ခြိမ့်သဲ လောင်းကစားဝိုင်းများ အကြားတွင် တန်းစီ စောင့်နေရသည်မှာ သည်းမခံနိုင်စရာ။ ကစားဝိုင်းများ မြှူဆွယ်နေသည့် နောက်သို့ ပြန်ပါမသွားစေအောင် စိတ်ကိုထိန်းချုပ်ရသည်မှာ ခက်ခဲလှသည်။ ကာစီနိုကို တည်ဆောက်ထားပုံမှာလည်း မျက်စိလည်စရာ ဝင်္ကပါတစ်ခုလို တည်ဆောက်ထားသည်။ အထဲရောက်နေသူသည် အပြင်သို့ ပြန်ထွက်ရန် ထွက်ပေါက်ကို ခက် ခက်ခဲခဲရှာရသည်။
ဆူညံသော အသံဗလံများကလည်း လူကို ညှို့ယူထားသည်။ အကြွေထည့်ကစားရသောစက်များ Slot Machine မှ ငွေအကြွေစများ တချွင်ချွင်မြည်ကာ ကျဆင်းလာသံကို တရံမလပ် ကြားနေရသည်။ ထိုအသံများက နိုင်သူအများအပြားရှိနေ သည်ဟုဆိုနေခြင်းဖြစ်သည်။ ကျဆင်းလာသော ငွေအကြွေအသံများကို လူတို့ အကောင်းဆုံး ကြားရသည့် ဖရီကွင်စီနှင့် အံကိုက်လုပ်ထားသည်။ ကြားနေရသမျှ အသံတို့သည် သ ယာနာပျော်ဖွယ်ဖြစ်စေရန် ဖန်တီး စီမံထားသည်။
ခဏခဏ အနည်းငယ် အနိုင် ပေးရန်စီစဉ်ထားသည့် အကြွေစက်များကို အချက်အခြာကျသော တိုကင်လဲရာကောင်တာ၊ စားသောက်ဆိုင်၊ လူအများဆုံး ဖြတ်သန်းသွားသော နေရာများတွင် ချထားပေးသည်။
နိုင်လာသူကို ရှန်ပိန်၊ ပန်းစီး စသည့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းကိုလည်း ကာစီနိုများက စီစဉ်ထားသည်။ မလုံ့တလုံ ဝတ်ဆင်ထားသော ဧည့်ကြိုမယ်လေးများက ရှန်ပိန်ခွက် တစ်ခွက်ပြီး တစ်ခွက် ကမ်းပေးခြင်းဖြင့် ဖြစ်နိုင်သမျှ ဆွဲထားလေ့ရှိသည်။ ဧည့်ကြိုမလေးများ၏ ဂုဏ်ပြုချီးကျူး စကားသံမှာလည်း နိုင်လာသူကို ကာစီနိုအတွင်းမှ ထွက်ခွာ မသွားစေနိုင်အောင် ဖြစ်နိုင်သမျှဆွဲထားခြင်း ဖြစ်သည်။ ကစားသမားသည် ကာစီနိုအတွင်း ရှိနေသရွေ့ သူ ၏ငွေများကို ကာစီနိုက ပြန်လည်ရယူရန် အခွင့်အလမ်း ရှိနေသည်။ ထို့ကြောင့် လှပချောမွေ့သော မလုံ့တလုံ ဧည့်ကြိုမယ်လေးများကို အကွက်အကွင်းကျစွာ နေရာချထားလေ့ရှိသည်။
စားကောင်းသောက်ဖွယ်နှင့် အဖိုးတန်အဖျော်ယမကာတို့ကို အလျှံ အပယ် စီမံပေးထားလေ့ရှိသည်။ ရှုံးသူကိုလည်း အစားအသောက် ကူပွန်ထုတ်ပေးခြင်းဖြင့် နှစ်သိမ့်မှုပေးသည်။ ရှုံးသူကြိုက်ရာ အစားအစာကို အဝစားနိုင်သည်။
နိုင်သူအတွက် ဆိုလျှင်တော့ ကာစီနိုက ထိုမျှမက ရက်ရက်ရောရော စီမံပေးသည်။ ဟိုတယ်နှစ် ယောက်ခန်း၊ နှစ်ယောက်စာ ညစာ၊ တန်ဖိုးကြီးယမကာတို့ကို အခမဲ့ပေးသည်။ အရေးကြီးသည်မှာ အနိုင် ပိုင်း၍ထွက်မသွားစေရန်ဖြစ်သည်။ နိုင်သူအဖို့မှာလည်း ''တယ်တော်တဲ့ ငါပါလား။ သူတို့(ကာစီနို)က ဒီလောက်သဘောကောင်း ရက်ရောနေမှတော့ နောက်ထပ်တစ်ရက် နှစ်ရက် ဒီမှာဆက်နေပြီး ကစားလို့လဲ အရှုံး မရှိပါဘူး။ ရှုံးရင်လဲ ငါနိုင်ထားတာ တွေ ပြန်ရှုံးတာပဲ'' ဟု အတွေး ပေါက်လာတတ်သည်။
ကာစီနိုများသည် ဒေါ်လာသန်း ပေါင်းများစွာ အကုန်အကျခံလျက် လူ၏စိတ်ကို သုတေသနပြုထားကြသည်။ လူသည်မည်သည့်အခါမျိုးတွင် စွန့်စားလိုစိတ် ပေါ်လာသနည်း ဆိုသည့်အချက်ကို အထူးသုတေသန ပြုသည်။ စွန့်စားလောင်းကစားလို သည့်စိတ်ပေါ်လာစေရန် မည်သို့လှုံ့ဆော်နိုင်မည်နည်း ဆိုသည်ကိုလည်း သုတေသန ပြုသည်။ ထိုသုတေသနပြုချက်အရ ကာစီနိုများသည် အနီရောင်ကို အများဆုံး အသုံးပြုသည်။ အနီရောင်သည် စွန့်စားလိုစိတ်နှင့် အောင်နိုင်နေသည် ဟူသောစိတ်ကို ပေါ်ပေါက်စေသည်။ စိတ်ကြီးဝင်စေသည်။ စိတ်ကြီးဝင်နေသူသည် လောင်းကြေးများများ ထပ်လိုစိတ်ရှိသည်။ ကစားဝိုင်းခန်းမများတွင် ထွန်းညှိထားသည့် မီးရောင်သည် မြင်သာထင်သာ ရှိရုံမျှသာ ဖြစ်သည်။ ပြတ်ပြတ်သားသား ထင်ထင်ရှားမြင်ရန် ကြိုးစားမည်ဆိုပါက စိတ်အာရုံကို ပင်ပန်းစေသည်။ ထိုနည်းဖြင့် အဆုံးအဖြတ်မှားစေရန် စီမံထားသည်။ လူ၏သဘာဝအရ အရက်လာငှဲ့ပေးသော ဧည့်ကြိုမယ်ကလေးများကို ထင်ထင်ရှားရှားမြင်ရန် ကြိုးစားသည်နှင့်အမျှ ဆင်ခြင်တုံသည်လည်း လျော့ကျလာမည်ဖြစ်သည်။
