
စည်သူ
နေပြည်တော်တွင် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလတွင် ကျင်းပမည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြပွဲကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုင်းအဝန်းမှ သိရသည်။
နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်။ (ဓာတ်ပုံ - Great Myanmar)
“ကျောက်မျက်ပြပွဲ ကျင်းပမယ့် ရက်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ အရမ်းနီးကပ်နေလို့ ဒီလို ဖျက်လိုက်တာပါ” ဟု ပြပွဲတွင် ၀င်ရောက်ပြသမည့် ကုမ္ပဏီိတခုမှ တာဝန်ရှိသူက ပြောသည်။
ကျောက်မျက်ပြပွဲကို မူလက အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားရာမှ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များ အခန်းတိုးချဲ့နေခြင်း၊ ကျောက်မျက်ရတနာပြတိုက် တည်ဆောက်မှု ကြန့်ကြာနေခြင်းတို့ကြောင့် ရက်ရွှေ့ရာမှ ရွေးကောက်ပွဲနှင့် နီးကပ်လာသဖြင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဟိုတယ်ဇုန် အသိုင်းအဝန်းက ဆိုသည်။
“ဟိုတယ်တွေ တိုးချဲ့တာကလည်း မပြီးကြသေးဘူး။ လာမယ့် ဧည့်သည်က ၇၀၀၀ လောက်မှန်းထားတာ။အခန်းတွေ မပြီးသေးတာရယ်၊ ပြတိုက်မပြီးသေးတာရယ်နဲ့ ရက်ရွှေ့လာတာပဲ။ အခုတော့ ရွေးကောက်ပွဲနဲ့က ကပ်သွားတော့ ဖျက်လိုက်တာဖြစ်မယ်” ဟု ဟိုတယ်တခုမှ တာဝန်ရှိသူက ပြောသည်။
ကျောက်မျက်ပြတိုက်သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ရှိ သပြေကုန်းရပ်အနီးတွင် တည်ရှိပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဖွင့်လှစ်သည်။ ကျောက်မျက်ပြတိုက်နှင့် ကျောက်မျက်ပြပွဲကြောင့် သပြေကုန်းရပ်ကွက်တွင် အိမ် ခြံ မြေဈေးသည် သိန်းရာဂဏန်းရှိနေရာမှ ရန်ကုန်နှင့် မန္တလေးမှ ကျောက်သမားများ မျက်စိကျသောကြောင့် သိန်းထောင်ဂဏန်းအထိ ထိုးတက်သွားခဲ့ကြောင်း ပြည်တွင်းသတင်းဂျာနယ်တစောင်တွင် ဖော်ပြထားသည်။
ထို့အပြင် နအဖအစိုးရအနေဖြင့် ရွေးကောက်ပွဲ နီးလာသည့်ကာလတွင် နိုင်ငံခြားသားများ အလုံးအရင်းနှင့် ၀င်ရောက်လာကာ ရွေးကောက်ပွဲ မသမာမှုများ ဖော်ထုတ်မည်ကိုလည်း စိုးရိမ်နေဟန်ရှိကြောင်း ပြည်တွင်းမှ မြန်မာ့နိုင်ငံရေး လေ့လာသူတဦးက ဆိုသည်။
ရွေးကောက်ပွဲ ကျင်းပရန် ၅၃ ရက်သာ လိုတော့သည်။
No comments:
Post a Comment