Monday, July 20, 2009
စင်္ကာပူမှ သင်္ဘောကျင်းများ
မောင်သာမန်
ကြာသပတေးနေ့၊ ဂျူလိုင်လ 16 ရက် 2009 ခုနှစ် 18 နာရီ 59 မိနစ်
စင်္ကာပူမှ သင်္ဘောကျင်းများ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကစပြီး ကြည့်ရင်တော့ စင်္ကာပူမှာ သင်္ဘောကျင်းအနေနဲ့ အင်္ဂလိပ်ရေတပ်အတွက် Sambawang Shipyard ရှိပါတယ်။ ဂျပန်တွေကလည်း Jurong Shipyard, Hitachi-Zoezin Shipyard စတင်ခဲ့ကြတယ်။ စင်္ကာပူအစိုးရ အနေနဲ့ သင်္ဘောကျင်းလုပ်ငန်းကို ST Marine (Singapore Technology) နဲ့ Keppel Shipyard စသဖြင့် ဝင်ရောက်ပါဝင်ခဲ့ရင်း အခုတော့ စင်္ကာပူအစိုးရ ရှယ်ယာအများဆုံးရှိတဲ့ Sambawang Corporation နဲ့ Keppel Corporation ၂ ခုကပဲ တခြားသင်္ဘောကျင်းများကို လက်ဝါးကြီးအုပ် ဝယ်ယူသွားခဲ့ကြပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ KEPPEL CORPORATION (10 Billions S$) နဲ့ SEMBCORP (9 Billions S$) တို့ ဖြစ်ကြပါတယ်။ မြန်မာပြည်က လာတဲ့ အလုပ်သမားတွေကို ဒီကုမ္ပဏီကြီး ၂ ခုနဲ့ ဆိုင်တဲ့ သင်္ဘောကျင်းများမှာ တွေ့နိုင်ပါတယ်။ အဲဒီသင်္ဘောကျင်းတွေရဲ့ Sub Contract လုပ်တဲ့ ကုမ္ပဏီအငယ်၊ အလတ်စားများ S&E Companies မှာလည်း မြန်မာအလုပ်သမား၊ အင်ဂျင်နီယာများစွာကို တွေ့ရပါတယ်။
လွန်ခဲ့သော ၁၉၉ဝ ကျော်ပိုင်းက စင်္ကာပူမှာ မြန်မာအလုပ်လာရှာသူများအတွက် အလွယ်ကူဆုံး အလုပ်ရနိုင်ပြီး၊ အစိုးရက အလုပ်လုပ်ခွင့် မြန်မြန် ပါမစ်ချပေးတာက သင်္ဘောနဲ့ဆိုင်တဲ့ Marine Industry ပါပဲ။ အလုပ်သမားအနေနဲ့တော့ ယခင်က အိန္ဒိယပြည်က အလုပ်သမားတွေပဲ သုံးနေရာကနေ အခုနောက်ပိုင်းမှာ တရုတ်ပြည်မကြီးနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ အလုပ်သမား၊ အင်ဂျင်နီယာများစွာကို တွေ့နေရပါပြီ။ အထူးသဖြင့် Keppel Corporation က သင်္ဘောကျင်းများမှာ မြန်မာများစွာ ရှိပါတယ်။ မြန်မာစာနဲ့ ဆိုင်းဘုတ်များ၊ အရည်အချင်းစစ် စာမေးပွဲများပင် ရှိနေကြပြီဖြစ်ပါတယ်။ စင်္ကာပူမှာ အစိုးရသုံး ဘာသာကြီး ၄ မျိုး (အင်္ဂလိပ်၊ တရုတ်၊ မလေး၊ အိန္ဒိယ (Tamil) တို့ ဖြစ်ပါတယ်။ အခုတော့ သင်္ဘောကျင်းလောကမှာ မြန်မာဘာသာစကား ပြောသူ များလာတာကို မြင်ရပါတယ်။
သင်္ဘောနဲ့ဆိုင်တဲ့ အလုပ်များမှာ မြန်မာများ နေရာပိုရလာရေးအတွက် အလွန်ကောင်းမွန်တဲ့ စာအုပ်ငယ် Singapore.info.2009.Build Your Future[1] ကို အင်တာနက် http://monywa.org/singaporeinfo.htm မှာ ဒေါင်းလုပ်ဖတ်ရှုနိုင်ပါတယ်။ ပြုစုသူ အေးငြိမ်း ဖြစ်ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ စာတမ်းငယ်ဖြစ်ပြီး၊ သင်္ဘောကျင်းများသာမက အခြား စက်ရုံအလုပ်ရုံလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း ဘဝတိုးတက်ရာ လမ်းပြစာအုပ်ဖြစ်ပါတယ်။
သင်္ဘောနဲ့ပတ်သက်တဲ့ အလုပ်များကတော့
၁။ အလုပ်သမား တာဝန်
၂။ အငယ်တန်း အတတ်ပညာပိုင်းဆိုင်ရာ လုပ်ငန်းများ
၃။ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများ ဖြစ်ပါတယ်။ လစာနှုန်းထားနဲ့ အလုပ်သဘာဝများကို Singapore Info စာအုပ်ငယ်မှာ ရေးထားပါတယ်။