လူတို့အာရုံငါးပါးစလုံးကိုက စားဝိုင်းများက ညှို့ယူဖမ်းကိုင်ထားရန် စီမံထားသည်။ အရောင်၊ အနံ့၊ အသံ၊ အထိအတွေ့တို့ကို ကွက်တိလုပ်ထားသည်။ အချိန်ကိုလည်း အထိရောက်ဆုံး အသုံးချထားသည်။ ကုလားဖန်ထိုးသော စက်များကို မြန်နိုင်သမျှ မြန်မြန် ကုလားဖန်ထိုးနိုင်အောင် ပြုလုပ်ထားသည်။ နောက်တစ်လှည့် ပြန်စဖို့ စောင့်နေရသော အချိန်ကို တိုတောင်းစေသည်။ ဤနည်းဖြင့် ပွဲများများ ကစားနိုင်အောင်လုပ်သည်။ ပွဲများလေလေ ကာစီနိုအဖို့ အကျိုးရှိလေဖြစ်သည်။ ကုလားဖန်ထိုးသည့် အချိန်တိုတောင်းလာသဖြင့် ကစားသမားများ တစ်ပွဲနှင့် တစ်ပွဲအကြား နားချိန်တိုတောင်းလာသည်။ စဉ်းစားချိန် နည်းလာသည်။ ထိုအခါ ချင့်ချိန်အားနည်းလာသည်။ ကစားသမားများ တစ်ပွဲပြီးတစ်ပွဲ ကစားနေပုံသည် စက်ရုပ်ပိုဆန်လာသည်။ လျှင်မြန်စွာ မောင်းနှင်လည်ပတ်နေသော စက်တစ်ခု၏အစိတ်အပိုင်း တစ်ခုပမာ ဖြစ်လာသည်။ လျင်မြန်စွာမောင်းနှင်နေသော ယန္တရားကြီး၏ အစိတ်အပိုင်းအဖြစ် လောင်းကစားသမားသည် မောင်းနှင် ခံနေရသည်။
ကစားဝိုင်းခန်းမအတွင်းသို့ အောက်စီဂျင်ကို အချိန်မှန်မှန် မှုတ်သွင်းပေးသည်။ စိတ်လက်ပေါ့ပါးစေရန် ဖြစ်သည်။ စိတ်လက်ပေါ့ပါးနေသူသည် စိတ်နှလုံး မှုန်မှိုင်းနေသူထက် ပိုမိုလောင်းကြေးထပ်လိုသည်။ ကာစီနိုသည် အချိန်ကာလ၏ မေ့လျော့ခြင်း ခံထားရသော နေရာဟု ဆိုနိုင်သည်။ ကာစီနိုတွင် နာရီချိတ်ဆွဲထားလေ့ မရှိ။ အချိန်ကို ညွှန်ပြနိုင်သည့်၊ နေရောင်ကို မြင်ရသည့် ပြတင်းပေါက်လည်း မရှိ။ နေထွက်ခြင်း၊ နေဝင်ခြင်းကဲ့သို့ အချိန်ကာလ အပြောင်းအလဲကို မြင်နိုင်စွမ်း မရှိအောင်စီမံထားသည်။ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ထားသည်။ကာစီနိုအတွင်း ဝင်ရောက်လာသူမှန်သမျှသည် အချိန်ကိုမေ့လျော့သွားစေ ရန်စီမံထားသည်။ ကစားဝိုင်းဒိုင်လုပ် သူများကိုလည်း နာရီမပတ်ကြရန် ညွှန်ကြားထားသည်။
သို့သော် သြစတေးလျနှင့် ဘယ်ဂျီယန်ရှိ ကာစီနိုတို့သည် သဘာဝ နေရောင်ဖြင့် လင်းလင်းချင်းချင်းရှိ သော ကာဆီနိုဒီဇိုင်းမျိုး အသုံးချလာသည်ကိုတွေ့ရသည်။ သူ့ထက်ငါအပြိုင် ကြိုးစားနေကြသည့်အတွက် စမ်းသပ်တီထွင် ကြည့်ကြခြင်းဖြစ်သည်။
ကစားဝိုင်း တိုကင်ကို တီထွင်ခဲ့သူသည် တကယ့်ဥာဏ်ကြီးရှင်ပင် ဖြစ်သည်။ တိုကင်ကို တန်ဖိုး သတ်မှတ်ထားသော်လည်း လူ၏စိတ်ထဲတွင် ငွေသားစစ်စစ်လောက် အရေးမထားတော့။ ထိုအခါ အလွယ်တကူပင် လောင်းကစား ပစ်လိုက်သည်။
၁၉ရာစုတွင် ကာစီနို ဟူသော စကား၏အဓိပ္ပာယ်မှာ ပျော်ပွဲရွှင်ပွဲဟု ဆိုလိုသည်။ ထိုစဉ်အခါက ပျော်ပွဲရွှင် ပွဲများကို ကျင်းပရာနေရာကို ကာစီနို ဟုခေါ်ဆိုသည်။ ကာစီနိုကို ပျော်ပွဲ ရွှင်ပွဲကြီးပမာ ဆင်ယင်ထားလေ့ရှိ သည်။ သည်းထိတ်ရင်ဖိုဖွယ်ရာ၊ မူးယစ်ပျော်ပါးရာ နေဖြစ်စေရန် ပြုလုပ်ထားသည်။ လောရာကြီးကို မေ့လျော့ကာ ပျော်နိုင်ပါးနိုင်စေရန်၊ စီမံထားသည်။ လောကကြီးကို မေ့လျော့ခြင်းသည် အရှိတရားကို မေ့လျော့ထား ခြင်းဖြစ်သည်။ မိမိမည်မျှသာ သုံးနိုင်သည်။ အရှုံးခံနိုင်သည်ကို မေ့လျော့သွားစေရန် စီစဉ်ထားခြင်းဖြစ်သည်။
လူ၏အတ္တမာနကို ကာစီနို၏ ပတ်ဝန်းကျင်က မီးထိုးပေးသည်။ စူပါအတ္တမာနကို မွေးဖွားပေးသည်။ ငါ့လိုလူ ဇမ္ဗူမှာ ရှိသေးရဲ့လားဟု သွေးနားထင် ရောက်စေသည်။ ငါသူများတွေထက် တော်တယ်၊ နိုင်အောင် ကစားပြမယ်ဟု စိတ်ကြီးဝင်လာခြင်းသည် ပျက်စီးခြင်း၏ အစပင်ဖြစ်တော့သည်။ နိုင်လိုက်သည့် အခါတိုင်းတွင် ဧည့်ကြိုမယ်လေးများက လက်ခုပ်သြဘာပေးကာ ဂုဏ်ပြုသည်ကို အဟုတ်ကြီး ထင်လာသည်။
