
ဖြိုးဝေကျော်နှင့် စုလှိုင်ထွန်း
နေပြည်တော်တွင် ဩဂုတ်လ ၁၁ ရက်နေ့က စတင်ဖွင့်လှစ် လိုက်သည့် ဧရာဝတီဘဏ်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
မက်စ်မြန်မာကုမ္ပဏီများအုပ်စုက ဧရာဝတီဘဏ်ကို နေပြည်တော်ရှိ သီရိရတနာ အဆင့်မြင့်ဈေးအတွင်း ယခုလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ် လိုက်ပြီး လုပ်ငန်းများ စတင်လည်ပတ်နေပြီ ဖြစ်သည်။
"ဒီနေ့ကစပြီး ငွေသွင်းငွေထုတ်၊ ငွေ စာရင်းဖွင့်လုပ်ငန်းတွေကို စတင် ဆောင်ရွက်ပေးနေပါပြီ။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆက်လက်ဖွင့် လှစ်ဖို့ လုပ်ဆောင်နေပါတယ်"ဟု မက်စ်မြန်မာ ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုပါဘဏ် ဖွင့်ပွဲတွင် ပြောကြားသည်။
ယခုဖွင့်လှစ်လိုက်သော ဧရာဝတီဘဏ်တွင်၊ ကွန်ပျူတာစနစ် သုံးပြီး၊ တိုကင်ကြိုယူ စနစ်ဖြင့် လာရောက်သူများကို အချိန်မကြာစေဘဲ၊ သက်သောင့်သက်သာရှိစေသော ၀န်ဆောင်မှုမျိုး အသုံးပြုနေသည်ကို တွေ့ရပြီး လက်ရှိတွင် ငွေသွင်းကောင်တာ လေးခု၊ ငွေထုတ်ကောင်တာ လေးခု၊ ငွေလွှဲကောင်တာ သုံးခုနှင့် ငွေစာရင်းဖွင့်ကောင်တာ နှစ်ခုဖြင့် စတင်ဆောင်ရွက်ပေးနေသည်။
"မက်စ်မြန်မာအနေနဲ့ တစ်နိုင်ငံလုံးမှာ ဘဏ်ခွဲ ၁၀ ခုကျော် ဖွင့်လှစ်သွားမယ်" ဟု မက်စ်မြန်မာ ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူ
တစ်ဦးက ဇူလိုင်လကုန်ပိုင်းက ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များဖြင့် မက်စ်မြန်မာ ကုမ္ပဏီအုပ်စုက ဘဏ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်
တော်၊ မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ မုံရွာ၊ ပခုက္ကူ၊ ဟင်္သာတ၊ မြောင်းမြနဲ့ ပုသိမ်တို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အကြွေးဝယ် ကတ်စနစ်ကိုလည်း အကောင်အထည်ဖော် နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ၎င်းက ပြောသည်။
ယခုလ ပထမပတ်၌ အဆိုပါသီရိ ရတနာအဆင့်မြင့်ဈေးအတွင်း ၊ဧရာဝတီဘဏ်နှင့်လမ်းခြားလျက် မနီးမဝေးတွင် Asia Green Development Bank ကို စတင်ဖွင့်လှစ်ထားပြီး ဆက်လက် ဖွင့်လှစ်ရန်ရှိသည့် ယူနိုက်တက်အမရာဘဏ်နှင့် မြန်မာ့ ရှေ့ဆောင်ဘဏ်တို့မှာ ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအ၀ိုင်းအနီးတွင် တည်ရှိသည်။
ပြီးခဲ့သော မေလဆန်းပိုင်းတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက ပုဂ္ဂလိက ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်များကို မြန်မာနိုင်ငံတော် ဗဟို
ဘဏ်သို့ လျှောက်ထားခဲ့ကြသည်။
ဘဏ်များဖွင့်ခွင့်ကို မေလကုန်တွင်၊မက်စ် ကုမ္ပဏီများအုပ်စု၊ ထူးကုမ္ပဏီများအုပ်စု၊ ဧဒင်ကုမ္ပဏီများအုပ်စုနှင့် အိုင်ဂျီအီးတို့မှ ဖွင့်လှစ်ခွင့် ရရှိခဲ့ကြသည်။
No comments:
Post a Comment