သင်္ဘောပြင်ဆင်တဲ့လုပ်ငန်းမှာ သင်္ဘောကျင်းမှာတော့ ထုံးစံအတိုင်း အကြီးစားလုပ်ငန်းကြီးများ (သင်္ဘော ကိုယ်ထည် Hull Bead Blasting, Painting နဲ့ ပိုက်ကြီးများ လဲလှယ်ခြင်း) အစရှိသည်များကို လုပ်ကိုင်ကြပါတယ်။ သင်္ဘောမှာပါတဲ့ စက်ကိရိယာများကို ပြုပြင်တဲ့လုပ်ငန်းပိုင်းကို Marine Automation ကိုတော့ ကုမ္ပဏီငယ်များက လုပ်ကိုင်ကြပါတယ်။ စင်္ကာပူမှာတော့ အများအားဖြင့် ငွေပိုအကုန်ခံနိုင်တဲ့ ရေနံတင်သင်္ဘောကြီးများ လာပြင်ကြပါတယ်။ အခြား ကုန်တင်သင်္ဘောကြီးများကတော့ ဈေးပိုသက်သာတဲ့ တရုတ်ပြည်၊ ဗီယက်နမ် စသည်တို့မှာ သွားပြင်ကြပါတယ်။ ဒါကြောင့် ရေနံတင်သင်္ဘောကြီးများအတွက်
- ရေနံတင်၊ချ ရာမှာသုံးတဲ့ Cargo Loading/ Unloading က Cargo Oil Pump, Tank Leveling, Inert Gas System စတဲ့ အရာများကတော့ အများဆုံးဖြစ်ပါတယ်။ ဘွိုင်လာ၊ Steam Turbine, Main Engine, Pump, Generator, Power Distribution System စတဲ့ အရာများကတော့ သင်္ဘောမှာ မရှိမဖြစ်တဲ့ စက်ကိရိယာများ ဖြစ်ပါတယ်။ မိုတာ၊ ဂျင်နရေတာ၊ ပန့်များကတော့ မွမ်းမံ၊ ပြင်ဆင်ပေးလေ့ရှိပါတယ်။
- ရေနံအမျိုးစားများအတွက် Tank Leveling, Temp & Pressure monitoring, Cargo Oil Pump Turbine Control System, Gas Alarm System, Inert Gas System အစရှိတဲ့ Automtion လုပ်ငန်းများ။
- စက်ပစ္စည်းနဲ့ဆိုင်တဲ့ ကရိန်း၊ ရေသန့်စက်၊ မီးရှို့စက်၊ အညစ်အကြေးစွန့်စက်၊ အပူပေးစက် စတဲ့ အထွေထွေ စက်ပစ္စည်းများ ..
- တခြား ရေကြောင်းနဲ့ဆိုင်တဲ့ Navigation Equipment, Oil Discharge Monitoring, Oily Water Seperator စတဲ့ ကိရိယာများ ဖြစ်ကြပါတယ်။
စက်ပစ္စည်းများအတွက် Automation လုပ်တဲ့နေရာမှာ လျှပ်စစ်၊ အီလက်ထရွန်းနစ်၊ PLC ၊ DCS ၊ HMS တို့အပြင် Pneumatic လေအား, Hydraulic ဆီအား သုံးတဲ့ Insturment, Control Valves, Actuator တွေကိုလည်း နားလည်ကျွမ်းကျင်ရပါတယ်။ မြန်မာပြည်မှာတော့ စက်ရုံအလုပ်ရုံ အတွေ့အကြုံရှိဖူးသူတွေအတွက် သိပ်မခဲယဉ်းလှပေမယ့် ဘာမှမလုပ်ဖူးသူများအတွက် လေ့လာရပါတယ်။
သင်္ဘောမှာသုံးတဲ့ စက်ပစ္စည်းကိရိယာများဟာ ရှုပ်ထွေးခက်ခဲခြင်း မရှိလှပါဘူး၊ နားလည်လွယ်ပါတယ်။ ဒါပေမဲ့ အလုပ်က ကြမ်းပါတယ်။ သင်္ဘော အပေါ်အောက်၊ တက်လိုက်၊ ဆင်းလိုက် လုပ်ရတယ်။ စက်ချေး၊ ဆီချေးနဲ့ ညစ်ပတ်ပေရေတာထက် ဆိုးတာကတော့ ပူလောင်လှတဲ့ အင်ဂျင်အခန်းမှာ စက်ကြီးများနဲ့ အလုပ်လုပ်ရတာ အန္တရာယ်ကြီးပါတယ်။ အများကြီး သတိထားရပါတယ်။ High Temperature, High Pressure, Machin Movement တွေကြားမှာ လုပ်ရတဲ့အတွက် အထူးသတိထားရပါတယ်။ သင်္ဘောကျင်းမှာဆိုရင် ပစ္စည်းတွေ အသစ်လဲလှယ်၊ အတင်အချ လုပ်ရတဲ့အခါမှာ မကြာခဏ သေကြေ၊ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတဲ့အတွက် Safety ကြပ်ကြပ်မတ်မတ် လုပ်ရပါတယ်။ ဦးထုပ်၊ ခါးပတ်၊ မျက်မှန် စတဲ့ အကာအကွယ်များကို သေချာဝတ်ဆင်ရပြီး သံထည်များကို ဖြက်ဆက်၊ ကပ်ညှပ်ရာမှာ Gas Oxigen Cutter, Welding Machine, Grinding, Blasting, Drilling စတဲ့ လုပ်ငန်းများဟာ အန္တရာယ်ကြီးတဲ့အတွက် သင်္ဘောကျင်းတိုင်းမှာ Safety Department ဟာ အရေးကြီးတဲ့ ဌာနဖြစ်ပါတယ်။ သင်္ဘောကျင်း အလုပ်လာလုပ်ရင် Safety Course သင်တန်း အရင်တက်ရပါတယ်။