လူကို မောင်းနှင်နေသော အင်အားသုံးခုရှိသည်ဟု စိတ်ပညာရှင်များက လက်ခံထားကြသည်။ အသက်မွေးဝမ်းကျောင်းခြင်း၊ မျိုးဆက်ပြန့်ပွားခြင်းနှင့် အတ္တမာနတို့ပင် ဖြစ်သည်။ နောက်ဆုံးသော့ချက်ကို ကာစီနိုတို့က ဇက်ကိုင်ထားသည်။ ကာစီနိုက လူ၏အတ္တမာနကိုကျော သပ်ပေးခြင်းဖြင့် လောင်းကစားကို လူများက ခုံမင်ရာမှ စွဲလန်းလာသည်။ မူးယစ်ဆေးကဲ့သို့ ဖြစ်လာကာ မကစားရ မနေနိုင် ဖြစ်လာသည်။
လူ၏လောဘမီးသည် ကာစီနို ယန္တရားကို အစဉ်မပြတ်လည်နေစေသော မောင်းနှင်အားဖြစ်သည်ဟု ဆိုသည်။ လောင်းကစားသမားများသည် အနည်းဆုံး တစ်ကြိမ်မျှ နိုင်ဖူးခဲ့ကြသည်သာဖြစ်သည်။ အနိုင်ငွေ ကြေးပမာဏသည် ရာဂဏန်း ထောင်ဂဏန်းမျှသာ ဖြစ်နေစေကာမူ ထိုနိုင်ခဲ့သည့်အရသာကို ကစားသမားများသည် မမေ့နိုင်ကြ။ ထိုအရသာကို တပ်မက်ကြသည်။ ထိုအရသာကို တစ်ပြန်တစ်ကျော့ ခံစားနိုင်ရန် သောင်း၊ သိန်းမကသောငွေကြေးကို အရှုံးခံနေကြသည်။
ကာစီနိုများ၏ အစွမ်းအထက် ဆုံး ဆွဲဆောင်နိုင်မှုမှာ လူတို့အိပ်မက် ကို အကောင်အထည်ဖော်ပေးနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြစ်သည်။ ကြွေတစ်လက် ကြက်တခုန်၊ ခဏတွင်းချင်းပင် သူဌေးဖြစ်နိုင်သည် ဆိုသော မက်လုံးသည် လူတိုင်းကို ဆွဲဆောင်လျက်ရှိသည်။ တစ်ကျပ် တစ်ပြားပေးရသော ထီလက်မှတ် မှသည် ကြေးကြီးလောင်းကစားဝိုင်း အထိပေးစွမ်းနိုင်သည့် တစ်ခုတည်း သောမက်လုံးမှာ အိပ်မက်ကို လက်တွေ့ဖြစ်လာစေနိုင်သည်ဟူသော မျှော်လင့်ရောင်ခြည် မှုန်ပျပျကလေး ဖြစ်သည်။ သတင်းမီဒီယာများကလည်း ကာစီနိုနှင့်ပတ်သက်၍ အသားပေး ဖော်ပြတတ်သည်။ ဂျိမ်းစ်ဘွန်းဇာတ်လမ်းများ ကဲ့သို့သော ရုပ်ရှင်များကလည်း ကာစီနို၏ ရင်သပ်ရှုမောဖွယ် အခင်းအကျင်းများကို ပြသလေ့ရှိသည်။ ထိုအချက်သည်လည်း လူအများကို ကာစီနိုဆီသို့ ဆွဲဆောင်ပေးနေခြင်း တစ်မျိုး ဖြစ်တော့သည်။
ငွေကြေးသည် ကြားခံဖလှယ်ခံ ပစ္စည်းဖြစ်သည်။ ငွေကြေးလက်ပြောင်း လက်လွှဲပြုလုပ်သည့်အခါတိုင်းတွင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုသည် ဖလှယ်သည့်ပစ္စည်းအဖြစ် ပါဝင်ရစမြဲဖြစ်သည်။ ယင်းသို့ ပါဝင်သော ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုသည် ကျန်ရစ်ခဲ့ရမည်ဖြစ်သည်။ ငွေကြေးဟု တီထွင်မှုထားခြင်း၏ ရည်ရွယ်ချက်မှာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုကို လူတို့ စားသုံးကြခြင်းဖြင့် စီးပွားရေးကို တိုးတက်ဖွံ့ဖြိုးလာစေရန်ဖြစ်သည်။
လောင်းကစားခြင်းသည် ငွေကြေး လက်ပြောင်းလက်လွှဲလုပ်ခြင်းပင်ဖြစ် သည်။ သို့သော် ဝန်ဆောင်မှုနှင့် ကုန် ပစ္စည်းမပါဝင်ပေ။ ထို့ကြောင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုသင့်သလောက်မပြု။ ကာစီနိုကို မှီခို၍ စီးပွားရှာကြသူများ လစာဝင်ငွေရရှိကြသည်။ ကာစီနိုသုံးပစ္စည်း ပြုလုပ်ရောင်းချသူများ၊ အစားအသောက် ပေးသွင်းသူများသည်လည်း ဝင်ငွေရရှိကြသည်မှာ မှန်သော်လည်း၊ ကာစီနိုများတွင် လှည့်ပတ်နေသည့် ငွေပမာဏနှင့် နှိုင်းစာပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူ ပြုမှုသည့် ကုန်ထုတ်လုပ်ငန်း ကြီးများလောက် အကျိုးမများပေ။ ထို့ကြောင့် ကာစီနိုများကို ပိတ်ပစ်ရန် ဆော်သြနေကြသူများရှိသည်။ သို့သော် ကာစီနိုများမှ ရသောအခွန်အခများသည် အခြားသော စီးပွားရေး လုပ်ငန်းများထက် ပိုမိုများပြား (ရာနှုန်းနှင့် တွက်ချက်ပါလျှင်) သဖြင့် အမြဲတမ်း ဘတ်ဂျက်လိုငွေပြနေသော ပြည်နယ်နှင့် ဗဟိုအစိုးရတို့အတွက် မက်လောက်စရာ ဖြစ်နေသည်။
လူတို့၏ အတ္တမာနနှင့် လောဘတို့ ရှိနေသရွေ့ကာလပတ်လုံး လောင်းကစားခြင်းသည် လူ့လောကတွင် ပုံစံအမျိုးမျိုးဖြင့် ရှိနေမည်သာ ဖြစ်သည်ဟု စိတ်ပညာရှင်များက ဆိုကြသည်။
Ref: How to Outsmart Casinos at Their Dirty Tricks
Friday, April 23, 2010
ဗုံးဖောက်ခွဲသူကို ဖမ်းမိထားကြောင်း ပြည်တွင်းထုတ်ဂျာနယ်တွင် ဖော်ပြ

မျိုးဝင်းဇော်
