သင်္ကြန်ပွဲတော်ရက်အတွင်း ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ ဗုံးများ ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၉ ဦး သေဆုံးကာ၊ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်ဟု သတင်းဌာနများအရ သိရသည်။

သင်္ကြန်ပွဲ ဆင်နွှဲသူများဖြင့် လူစည်ကားလှသော မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး၌ ယနေ့ မွန်းလွဲ ၃ နာရီခန့်က အနည်းဆုံး ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာမှ ထိုသို့ သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရခြင်း ဖြစ်သည်။
သတင်းဌာနများက ရဲဌာနကို ကိုးကား၍ ဖော်ပြရာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး၊ ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့ကြသော်လည်း အမှန်တကယ် သေဆုံးသူနှင့် ဒဏ်ရာရသူ ဦးရေမှာ ယခုဖော်ပြသည်ထက်ပင် ပိုမိုများပြားနိုင်ကြောင်း သိရသည်။
ယခုလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဆင်နွှဲနေသည်။
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲ၊ ၉ ဦးသေ ၆၀ ကျော် ဒဏ်ရာရ
ဗွီအိုအေ

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာအနီးရှိ X2O သင်္ကြန်မဏ္ဍပ်။ ဧပြီ ၁၅၊ ၂၀၁၀။
(Photo-blog.nyilynnseck.com)
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ ထိခိုက် သေကျေမှုတွေ ရှိခဲ့ပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန် အကြတ်နေ့အဖြစ် ဆင်နွှဲနေချိန် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X 2 Oရေကစား မဏ္ဍပ်မှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့တာပါ။
မြန်မာစစ်အစိုးရရဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုသတင်းတွမှာတော့ ဗုံးပေါက်ကွဲမှုတွေ အတွင်း အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၃ ဦး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် ပြောဆိုတာမျိုးမရှိသလို ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာ ပြောဆိုတာမျိုးလည်း မရှိပါဘူး။
သင်္ကြန်ရေကစားသူတွေနဲ့ စည်ကားနေတဲ့ နေရာက ပေါက်ကွဲမှု ၃ ခုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီး သတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေက ဖော်ပြပါတယ်။
အခုပေါက်ကွဲမှုအပြင် နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း ဖယ်ရှားခဲ့တဲ့အကြောင်း လုံခြုံရေး တာဝန်ရှိသူ တဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြပါတယ်။ ပေါက်ကွဲမှု ဘာကြောင့်ဖြစ်ရတယ် ဆိုတာတော့ စုံစမ်းနေဆဲ ဖြစ်တဲ့အကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး အခုအချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာတွေမှာ လုံခြုံရေးတွေ ချထားပြီး ရေကစား မဏ္ဍပ်တွေကို ပိတ်ပင်လိုက်ပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။
No comments:
Post a Comment