သင်္ဘောနဲ့ပတ်သက်တဲ့ စက်ကိရိယာများအကြောင်း
Electrical Power Distribution and Automation
လျှပ်စစ်နဲ့ပတ်သက်တဲ့ လုပ်ငန်းများအနက် သင်္ဘော၊ Power Generation and Distribution System ကို အထူးသဖြင့် ဂျပန်ကုမ္မဏီကြီးများ ထုတ်လုပ်တဲ့ Circuit Breaker, Contactor, Relay တွေကို အသုံးများကြပါတယ်။ မိုတာများ၊ Marine Cable ဆိုတဲ့ အလွန်မာတဲ့ လျှပ်စစ်ကေဘယ်ကြိုးများ၊ ဂျင်နရေတာ၊ ဘက်ထရီ စတဲ့ လျှပ်စစ်ပစ္စည်းများ ရှိပါတယ်။
Ship Engine Room
သင်္ဘော အင်ဂျင်ခန်းမှာတော့ စက်ပစ္စည်းများ အပြည့်အကြပ် ပြွတ်သိပ်ထည့်ထားပါတယ်။ သင်္ဘောရဲ့ Main Engine ကတော့ အကြီးမားဆုံးသော စက်ကြီးပါပဲ။ သင်္ဘောခုတ်မောင်းဖို့ ဒီဇယ်အင်ဂျင်ကြီး ပစ်စတင်အကြီးကြီးများကို တွေ့နိုင်ပါတယ်။ အင်ဂျင်ခန်းဟာ အင်မတန် ဆူညံတဲ့အတွက် နားကျပ်ကို အမြဲတပ်ထားဖို့ လိုပါတယ်။ အင်ဂျင်ခန်း၊ သင်္ဘောရဲ့ နောက်ဘက်မှာ ဘွိုင်လာကြီး ၂ ခုကို တည်ဆောက်ထားပါတယ်။ အဲဒီကနေ ရေနွေးငွေ့ထုတ်ပြီး Steam Turbine, Steam Heating System တွေကို လည်ပတ်စေပါတယ်။ Steam Turbine များနဲ့ ရေနံစိမ်း Cargo Pump များနဲ့ Water Balast Pump တွေကို လည်ပတ်စေပါတယ်။ အင်မတန် ပူလောင်ပါတယ်။ အများအားဖြင့် ရေနွေးငွေ့အပူချိန် ၂ဝဝ ဒီဂရီအထက်ရှိပြီး ဖိအား (Pressure) က 10 to 15 Kg/cm2 ရှိပါတယ်။ သင်္ဘောအကြီးတွေဆိုရင် Steam Temp 400 deg C & Pressure 60 Kg/cm2 အထိရှိတော့ အင်မတန် သတိထားရပါတယ်။ Air Compressor, Power Generator, Water Pump Motors, Alarm Noise စသဖြင့် အလွန်ဆူညံလှတဲ့အခန်း ဖြစ်ပါတယ်။ ECR လို့ခေါ်တဲ့ Engine Control Room ကတော့ အလုံပိတ် လေအေးစက်ပေးထားပါတယ်။ အဲဒီမှာ ကွန်ပြူတာ၊ Drawing၊ Monitoring System, Control System, Electrical Poser Distribution Panels တွေကို စုပေါင်းပြီးထားပေးပါတယ်။ သင်္ဘောအင်ဂျင်နီယာများ ခေတ္တဝင်ပြီး နားနေ၊ ကော်ဖီသောက်ရာ နေရာလည်း ဖြစ်ပါတယ်။
Inert Gas System IGS
ရေနံတင်သင်္ဘောများအတွက် မရှိမဖြစ်တဲ့ Inert Gas System ဖြစ်ပါတယ်။ ရေနံ အတင်အချ လုပ်တဲ့အချိန်မှာ ရေနံ Oil Tank ထဲမှာ မီးမလောင်တဲ့ Inert Gas ကို ထည့်ပေးရပါတယ်။ အဲဒီ Inert Gas ကို ဘွိKင်လာ မီးခိုးကတဆင့် ရေထဲဖြတ် သန့်စင်စေပြီး ရေနံလှောင်ကန်ထဲ ထည့်ပေးပါတယ်။ အောက်စီဂျင်ကိုလည်း ၃ - ၈ ရာနှုန်း ထိန်းပေးထားခြင်းဖြင့် မီးမလောင်နိုင်တော့ပါဘူး။ ဒီစနစ် အလုပ်လုပ်မှသာ သင်္ဘောကို နိုင်ငံအစိုးရတွေက ဆိပ်ကမ်းကပ်ခွင့် ပေးပါတယ်။ ဒါကြောင့် အလွန်အရေးကြီးတဲ့ စနစ်ဖြစ်ပါတယ်။ Inert Gas Generator ဆိုတဲ့ မီးခိုးထုတ်စက်ကိုလည်း လိုအပ်သလို မောင်းပေးရပါတယ်။ သင်္ဘော ဆိပ်ကမ်းကပ်ရင် Surveyor တွေက အရင်ဆုံးစစ်ဆေးတဲ့ အရာဖြစ်ပါတယ်။
Boiler Control