ပြီးခဲ့သည့် ဧပြီ (၁၅) ရက်နေ့က ကန်တော်ကြီး X20 မဏ္ဍပ်စင်အနီး ဗုံး (၃) လုံးပေါက်ကွဲမှု ဖြစ်ပွားရာ ဗုံးဖြင့်ပစ်သူကို အာဏာပိုင်များက ဖမ်းမိထားကြောင်း ယနေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ (၅) တွင် ဖော်ပြထားသည်ဟု ဖတ်ရှုရသူ ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ခံတဦးက “လျှပ်တစ်ပြက်မှာ ဗုံးခွဲသူကို ချက်ချင်း ဖမ်းမိတယ်လို့ ရေးထားတယ်။ ဒါပေမယ့် အစိုးရက ဗုံးခွဲသူ (၂) ယောက်ကို တွေ့ရင် သတင်းပေး၊ ဆုငွေ (၁ဝ) သိန်းပေးမယ် ဆိုပြီးလည်း နေရာတကာမှာ ကြေညာထားတယ်။ နောက် ဗုံးခွဲသူကို မိထားပါလျက်နဲ့ ဘာသတင်း ထုတ်ပြန်တာမှ မလုပ်ဘူး။ ဒါတင်မက သတင်းစာထဲကနေ အတိုက်အခံ အင်အားစုတွေကို ဗုံးခွဲမှုနဲ့ပဲ ဆက်စပ် ပတ်သက်သယောင်ယောင် အမျိုးမျိုး လျှောက်ရေးနေတယ်။ သေချာတာကတော့ အစိုးရဟာ အခုဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လုံးဝရိုးသားမှုမရှိဘူး” ဟု ပြောသည်။
အဆိုပါသတင်းတွင် “သင်္ကြန်မှာ ဗုံးပေါက်ခွဲသူသည် လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ခြင်းဖြစ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဗုံးပေါက်ခွဲသူသည် လက်ပစ်ဗုံးဖြင့် မဏ္ဍပ်ပေါ်သို့ ပစ်တင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတဦးက လျှပ်တစ်ပြက်သို့ ပြောကြားသည်ဟု ဖော်ပြထားသည်။
သင်္ကြန်တွင် ဗုံးဖောက်ခွဲခဲ့သူသည် ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသော လက်ပစ်ဗုံးများကို X20 မဏ္ဍပ်စင်ပေါ်သို့ ပစ်တင်နေစဉ် သပြေကုန်းရပ်ကွက် ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “ဟိုမှာ မဏ္ဍပ်ပေါ်ကို ဗုံးနဲ့ ပစ်နေပြီ၊ ဝပ်” ဟု ပြောပြီး မကြာခင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဗုံးဖြင့် ပစ်သူကို သက်ဆိုင်ရာက ချက်ချင်း ဖမ်းမိခဲ့ကြောင်း မျက်မြင်သက်သေ တဦးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
အခြား ရန်ကုန်မြို့ခံတဦးက “အာလုံးက ထင်မြင်နေသလို စစ်အစိုးရကပဲ လုပ်ကြံဖောက်ခွဲတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဗုံးခွဲသူကို ဖမ်းမိထားပေမယ့် လုံးဝကို ထုတ်ဖော်မကြေညာတာ။ မကြာခင် ဒီ ဖမ်းဆီးရမိထားမှုကို တခြား သူတို့လိုချင်တဲ့ အဖြေတခုခု ဖြစ်အောင် လုပ်ကြံဖန်တီးလာနိုင်တယ်” ဟု ပြောသည်။
ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာတဦးက စစ်အစိုးရသည် တရားခံကို ဖမ်းမိပြီဆိုပါက ဖမ်းမိထားကြောင်း၊ အမှုမှန်ကို ဆက်လက်ဖော်ထုတ်နေကြောင်း စသဖြင့် ရိုးရိုးသားသား ကြေညာသင့်ကြောင်း ပြောသည်။
၎င်းက “ခုတော့ လုံးဝ မရိုးသားဘူး။ အရင် (၅) လောင်းပြိုင် လူသတ်မှုအပါအဝင် ဗုံးဖောက်ခွဲမှု များစွာမှာလည်း ခုလိုပဲ တရားခံတွေ ထုတ်ပြတာ မရှိခဲ့ဘူး။ သတင်းစာရှင်းလင်းပွဲတွေမှာ မေးရင်လည်း အမေးမခံဘူး” ဟု ပြောသည်။
ဗုံးခွဲမှုနှင့်ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ်တွင် ယခုကဲ့သို့ ရေးသားချက်၊ စာပေစိစစ်ရေး၏ ခွင့်ပြုချက်၊ စစ်အစိုးရပိုင် သတင်းစာရေဒီယိုများက သတင်း ထိန်ချန်ထားမှု စသည့်တို့အပေါ် ရန်ကုန်မြို့ခံများက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။
Thursday, April 22, 2010
လိမ် ရင် လဲ ပီပီပြင်ပြင် လိမ်ပေါ့
တနေ့  မန်းရေနံ မြေကပြန်လာပြီး ပြည်လမ်းက ရုံးမှာ လစာထုတ်ပြီးပြန်လာတော့
ယုဒသန်ဝင်းနားက လမ်းချိုးလေးက လူတစ်ယောက် ထွက်လာပြီး
..ကျွန်တော် မြောင်းမြ ပြန်ဖို့  ပြန်စရာ စရိတ် ဘာမှမရှိတော့လို့  ပိုက်ဆံ ၂၀၀ လောက် ကူညီ ပါ ခင်ဗျာတဲ့
တကယ်တော့ မြောင်းမြ ကားခ က ၄၀၀ ကျော် ရှိ တယ်...
