









စက်တော်ရာ စကားဝါလမ်း မိသားစု၏ ဗျာဒိတ်ပေးဘုရားကြီး သတင်းသုံးရာ ယာယီစံကျောင်းတော်ကို တွေ့ရစဉ်။ ဒီဇင်ဘာ ၂၈
ပုသိမ်-ဇန်နဝါရီ ၅ -၂၀၁၁
ပုသိမ်မြို့တော်၏ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု ပွဲတော်များ အနက် အထူးခြားဆုံး ပွဲတော်တစ်ခုဖြစ်သည့် နိဂြောဓါ ဘုရားပွဲတော်ကို ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်၍ ကျင်းပနေပြီဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်အလိုက် နိဂြောဓါ ဗျာဒိတ်ပေး ဘုရားကြီးကို ဘုရားပင့်ဆောင် ပူဇော်ကြသော ဘုရားပွဲတော်များကြောင့် အထူး စည်ကားလျက် ရှိကြောင်း သိရသည်။
ပုသိမ်မြို့တော်တွင် နိဂြောဓါ ဘုရားပွဲတော်ကို တန်ဆောင်တိုင် ပွဲတော်များ အပြီး ပွင့်လင်းရာသီတွင် စတင် ကျင်းပလေ့ရှိပြီး စတင်ကျင်းပသည့် အချိန်မှ ပွဲတော်ပြီးဆုံးချိန်အထိ ရက်ပေါင်း ၆၀ ကျော်ကြာမြင့်ပြီး အစည်းကားဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။ဘုရားပွဲတော် ကျင်းပပုံမှာ မြတ်စွာဘုရား မိဂဒါဝုန်တောသို့ ကြွရောက်ကာ ပဉ္စဝဂ္ဂီ (၅) ဦးတို့အား တရားဦး ဟောတော်မူခန်းမှ စတင်၍ ဆွေတော်မျိုးတော်များ ရှိရာ ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူခန်း အထိ ဗုဒ္ဓဝင် အကျဉ်းချုပ်ကို သရုပ်ဖော် ကျင်းပခြင်းဖြစ်ပြီး အချိန်ကာလ (၂) လကျော်တိုင်အောင် ကျင်းပသော ဘုရားပွဲတော်ကြီး ဖြစ်သည်။
ယခုနှစ် နိဂြောဓါ ဘုရာပွဲတော်ကို ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပပြီး နိဂြောဓါ သိမ်တော်ကြီးအတွင်းရှိ ဗျာဒိတ်ပေး ဘုရား ကိုယ်တော်မြတ်ကြီးကို ပင့်ဆောင်ပူဇော်ရန် မဲပေါက်သည့် ရပ်ကွက်များမှ ယာယီ စံကျောင်းတော် (၂၁)ဆောင် ဆောက်လုပ်ကာ ရပ်ကွက်တစ်ခုလျင် (၃) ရက်ကျဖြင့် (၆၃) ရက်တိုင်တိုင် ပင့်ဆောင် ပူဇော်ကြပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် ဘုရားပွဲတော်များ ကျင်းပကြကြောင်း သိရသည်။
ဗျာဒိတ်ပေး ဘုရာကြီးကို ပင့်ဆောင် ပူဇော်ခွင့်ရသည့် ရပ်ကွက်များတွင် ရပ်ကွက်အလိုက် မိမိတို့ ပူဇော်ရမည့် သုံးရက်တွင် ယာယီ စံကျောင်းတော်များ ဆောက်လုပ်ကာ ဘုရားပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ ပွဲတော် ကာလအတွင် မိမိတို့ ရပ်ကွက် ယာယီ စံကျောင်းတော်များတွင် စတုဒီသာများ ကျွေးမွေးခြင်း၊ ဆွမ်းများ ကပ်လှူပူဇော်ခြင်း၊ အတီးအမှုတ်များဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ရာ ဘုရားပင့်ရာ (၃) ရက်အတွင်း ရပ်ကွက်များအလိုက် စည်ကားလျက် ရှိသည်။
လာမည့် ၂၀၁၁၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ဒေသခံတို့အကြား “ရှမ်းကုန်သည်” သို့မဟုတ် “ဗျာဒိတ်ပေး ဘုရားလှည့်လည်ပွဲ” စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ဆိုကြသော အစည်ကားဆုံး လှည်လည်ပွဲဖြစ်သည့် မြို့တော်တစ်ခွင်သို့ ဗျာဒိတ်ပေး ဘုရားကြီးနှင့် နောက်ပါ ရဟန္တာများ လှည့်လည်အပူဇော်ခံပြီး မင်းညီမင်းသားများ ၊ ရှမ်းကုန်သည်များ နှင့် ဖျော်ဖြေရေး အဖွဲများစွာ စည်ကားသိုက်မြိုက်စွာ ပါဝင် လှည်လည်ကြမည် ဖြစ်ကြောင်း ဗျာဒိတ်ပေး ဘုရားကြီး ဦးစီးဂေါပက အဖွဲ့၏ ပြောကြားပါသည်။
ထို့သို့ မြို့တစ်ခွင် စီတန်း လှည်လည်ပြီးနောက် ကဠုဒါရီ အမတ်ကြီး ရဟန်းပြုစေတော် မူခန်း ၊ ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူခန်း ၊ သားတော်ရာဟုလာအား ရှင်သာမဏေ အဖြစ် အမွေပေးတော်မူခန်း၊ ကပ္ပိလဝတ်ပြည်၌ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို တန်ခိုးပြတော်မူခန်း စသည့် သက်ဆိုင်ရာ ဗုဒ္ဓဝင် ဖြစ်စဉ်များအလိုက် ဘုရားပွဲကို ဆက်လက်ကျင်ပပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် နိဂြောဓါ ဗျာဒိတ်ပေး ဘုရားပွဲတော်ကြီး အောင်မြင်စွာ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
Source : http://patheincity.com/news/
မြို့တော်ပုသိမ် သတင်းစဉ် PatheinCity News
No comments:
Post a Comment