သင်္ဘောမှာသုံးတဲ့ ဘွိုင်လာကိုတော့ Marine Boiler လို့ ခေါ်ပါတယ်။ AAlborg ဘွိုင်လာကတော့ ရေပန်းအစားဆုံးဖြစ်ပြီး တခြား အမျိုးအစားများဖြစ်တဲ့ Miura Z boiler, Sunflame, Mitsubishi, Kawasaki, Vacalno စတဲ့ ဘွိုင်လာများစွာ ရှိပါတယ်။ သင်္ဘောတိုင်းမှာ မရှိမဖြစ်တဲ့ တာဘိုင်လည်ပတ်ခြင်း၊ သုံညအောက် ရေခဲတဲ့ရာသီမှ ရေ၊ ရေနံဆီများကို အပူဓာတ်ငွေ့ပေးခြင်း စတဲ့ လုပ်ငန်းများအတွက် အထူးလိုအပ်တဲ့ ဘွိုင်လာပါ။ ဘွိုင်လာမှာ FO Fuel Oil ကိုမီးရှို့ပြီး အပူဓာတ်ပေးရာမှာ အပူချိန် ဒီဂရီစင်တီဂရိတ် ထောင်နဲ့ချီတဲ့အထိ အပူချိန် ပြင်းထန်ပါတယ်။ ရေနွေးငွေ့ကလည်း ဘွိုင်လာအကြီးအသေးပေါ် မူတည်ပြီး အလွန်မြင့်မားပြီး၊ ရေနွေးငွေ ဖိအား Pressure ကလည်း ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်ပါတယ်။ အထူးသတိပြု လုပ်ကိုင်ရတဲ့ အလုပ်ဖြစ်ပါတယ်။
Steam Turbine
ရေနွေးငွေ့ တာဘိုင်ကတော့ ရေနံတင်သင်္ဘောတွေ ရေနံစုတ်ထုတ်တဲ့ ပန့် Pump တွေအတွက် အထူးအသုံးကျနေဆဲပါ။ အားကောင်းပြီး နေရာကျဉ်းကျဉ်းပဲ လိုအပ်တော့ အင်ဂျင်ပန့်၊ လျှပ်စစ်မိုတာပန့်တွေ အစားထိုးလို့ မရသေးပါဘူး။ ရှေးတုန်းကတော့ သင်္ဘောမောင်းတဲ့ အင်ဂျင်နေရာမှာ Main Turbine ကိုသုံးပြီး သင်္ဘောဒလက်ကို လည်ပတ်မောင်းခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ ဒီဇယ်အင်ဂျင်ကြီးများပဲ ရေနံတင်သင်္ဘောအကြီးတွေမှာ အစားထိုးသုံးနေကြပါပြီ။ လျှပ်စစ်ဓာတ်အားထုတ်တဲ့ နေရာမှာလည်း တာဘိုဂျင်နရေတာကို ရေနွေးငွေ့ တာဘိုင်သုံးတာ များပါတယ်။
Oil Discharge Monitor
သင်္ဘောမှာ ရေညစ်ပတ်တွေကို သင်္ဘောအပြင်ဘက် ကြိုက်သလို ထုတ်ပစ်လို့ မရပါဘူး။ ပင်လယ်ပြင် ညစ်ညမ်းမှု၊ Pollution ကာကွယ်တဲ့ ဥပဒေများကြောင့် သင်္ဘောအပြင်ဘက် ထုတ်ပစ်တဲ့ ရေများမှာ ဆီပါဝင်မှုကို ထိန်းချုပ်ထားဖို့ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ International Maritime Organization - IMO တာဝန်ယူထားပါတယ်။ အခုခေတ်မှာ ဂြိုလ်တုဓာတ်ပုံများကြောင့် ဆီများများပါတဲ့ ရေတွေ သင်္ဘောက စွန့်ပစ်နေတာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ပင်လယ်ပြင် နိုင်ငံတကာ ရေပိုင်နက်ထဲ ဖြစ်ရင်လည်း သင်္ဘောမောင်းတဲ့ ကပ္ပတိန်ကို ဒဏ်ငွေ ဒေါ်လာ သိန်းနဲ့ချီပြီး ဒဏ်ရိုက်ပါတယ်။ သင်္ဘောဆိပ်ကမ်းတွင်း ဝင်လာတော့မယ်ဆိုရင် ဆီထုတ်နှုန်းထိန်းချုပ်ပေးတဲ့ Oil Discharge Monitoring System အလုပ်လုပ်ကြောင်း Surveyor ကို ပြသရပါတယ်။ အဲဒီစက် အလုပ်မလုပ်ရင် သူတို့နိုင်ငံတွင်းကို သင်္ဘော အဝင်မခံပါဘူး။ ဆီပါနှုန်း များနေတဲ့ ရေတွေကိုလည်း ဆီနဲ့ရေ ခွဲခြားပေးတဲ့ Oily Water Seperator စက်ကိုလည်း သင်္ဘောတိုင်း မရှိမဖြစ် ဝယ်ယူထားရပါတယ်။ ဒါတွေကတော့ ပင်လယ်ပြင် မညစ်ညမ်းရေးအတွက် IMO သတ်မှတ်ထားတဲ့ စက်များဖြစ်ပါတယ်။
PLC, DCS, HMI
ရှေးယခင်များကတော့ လျှပ်စစ် ကွန်ထရိုးမှာ Relay Network နဲ့ အလုပ်လုပ်ကြပါတယ်။ အခုခေတ်တော့ ပိုလွယ်ကူ၊ဈေးသက်သာတဲ့ Programmable Logic Controller PLC များကို အစားထိုးသုံးလာပြီး၊ LCD Panel touch screen control ကို သုံးလာကြတယ်။ Central Control အဖြစ် DCS, Human Machine Interface HMI စတဲ့ စနစ်ကြီးများကို Module များနဲ့ ဆက်စပ်သုံးစွဲလာကြပါတယ်။ ဒါကြောင့် သင်္ဘောတခုလုံး အပူချိန်၊ ဖိအား၊ အားလုံးကို တနေရာကနေ မြင်ရ၊ ထိန်းရတာ ပိုလွယ်လာပါတယ်။ သို့သော်ငြားလည်း သင်္ဘော၊ စက်ရုံများမှာ လူနဲ့ သွားကြည့်လုပ်ကိုင်တဲ့ Manual System ကိုပဲ အားကိုးနေရဆဲပါ။