ကျွန်တော် က ပြောလိုက် တယ် ကားခက ၄၀၀ ကျော် ရှိ တယ်...
ပုသိမ်သား ကို မှားပြီး တောင်း ရလား ...မြောင်းမြသွားတဲ့ ကားတွေ ပုသိမ် သွားတဲ့ ကားတွေ အတူတူ ဂိတ်ထိုးရတဲ့ အချိန်လေ...
ဘာပဲဖြစ်ဖြစ် လေ ....အခက်အခဲတစ်ခုခု ရှိလို့  တောင်းတာပဲလေ...
ပိုက်ဆံ ထုတ်ပြီးပေးလိုက်သည်....
တချို့ ကပြောတယ် လိမ်တာကို အားပေးတာတဲ့
တကယ်တော့ ဘယ်သူမဆို သူများဆီက ပိုက်ဆံ ကို မတောင်းချင် ကြပါဘူး
မွေးကတည်းက ဘယ်သူမှ အဲဒီစိတ် ပါမလာကြပါဘူး
တစ်ခုခု ကြောင့် ပါ...
လိမ်မှန်းသိလျှက် နဲ့  နားလည်ပေးလိုက်မိတာပါ...
ကေး(ရေနံ)

ပျဉ်းမနားမီး နေအိမ် ၃ လုံး လောင်ကျွမ်း
မင်းသက်
နေပြည်တော် ပျဉ်းမနား၌ ယခုလ ၁၅ ရက်နေ့က မီးလောင်မှု ၂ ခု ဖြစ်ပွားခဲ့ရာ နေအိမ် ၃ လုံးနှင့် ကြက်ခြံတခြံ မီးလောင်ခဲ့ကြောင်း နေပြည်တော် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
နံနက် ၁၁ နာရီခန့်တွင် ပျဉ်းမနားမြို့ ပေါင်းလောင်းတိုးချဲ့ ၁ ရပ်ကွက် အိမ်အမှတ် (၁၄/၇၄၇) အပါအဝင် နေအိမ် ၃ လုံးနှင့် နေ့ခင်း ၂ နာရီခွဲတွင် ပေါင်းလောင်းတိုးချဲ့ ၃ ရပ်ကွက် ဦးကျေးကွက်သစ်ရှိ ကြက်ခြံတခြံ မီးလောင်ခဲ့ကြောင်း သိရှိရခြင်း ဖြစ်သည်။
ပထမဖြစ်ရပ်တွင် ပလပ်စတစ်ပုံးထဲသို့ ကတော့ဖြင့် ဓာတ်ဆီထည့်ရာမှ စတင်မီးလောင်ခဲ့ရာ သွပ်မိုး၊ ထရံကာ (၃ ပင် x ၃ ပင်) ၁ လုံး၊ (၄ ပင် x ၄ ပင်) အာစီ နှစ်ထပ်တိုက် ၁ လုံး၊ ပျဉ်ထောင်နှင့် ထရံကာ နှစ်ထပ်အိမ် အပေါ်ခြမ်းများ ကူးစက်လောင်ကျွမ်းခဲ့သည်။
မြို့နယ်မီးသတ်စခန်းမှ မီးသတ်ကား ၃ စီး၊ ရေသယ်ယာဉ် ၅ စီး၊ နေပြည်တော် မီးသတ်စခန်းမှ မီးသတ်ကား ၁၃ စီး၊ ရေသယ်ယာဉ် ၁ စီး၊ လယ်ဝေးမီးသတ်မှ ၂ စီးနှင့် ကြာပင်တိုက်ကင်းမှ ၁ စီး၊ သန္ဓေ ၇၅ ဦး၊ အရန် ၂၅ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရသည်။
ထိုမီးလောင်မှုကြောင့် အိမ်ထောင်စု ၃ စုမှ ကလေးငယ် ၂ ဦး ပါဝင်သည့် လူ ၈ ဦး မီးဘေးဒုက္ခသည် ဖြစ်သွားကာ၊ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၅ဝဝ ကျော်ရှိကြောင်းနှင့် အိမ်ပိုင်ရှင် ဦးကျော်နိုင်အား အရေးယူထားကြောင်း သိရသည်။
ဒုတိယမီးလောင်မှုမှာ ဦးကျေးကွက်သစ်ရှိ ဦးကျော်မင်းထွန်း၏ အလျားပေ ၆ဝ ၊ အနံပေ ၂ဝ ရှိ ကြက်ခြံ အဆောက်အဦး လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၂ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်းနှင့် မီးလောင်မှု အကြောင်းရင်းမှာ ထမင်းအိုးတည်ရာမှဖြစ်ကြောင်း သိရှိရသည်။

Tuesday, April 20, 2010
ဥရောပ လေယာဉ်ပျံသန်းမှုတချို့ စတင်
ဥရောပ မှ လေယာဉ် ယနေ့  ဂျပန် သို့  ဆင်း သက်
ဥရောပတလွှားမှာ လေယာဉ်ပျံသန်းမှုတွေ ပိတ်ထားတာကြောင့် လေယာဉ်ခရီးစဉ်တွေ အတွက် အကြီးအကျယ် ထိခိုက်ခဲ့ရပြီး ဒီလို လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းမှုကြောင့် လိုရာခရီး မရောက်နိုင်ဘဲ ပိတ်မိနေတဲ့ ခရီးသည်တွေကို အင်္ဂါနေ့ကစပြီး သွားရောက် ခေါ်ဆောင်ပေးပါလိမ့်မယ်။
ဥရောပသမဂ္ဂ ကူးသန်းသွားလာရေး ဝန်ကြီးတွေဟာ တနင်္လာနေ့ကပဲ ဗွီဒီယိုကတဆင့် ဆွေးနွေးခဲ့ကြပြီး မီးတောင်ပေါက်ရာကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေယာဉ်ပျံသန်းမှုတွေ ပိတ်ထားရပြီး လေကြောင်းနဲ့ ခရီးသွားတွေ အကြီးအကျယ် ဒုက္ခရောက်နေရတာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ နယ်မြေ ၃ ခု ခွဲခြားသတ်မှတ်ဖို့ သဘောတူခဲ့ကြပါတယ်။