Marine Navigation System
သင်္ဘောတွေမှာ သက္ကရာဇ် ၂ဝဝဝ နောက်ပိုင်းမှာ တဲလက်စ်ရိုက်တဲ့ ရေဒီယိုအရာရှိဆိုတာ မထားတော့ပါဘူး။ Nigavation လုပ်တဲ့ ရေဒါ၊ ဂျိုင်ရို၊ ဂျီပီအက်စ်၊ စပိလော့ စတဲ့ ပစ္စည်းကိရိယာများနဲ့ သင်္ဘောတစင်းနဲ့ တစင်း ဆက်သွယ်မှုနည်းစနစ်ဟာ အလွန်ကောင်းလာတဲ့အတွက် ရှေးကလို ရေဒီယိုအရာရှိ မလိုတော့ပါဘူး။ သာမန် အရာရှိတယောက်က အလွယ်တကူ သုံးနိုင်လာပါပြီ။ ဒါကြောင့် သင်္ဘော လျှပ်စစ်အရာရှိ Electrician ကပဲ ဒီ Navigation Equipment များကို တာဝန်ယူ၊ ပြင်ဆင်တဲ့ လုပ်ငန်းကို လုပ်ပါတယ်။
Pneumatic and Hydraulic
သင်္ဘောက စက်ပစ္စည်းများ Automation အတွက် အဓိကလိုအပ်တာကတော့ လျှပ်စစ်ဓာတ်အားဖြစ်ပါတယ်။ သို့သော်လည်း Automation Instruments များကို မောင်းနှင်ဖို့ Pneumatic (လေအား) နဲ့ Hydraulic (ဆီအား) ၂ မျိုးက အထူးအရေးကြီးပါတယ်။ အလွန်လေးလံကြီးမားတဲ့ စက်တွေ၊ Cargo Valves တွေ၊ ကရိန်းကြီးတွေကို Hydraulic System နဲ့ အလုပ်လုပ်ခိုင်းရပါတယ်။ သေးငယ်သွက်လက်တဲ့ စက်ကိရိယာများ၊ လျှပ်စစ်ဓာတ်အား မီးပွားကျမှာ စိုးရိမ်ရတဲ့ ရေနံသိုလှောင်တဲ့နေရာများမှာ Pheumatic Controller များကို သုံးရပါတယ်။ ဒီခေတ်အခါမှာတော့ Zenar Barrier ဆိုတဲ့ ပေါက်ကွဲမှု ကာကွယ်နိုင်တဲ့ Safety Device တွေ စိတ်ချလက်ချ သုံးလာနိုင်တဲ့အတွက် Pheumatic, Hydraulic ကို အရင်လောက် တွင်တွင်ကျယ်ကျယ် မသုံးတော့ပေမယ့် ဒီ
၂ မျိုးကိုတော့ သင်္ဘော၊ ရေနံ၊ ဓာတ်ငွေ့ လောကမှာ အထူးလိုအပ်နေဆဲ ဖြစ်ပါတယ်။
စင်္ကာပူကျွန်းပတ်လည်ရှိ သင်္ဘောများ
သင်္ဘောနဲ့ပတ်သက်ပြီး လေအေးပေးစက် (Air-con)၊ ကွန်ပရက်စာ၊၊ ဖရီဇာ၊ ဓာတ်အားပေးစက် စတဲ့ စက်ပစ္စည်းများ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများစွာလည်း ရှိပါတယ်။ လျှပ်စစ်၊ စက်မှု ပစ္စည်းများကို သင်္ဘောပေါ် တပ်ဆင်၊ ကော်မရှင်၊ စမ်းသပ်ပေးတဲ့ ကုမ္ပဏီများစွာလည်း ရှိပါတယ်။ စင်္ကာပူကျွန်းပတ်လည်မှာ သင်္ဘောမျိုးစုံ နေ့စဉ် အစင်းရေ ၅ ထောင်ထက်မနည်း အဝင်အထွက်၊ အသွားအလာ ရှိတဲ့အတွက် သင်္ဘောပြင်ဆင်၊ လုပ်ငန်းဟာ စင်္ကာပူနိုင်ငံအတွက် ဝင်ငွေအမြောက်အမြား ပေးနေဆဲဖြစ်ပါတယ်။ စင်္ကာပူဟာ ကွန်တင်နာ သင်္ဘောဆိပ်ကလည်း ကုန်တင်ကုန်ချ အများကြီးလုပ်ရပြီး (ကမ္ဘာ့ ကုန်တင်ကုန်ချ အများဆုံး ကွန်တင်နာဆိပ်ကမ်း)၊ ရေနံချက်စက်ရုံများ (ကမ္ဘာ့ ရေနံအများဆုံး ချက်လုပ်သော မြို့) ဖြစ်တဲ့အတွက် ရေနံတင်သင်္ဘောများလည်း အမြောက်အမြား ဝင်ထွက်သွားလာနေကြပါတယ်။ အင်ဒိုနီးရှားနဲ့ အာရပ်နိုင်ငံများက ရေနံများ တရုတ်၊ ဂျပန်၊ အမေရိကားကို သယ်တဲ့ ခရီးစဉ်မှာ စင်္ကာပူကို ကြားခံ ရေနံသိုလှောင်ချထားတဲ့ ပွဲစားနိုင်ငံအဖြစ် အသုံးပြုတော့ စင်္ကာပူမှာ ရေနံချက်လုပ်ငန်းအပြင်၊ ရေနံသိုလှောင်ကန်များစွာ ရှိပါတယ်။
၂ဝဝ၅ ခုနှစ် ပေါက်ဈေးအရ Oil Tanker သင်္ဘောတန်ဖိုးက တန်ချိန်အရ 32–45,000 DWT, 80–105,000 DWT, and 250–280,000 DWT သင်္ဘောတွေကို အမေရိကန်ဒေါ်လာ သန်းပေါင်း US$43M, $58M, $120M ရှိပါတယ်။ ရေနံအပြည့်တင်ရင် အခေါက်အနည်းငယ်နဲ့ အရင်းကျေတဲ့ လုပ်ငန်းဖြစ်ပေမယ့် အရင်းအနှီး ကြီးလှပါတယ်။ ဒါကြောင့် သင်္ဘောပြင်ဆင်၊ ဒေါက်တင်တဲ့အခါ လျင်မြန်ပြီး အရည်အသွေးမြင့်တဲ့ စင်္ကာပူမှာ မြန်မြန်ပြီးနိုင်တဲ့အတွက် စင်္ကာပူသင်္ဘောကျင်းလုပ်ငန်းက စရိတ်ကြီးပေမယ့် အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမား ထောင်၊ သောင်းချီပြီး စင်္ကာပူ သင်္ဘောပြင်တဲ့ လုပ်ငန်းတွေမှာ အလုပ်ပေးထားနိုင်ပါတယ်။
စင်္ကာပူ Ship Management Agents နှင့် မြန်မာသင်္ဘောသားများ
စင်္ကာပူအစိုးရပိုင်တဲ့ Neptune Orient Line သင်္ဘောများမှာ မြန်မာအင်ဂျင်နီယာများစွာ အလုပ်လုပ်ကြပါတယ်။ သင်္ဘောသားလောကမှာ ဖိလစ်ပိုင်နဲ့ အိန္ဒိယ လူမျိုးပြီးရင် မြန်မာလူမျိုးက အများဆုံးဆိုတဲ့အထိ နာမည်ရပါတယ်။ ယခင်ကတော့ သင်္ဘောသားဆိုရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပေမယ့် အခုမှာတော့ လစာကောင်းပေမယ့် ဘဝကြမ်းတမ်း၊ ပင်လယ်ခရီးသွားရတော့ မြန်မာများ သိပ်မလုပ်တော့ပါဘူး။ ဒါပေမဲ့ မြန်မာသင်္ဘောသားများကို ခန့်တဲ့ အေဂျင်စီတွေ မြန်မာပြည်မှာ ပွဲခတောင်ပေးစရာ မလိုတဲ့အထိ ဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာသင်္ဘောသားများကို စင်္ကာပူအခြေစိုက် အေဂျင်စီများက ခေါ်ခန့်ထားလေ့ ရှိပါတယ်။ သင်္ဘောသား အရာရှိတော်တော်များများဟာ စင်္ကာပူကတဆင့် သင်္ဘော အတက်၊ အဆင်း လုပ်ရပြီး တချို့ စင်္ကာပူမှာပဲ အမြဲနေထိုင်ခွင့် Permanant Resident - PR အဖြစ်ကို ရရှိနေကြပါပြီ။ မြန်မာသင်္ဘောသားများအတွက် အေဂျင်စီများကို www.myanmarshipping.com/agents.htm အင်တာနက်မှာ ရှာနိုင်ပါတယ်။
သင်္ဘောပေါ် ပြင်ဖို့ရောက်သွားတဲ့ မြန်မာအင်ဂျင်နီယာ၊ အလုပ်သမားများအတွက် သင်္ဘောပေါ်မှာ လုပ်တဲ့ မြန်မာသင်္ဘောသားများ မြန်မာစကားပြောဆိုပြီး အလုပ်လုပ်နိုင်တော့ ပိုအဆင်ပြေပါတယ်။ သင်္ဘောတွေကို မှတ်ပုံတင်ခြင်း၊ Classification လုပ်ပေးတဲ့ Surveyer Company - Lloyd, ABS, DNV စတဲ့ စစ်ဆေးရေး အာမခံလုပ်ငန်းလုပ်တဲ့ လုပ်ငန်းတွေမှာလည်း စင်္ကာပူနိုင်ငံက နေရာပိုယူလာပါတယ်။ ရေနံတင်သင်္ဘော မှတ်ပုံတင်တဲ့နိုင်ငံများမှာ ၂ဝဝ၅ ခုနှစ်စာရင်းအရ တန်ချိန် ၁ သိန်းကျော်တဲ့ ရေနံတင်သင်္ဘောပေါင်း ၄ဝ၂၄ စင်းမှာ စင်္ကာပူက ပနားမား၊ လစ်ဘာရီးယား၊ မာရှယ်ကျွန်းစုနိုင်ငံပြီးရင် စင်္ကာပူက ကမ္ဘာနံပါတ်၎ နေရာကိုရပါတယ်။ ရေနံတင် သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့နိုင်ငံများကတော့ ဂရိ၊ ဂျပန်၊ အမေရိကန်တို့ဖြစ်ပြီး၊ သင်္ဘောအားလုံးရဲ့ ၇ဝ % ကို တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ် နိုင်ငံများမှာ ဆောက်ကြပါတယ်။ တခါတရံ စင်္ကာပူ သင်္ဘောပေါ်ရောက်သွားရင် Surveyor လည်း မြန်မာလူမျိုး၊ သင်္ဘော Chief Engineer လည်း မြန်မာလူမျိုး၊ Shore Technican (Engineer) လည်း မြန်မာလူမျိုး ကြုံရပါတယ်။
စင်္ကာပူမှ ရေနံချက်စက်ရုံများ