နယ်မြေတခုမှာဆိုရင် လေယာဉ်ခရီးစဉ်တွေ အားလုံးကို ဖွင့်ပေးမှာဖြစ်ပြီး နယ်မြေ နောက်တခုမှာတော့ အကန့်အသတ်နဲ့ပဲ လေယာဉ်ပျံသန်းမှုတွေကို ခွင့်ပြုမှာ ဖြစ်ပါတယ်။ နောက်ကျန်တဲ့ နယ်မြေမှာတော့ လေယာဉ်ပျံသန်းမှုတွေကို လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး။
ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သတ်ရင်တော့ လုံးဝ အထိခိုက် မခံနိုင်ဘူးလို့ ဥရောပသမဂ္ဂရဲ့ ကူးသန်းသွားလာရေး ကော်မရှင်နာ မင်းကြီး ဆင်မ် ကာလပ်စ် (Siim Kallas) က ပြောပါတယ်။ ဒါပေမဲ့ လေယာဉ်ခရီးစဉ်တွေ တိုးမြှင့်ပျံသန်းခွင့် ပြုတာဟာ လေကြောင်းလိုင်းတွေ အတွက်ရော၊ ဒုက္ခရောက်နေကြတဲ့ ခရီးသည်တွေ အတွက်ရော၊ ဒီပြဿနာဒဏ်ကို အလူးအလဲ ခံလိုက်ရတဲ့ ဥရောပက စီးပွားရေး လုပ်ငန်းတွေ အတွက်ရော သတင်းကောင်းပါလို့ မစ္စတာ ကာလပ်စ်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ ကတည်းက စဖြစ်တဲ့ ဒီပြဿနာကြောင့် စီးပွားရေးမှာ ဆုံးရှုံးထိခိုက်ရမှုဟာ အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အခြေအနေထက်တောင် ပိုဆိုးရွားပါတယ်။

ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
မျိုးသိဏ်း
ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် လက်ပစ်ဗုံးအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ်အင်ဂျင်နီယာတပ်အရာရှိတဦးက ပြောသည်။
စစ်မြေပြင်အင်ဂျင်နီယာတပ်၊ မှုခင်းရဲတို့ပါဝင်သော အဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သော နေရာများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဒေသမှူးနှင့် ရဲတိုင်းမှူးတို့က ကွပ်ကဲမှုပေးခဲ့သည်။ မဏ္ဍပ်ရှေ့ ရှုပ်ထွေးနေသော လူအုပ်အကြားသို့ လက်ပစ်ဗုံးသုံးလုံးကို ကိုက်အနည်းငယ်အကွာမှ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ပစ်ဗုံးစနက်တံ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။
"လူအုပ်ကြားထဲ ပစ်ထည့်လိုက်တာပါ။ Safety Pin နှစ်ခုကို ရှာတွေ့တယ်။ တွေ့တဲ့နေရာနှစ်ခုက ကိုက် ၂ဝ လောက်ခြားတယ်။" ဟု သူကပြောသည်။
ပေါက်ကွဲမှုတွင် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုံးချို မှာ ပေါက်ကွဲမှုဖြစ်ပွားခါနီးအချိန်မှ X2O မဏ္ဍပ်အနီးရှိ လုံခြုံရေးတပ်ဖွဲ့များ စုဝေးရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ု
ပေါက်ကွဲမှုများကြောင့် ၉ ယောက်သေဆုံးခဲ့ပြီး ၁၇ဝ ယောက်အထိ ဒဏ်ရာရခဲ့ရသည်။ သို့သော် ဧပြီ (၁၈) တွင် ရန်ကုန်ဆေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ဗုံးလူနာ ၅ဝ ကျော်ပဲ ကျန်တော့ကာ အများစုမှာ ဦးနှောက်နှင့်အာရုံကြောကုသရေးဆောင်တွင်ဖြစ်သည်။
စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိက- " ဖြစ်တဲ့အချိန် မဏ္ဍပ်ရှေ့မှာ လူ ၃ဝဝ နဲ့ ၄ဝဝ ကြားလောက် ရှိနေခဲ့တယ်လို့ သိရတယ်။ ကားလမ်းပေါ်မှာ လူတွေကနေတဲ့အချိန်မို့လို့ ချိန်ကိုက်ဗုံး မဖြစ်နိုင်ဘူးလို့ အစကတည်းက တွက်မိပါတယ်။ နောက်မဏ္ဍပ် စပွန်ဆာပေးထားတဲ့ စီးကရက်ဘူးတွေကို မဏ္ဍပ်ပေါ်က ကြဲချနေတယ်၊ အဲ့ဒီစီးကရက်ဘူးတွေကို အောက်ကလူတွေလဲ ပြန်ပစ်တာမျိုးတွေ ရှိနေခဲ့တယ်လို့ သိရတယ်။ စီးကရက်ဘူးတွေနဲ့ တခြားပစ္စည်းတွေနဲ့အတူတူ Grenade ကို ရောပြီး ပစ်ထည့်တာလို့ ခန့်မှန်းရပါတယ်။"ဟု ဆိုသည်။
အစိုးရအရာရှိများ ရောက်ရှိချိန် အချိန်ကိုက်ဖြစ်ပွားခြင်းဖြစ်၍ ယင်းတို့အား ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းခဲ့ရာတွင် အတိအကျပြောဆိုနိုင်ခြင်းမရှိကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ အဆိုပါအရာရှိကဆိုသည်။