ကမ္ဘာ့ ရေနံအများဆုံး ချက်လုပ်သော မြို့မှာ စင်္ကာပူက ထိပ်တန်းမှာ ရှိပါတယ်။ အနီးနားက အင်ဒိုနီးရှား၊ ဘရူနိုင်းနိုင်ငံများက ထွက်တဲ့ရေနံနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများက ရေနံများကို ချက်လုပ်တဲ့ ရေနံချက်စက်ရုံများစွာ စင်္ကာပူတဝိုက် ကျွန်းငယ်လေးတွေမှာ ရှိပါတယ်။ ၂ဝဝဝ နောက်ပိုင်းမှာ Jurong Ilands ဆိုပြီး မြေဖို့၊ ရေနံချက်စက်ရုံများစွာ စက်မှုကျွန်းတခုကို ထပ်ဆောက်ပေးပါတယ်။ Shell, Mobil, Esso, British Petro စတဲ့ ကမ္ဘာ့ ရေနံကုမ္ပဏီကြီးများအပြင် စင်္ကာပူအစိုးရပိုင် Singapore Patrol Corp SPC ရေနံချက်စက်ရုံများစွာလည်း ရှိပါတယ်။ ရေနံချက်စက်ရုံများမှာ အမြဲတမ်း အင်ဂျင်နီယာ၊ အလုပ်သမား များစွာ ခန့်မထားပေမယ့် Maintanance လုပ်တဲ့ ကုမ္ပဏီများမှာတော့ မြန်မာအလုပ်သမားများစွာ ရှိပါတယ်။ အခု ၂ဝဝ၈ နောက်ပိုင်း စီးပွားရေးကပ်ဆိုက်ပြီး စင်္ကာပူစက်ရုံ၊ သင်္ဘောကျင်းများက မြန်မာအလုပ်သမားများစွာ ပါမစ်ဆက်မတိုးပေးဘဲ မြန်မာပြည်ပြန်ရပါတယ်။ သို့သော် ရေနံချက်စက်ရုံများရဲ့ Oil & Gas Industry အလုပ်များကတော့ သိပ်မကျပါဘူး၊ ဆက်လက်ကောင်းစားနေဆဲဖြစ်ပါတယ်။ Pulau Bukom Refinery (Shell) - ၄၅၈ဝဝဝ ဂါလံ၊ Jurong Island Refinery (ExxonMobil) ၆ဝ၅ဝဝဝ ဂါလံနဲ့ စုစုပေါင်း တရက် ဂါလံတသိန်းကျော် ချက်လုပ်ပြီး ကမ္ဘာမှာ အများဆုံး ရေနံချက်လုပ်တဲ့ မြို့ဖြစ်ပါတယ်။
ကမ်းလွန်ရေနံတူးစင်များ နှင့် FPSO
ရေနံတူးစဉ်များလည်း ယခင်က စင်္ကာပူအထိ သင်္ဘောနဲ့ဆွဲလာပြီး၊ ပြင်ဆင်ကြတယ်။ ပြီးရင် ကမ်းလွန်ရေနံတူးတဲ့ နေရာတွေကို သင်္ဘောနဲ့ ဆွဲသွားပြီး ကျောက်ချ၊ ရေနံတူးကြတယ်။ ဒါကြောင့် စင်္ကာပူတဝိုက်မှာ ရေနံမထွက်ပေမယ့် ရေနံတူးစင် Oil Rig အများအပြား တွေ့ရပါတယ်။ စင်္ကာပူက FELS Far East Levistan Shipyard မှာ ရေနံတူးစဉ်အသစ်များ တည်ဆောက်ပါတယ်။ တခုတခုကို တနှစ်ကနေ ၂ နှစ်ကြာအောင် ဆောက်ရပါတယ်။
၂ဝဝ၈ ခုနှစ် နောက်ပိုင်းမှာ သင်္ဘောတွေကို သံထည် ၂ ထပ် Double Hull လုပ်ရမယ့် ဥပဒေ ထွက်လာပါတယ်။ ယခင်က သင်္ဘောဟောင်းလာရင် သံဈေးနဲ့ ရောင်းချလိုက်ရတယ်။ သင်္ဘော နှစ် ၂ဝ ကျော်ကြာတဲ့ အဟောင်းတွေကို အိန္ဒိယနိုင်ငံထိ ဆွဲယူသွားပြီး အိန္ဒိယမှာ သင်္ဘောတစီးလုံးကို တခဏချင်းမှာ အပြောက် Scrap လုပ်ပစ်လိုက်တယ်။ အိန္ဒိယမှာ သံထည်၊ သံမဏိလုပ်ငန်းမှာ ကုန်ကြမ်းအဖြစ် သုံးပစ်လိုက်ပါတယ်။ အခုနောက်ပိုင်းမှာ ရေနံတင်သင်္ဘော အဟောင်းကြီးတွေကို သံထည်တထပ်ထဲရှိတော့ ပင်လယ်မှာ မောင်းခွင့် မရှိတော့ဘူး။ ဒီတော့ ပင်လယ်ကမ်းလွန် ရေနံတွင်းနားမှာပဲ ရေပေါ် ရေနံချက်လုပ်စက်ရုံ၊ သိုလှောင်ကန်အဖြစ် Floating Production Storage and Offshore FPSO အဖြစ် Conversion ရေနံတင်သင်္ဘောကို ကမ်းလွန် ရေပေါ်ရေနံချက်စက်ရုံ၊ သိုလှောင်ကန် အဖြစ် ပြောင်းလဲခြင်းလုပ်ငန်း ခေတ်စားလာတယ်။ စင်္ကာပူမှာ အဲဒီလို Conversion သင်္ဘော တနှစ်ကို ၅ စီးလောက် လုပ်တော့ အလုပ်သမား အများကြီး လိုလာပါတယ်။ Project တခုကို ဒေါ်လာသန်းပေါင်း ရာ၊ ထောင်နဲ့ချီ သုံးနိုင်ကြပါတယ်။ ရေနံ၊ ဓာတ်ငွေ့လုပ်ငန်းက မြက်မြက်ကလေးရတဲ့ ပေါ်ပင်လုပ်ငန်းဆိုတော့ ငွေသုံးနိုင်ကြပါတယ်။
ရေအောက် ရေငုတ်အလုပ်များ