ဗုံးပေါက်ကွဲသတင်း နအဖ ကြော်ငြာ ကပ်လုပ်ဆောင်နေ

နအဖစစ်အစိုးရသည် လူ (၈) ဦး သေဆုံးပြီး (၁၇ဝ) ကျော် ဒဏ်ရာရခဲ့သည့် ဧပြီ (၁၅) သင်္ကြန်ဗုံးကွဲမှု သတင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်ဆောင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက် နောက်ကွယ်တွင် ရည်ရွယ်ချက် တစုံတရာ ရှိနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းနှင့် ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ ဂျာနယ်က သင်္ကြန်မတိုင်ခင်ကတည်းက စာမူတဝက်ကို တင်ထားရတယ်။ ကျန်တာကို ဒီရက်ပိုင်း တင်ရမယ်။ အဲဒါ ဂျာနယ်တိုက်ကို စာပေစိစစ်ရေးရုံးက အကြောင်းကြားတယ်။ နောက်ထပ်တင်မယ့် စာမူတွေအပြင် ဗုံးကွဲတဲ့သတင်းတွေ ထည့်ချင်တယ်ဆိုရင် စာမျက်နှာတိုးပြီး ခွင့်ပြုပေးမယ်။ နောက် အချိန်မီ စိစစ်ပေးမယ်။ မျက်နှာဖုံးမှာ တင်ချင်ရင်လည်း ခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်၊ ဒီလို အကြောင်းကြားတာ။ သင်္ကြန်အပြီး ထွက်မယ့် ဂျာနယ် အားလုံးလိုလိုလောက်ကိုပဲ။ ကြည့်ရတာ ဂျာနယ်တိုင်းလိုလိုမှာ ဗုံးကွဲတဲ့သတင်းကို ပါစေချင်ပုံရတယ်။ ဒါဟာ အထက် စစ်အာဏာပိုင်တွေက ညွှန်ကြားတာဖြစ်ပြီး နောက်ကွယ်မှာ ရည်ရွယ်ချက်တခုခု ရှိပုံရတယ်” ဟု ပြောသည်။
အလားတူ အခြားဂျာနယ် အယ်ဒီတာတဦးကလည်း သင်္ကြန်အပြီး လက်ရှိအချိန်ထိ မြန်မာတိုင်းမ်၊ လျှပ်တစ်ပြက်၊ ဝီးကလီးအလဲဗင်း၊ ပေါ်ပြူလာ စသည့်သတင်းဂျာနယ် (၄) စောင်ထွက်ပြီး (၃) စောင်၏မျက်နှာဖုံးမှာ ဗုံးကွဲသည့်သတင်းဖြစ်ကာ လျှပ်တစ်ပြက်ဂျာနယ်တွင်မူ ထူးထူးခြားခြား သေဆုံး၊ ဒဏ်ရာရသည့် လုံခြုံရေးဝန်ထမ်းများကို နာမည်နှင့်တကွ ဖော်ပြထားကာ ၎င်းတို့အနက် အမှတ် (၄) စစ်ဒေသ စစ်ဒေသမှူးကြီး အုံးချို၏နာမည်ကို ဖော်ပြထားခြင်းသည် အလွန်ထူးခြားသည်ဟု ပြောကြားသည်။
ပြီးခဲ့သည့် အနှစ် (၂ဝ) ကျော် ၈၈ အရေးအခင်းကာလတွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ တာဝန်ပေးချက်အရ သတင်းစုဆောင်းရေးနှင့် အဖျက်အမှောက်လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်ခဲ့သူ ယခု အသက် (၆ဝ) ကျော်အရွယ် ဗိုလ်မှူးဟောင်းတဦးက အကယ်၍ ယခု ဗုံးကွဲမှုကို စစ်အစိုးရကသာ အကောင်အထည် ဖော်သည်ဆိုပါက အောက်ခြေအဆင့် အာဏာပိုင်များ မဆိုထားနှင့် တိုင်းမှူးအဆင့်လောက်ကပင် မသိနိုင်ကြောင်း ပြောဆိုသည်။
၎င်းက “အခု ဗုံးကွဲမှုမှာ လုံခြုံရေးအဖွဲ့ဝင်တွေ သေကြေ ထိခိုက်ဒဏ်ရာရတာကို ဖုံးကွယ်မထားဘဲ ကျယ်ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေတာကို ကြည့်ရင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက အခုဗုံးကွဲ ကျူးလွန်သူတွေဟာ သူတို့အစိုးရကို မလိုလားတဲ့ သူတွေအဖြစ် ပုံပေါ်စေချင်တာ ထင်ရှားတယ်။ မကြာခင် ဆန့်ကျင်ဘက် အင်အားစုတွေကို စွပ်စွဲ၊ ဖမ်းဆီး၊ အရေးယူတာတွေ လုပ်လာနိုင်တယ်” ဟု ပြောသည်။
စစ်အစိုးရ အာဏာပိုင်များသည် ဗုံးကွဲသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့်ပေးနေသကဲ့သို့ မသင်္ကာသူ ဖမ်းဆီးရမိရန် ကူညီနိုင်ပါက ဆုငွေ ကျပ် (၁ဝ) သိန်းပေးမည့် ကြော်ငြာစာရွက်များကို ရန်ကုန်မြို့လယ် လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ထားကြောင်း မြို့ခံများက ပြောသည်။
အမှန်တကယ် ဆို sunroof ပါတဲ့ တောင်းအိပ်စ့် ကို ဖျောက် ပြီး နိုင်ငံရေး အမြတ် ရ ယူ မှာပါ။
ဖုန်းတပ်ဆင်ခွင့် နေ့ချင်းပြီးချထားရန် ဆက်သွယ်ရေးက စီစဉ်
စိုးမိုး
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ်သည့် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ဈေးကွက် ကျယ်ပြန့်လာစေရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့လက်ဝါးကြီးအုပ် ဈေးနှုန်းကြီးမြင့်စွာ ရောင်းချနေသော မိုဘိုင်းလ်ဖုန်း တပ်ဆင်ခွင့် ပါမစ်ကို နေ့ချင်းပြီး ချထားပေးရန် စီစဉ်နေသည်။
ပြီးခဲ့သည့်နှစ်အတွင်း မိုလ်ဘိုင်းလ်ဖုန်း ဆက်သွယ်ရေး စနစ်ပေါင်း (၇) မျိုးခန့် ပေါ်ပေါက်ခဲ့ပြီး နောက်ဆုံးပေါ်လာသည့် (၅) သိန်းတန် စီဒီအမ်အေဖုန်းများကို နေ့ချင်းပြီးလျှောက်ထားရယူနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စီစဉ်နေခြင်းဖြစ်သည်။
“အခုတော့ တရက်တည်းနဲ့ ချထားပေးတာ မရှိသေးဘူး။ နောက်လထဲလောက် ချပေးနိုင်မယ်။ အခုက ရန်ကုန်မှာ နယ်အကန့်အသတ်မရှိ သုံးနိုင်အောင် စီစဉ်နေတုန်းပဲ” ဟု ရန်ကုန်တိုင်း ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာက ပြောသည်။
နှစ်ပေါင်းများစွာ စစ်အစိုးရ ဆက်သွယ်ရေးလုပ်ငန်းက တင်းကျပ်စွာ ထိန်းချုပ်ထားသော တယ်လီဖုန်း သုံးစွဲခွင့်ကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လာပြီးနောက် ဖြည်းဖြည်းချင်း လျှော့ချလာခြင်း ဖြစ်သည်။
ထူးကုမ္ပဏီမှ ပထမဆုံး ထုတ်လုပ်ရောင်းချသည့် အက်ဖ်အီးစီ (၂၀) တန် တခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်များ ထွက်ပေါ်လာချိန်တွင် ဂျီအက်စ်အမ် ဟန်းဆက်များ ၀ယ်လိုအားတက်ခဲ့ပြီး နောက်ပိုင်း အက်ဖ်အီးစီ (၅၀) တန် စီဒီအမ်အေ တခါသုံးကတ်များ ထွက်ပေါ်လာရာ လူထုက စီဒီအမ်အေဖုန်းများ ထပ်မံ ၀ယ်ယူလာရသည်။
“အခု (၂၀) တန် ဖုန်းကတ်က လိုင်းမကောင်းဘူး။ အမြဲတမ်း ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတာ။ နောက်ပိုင်းတော့ စီဒီအမ်အေက သုံးလို့ ရတယ်။ ဟန်းဆက်တော့ ပြောင်းသုံးရတယ်” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
လက်ရှိ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ရတနာပုံ ဆိုက်ဘာကော်ပိုရေးရှင်းတွင် ထူးကုမ္ပဏီနှင့် အေးရှားဝေါ ကုမ္ပဏီတို့မှ မိုဘိုင်းလ် ဆက်သွယ်ရေး ပစ္စည်းများ၊ ဆင်းကတ်များကို တရုတ်နှင့်ရုရှားကုမ္ပဏီများနှင့် ဖက်စပ်စက်ရုံများ ထူထောင်ကာ ထုတ်လုပ်နေပြီဖြစ်သည်။
အေးရှားဝေါ ကုမ္ပဏီမှ တနှစ်လျှင် မိုဘိုင်းလ် လက်ကိုင်ဖုန်း အလုံးရေ (၁) သိန်း (၂) သောင်း ထုတ်လုပ်မည်ဖြစ်သည်။
လက်ရှိ မြန်မာပြည်တွင်း ယခင် အသုံးပြုနေသည့် ကျပ် (၁၅) သိန်းတန် အမည်ပေါက် ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာတို့အပြင် နာဂစ်အတွင်း ပေါ်ပေါက်လာသည့် ကမ်းရိုးတန်း စီဒီအမ်အေ ဖုန်းများ၊ ယခုပေါ်ပေါက်လာသည့် တခါသုံး ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ ဖုန်းကတ်များ၊ (၅) သိန်းတန် စီဒီအမ်အေ ဖုန်းများကြောင့် ဖုန်းဈေးကျသွားပြီး ငှားရမ်းသုံးစွဲမှုလည်း နည်းသွားကြောင်း သိရသည်။
“ဖုန်းတွေ များများ ချပေးတာ ကောင်းပါတယ်။ ဖုန်းက လူထုဆက်သွယ်ရေးမှာ လိုအပ်ချက် ရှိတယ်။ ဈေးကွက်လဲ ကြီးတယ်။ လူချမ်းသာသုံး ပစ္စည်းကနေ လူတိုင်းသုံးစွဲလာနိုင်မယ့် ပစ္စည်းတွေ ဖြစ်လာမှာကို ကြိုဆိုပါတယ်” ဟု ကွန်ပျူတာပညာရှင် အသင်းဝင်တဦးက ပြောသည်။
မြန်မာလူထုအနေဖြင့် ဈေးနှုန်းကြီးမြင့်လှသည့် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကြောင့် ပြည်ပဆက်သွယ်ရေး ကိစ္စများတွင် အင်တာနက်ဆက်သွယ်ရေး လုပ်ငန်းဖြစ်သော စကိုက်နှင့် ပီဖင်းဂိုးတို့ကို သုံးစွဲနေကြရသည်။

Subscribe to:
Posts (Atom)