မြန်မာပြည်ရေတပ်သားများ အုပ်စုလိုက် စင်္ကာပူမှာ Diver ရေငုတ်သမားအဖြစ် လာလုပ်ကြတာ တွေ့ရပါတယ်။ စင်္ကာပူမှာတော့ ရေငုတ်အလုပ်သမားဟာ လစာတော်တော်ကောင်းပါတယ်။ အသက်အန္တရာယ်လည်း အလွန်ကြီးတယ်။ သင်္ဘောအောက်ခြေ ဝမ်းပိုက်မှာရှိတဲ့ အပြစ်အနာအဆာတွေ၊ စက်ပစ္စည်းတွေကို ရေအောက် ကင်မရာနဲ့ ဓာတ်ပုံရိုက်၊ ဖြုတ်ထုတ်၊ အသစ်လဲ လုပ်ငန်းများဟာ မလွယ်လှပါဘူး။ ပင်လယ်အောက်မှာ ရေပိုက်ချ၊ ဓာတ်ကြိုး၊ ပစ္စည်းကိရိယာများ ချထား၊ ဆယ်ယူတဲ့ လုပ်ငန်းများကို လုပ်တဲ့ ရေအောက်လုပ်ငန်း စပယ်ရှယ်လုပ်တဲ့ ကုမ္ပဏီများလည်း အများကြီးရှိပါတယ်။ သင်္ဘောကျင်းတွေက ရေအောက်ငုတ်စရာ ကိစ္စပေါ်လာရင် အဲဒီရေငုတ်သမား ကုမ္ပဏီများကို ခေါ်ရပါတယ်။
သင်္ဘောလုပ်ငန်းနှင့် စင်္ကာပူအစိုးရ အားပေးမှု
စင်္ကာပူဟာ ယခင်ကတည်းက သင်္ဘောလုပ်ငန်းကြောင့် ပီနန်ကျွန်းထက်သာပြီး တိုးတက်ကြီးပွားလာရခြင်း ဖြစ်ပါတယ်။ သင်္ဘောလုပ်ငန်းဟာ စင်္ကာပူ တိုးတက်ကြီးပွားရခြင်းရဲ့ အခြေခံဖြစ်တဲ့အတွက် အစိုးရက အထူးအားပေးလျက် ရှိပါတယ်။ အစိုးရ The Maritime and Port Authority of Singapore (MPA) http://www.mpa.gov.sg/ အင်တာနက်မှာကြည့်ရင် သင်္ဘောလုပ်ငန်းနဲ့ပတ်သက်ပြီး စီးပွားရေး လုပ်လိုသူများကို အထူးကူညီပေးတာကို တွေ့နိုင်ပါတယ်။ စင်္ကာပူမှ Setting a Marine Business အတွက် အားပေးပါတယ်။ စင်္ကာပူ ပေါ်လီတက်ကနစ်မှာ ၃ နှစ် ကျောင်းတက်ရင် အစိုးရ Shipping Company တွေက ကျောင်းစတက်တာနဲ့ လစာပေးပါတယ်။ ၃ နှစ်ပြီးရင်လည်း တလ ၂ဝဝဝ လောက်နဲ့ အလုပ် ချက်ချင်းခန့်ပါတယ်။ သင်္ဘောအင်ဂျင်နီယာအလုပ် ၅ နှစ်လောက် လုပ်ပြီးရင် လစာ ၅ ထောင်လောက် ပေးပါတယ်။
စင်္ကာပူ NTU, NUS တက္ကသိုလ်တွေမှာလည်း ဘွဲ့လွန် Marine Degree/ Master တွေကို Sponsorship နဲ့ တက်ခွင့်ရှိပါတယ်။ အဲဒီလူငယ်များဟာ စင်္ကာပူက သင်္ဘောနဲ့ပတ်သက်တဲ့ ကုမ္ပဏီကြီးများမှာ မန်နေဂျာ၊ ဒါရိုက်တာများ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်လာကြပါတယ်။ တော်တော်များများလည်း စင်္ကာပူမှာ သင်္ဘောဆောက်တဲ့ ဒီဇိုင်းကုမ္ပဏီ၊ Ship Building, Ship Contractor ကုမ္ပဏီ ပိုင်ရှင်များ ဖြစ်လာကြပါတယ်။ သင်္ဘောနဲ့ပတ်သက်ပြီး Tracking System ကိုလည်း အချိန်မရွေး Call Sign မေးလို့ရပါတယ်။ မိမိသင်္ဘောရဲ့ Information ကိုလည်း အလွယ်တကူ မေးမြန်းနိုင်ပါတယ်။
မြန်မာပြည် သင်္ဘောကျင်း၊ ဓာတ်ငွေ့လုပ်ငန်းအခြေအနေ
မြန်မာပြည်ရဲ့ သင်္ဘောကျင်းလုပ်ငန်းကတော့ ယခင်က ဆင်မလိုက်သင်္ဘောကျင်း၊ ရေတပ်သင်္ဘောကျင်းတွေပဲ ရှိပြီး မြန်မာသင်္ဘောသားတွေ လက်တွေ့ Dock Service သွားယူရတဲ့နေရာ ၂ ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပေါ်လစီကြောင့် မြန်မာနိုင်ငံကို သင်္ဘောများ အဝင်အထွက် များများ မလုပ်နိုင်သေးတဲ့အတွက် သင်္ဘောပြင်တဲ့လုပ်ငန်း မြန်မာပြည်မှာ မတိုးတက်သေးပါဘူး။ ကြယ်ငါးပွင့်၊ မြန်မာ့ငါးလုပ်ငန်း၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး အစိုးရလုပ်ငန်းတွေပဲ ရှိပါသေးတယ်။ နိုင်ငံခြား သင်္ဘောလိုင်းတွေ များများ မလာနိုင်သေးပါဘူး။ ရေနံတင်၊ ဓာတ်ငွေ့တင် သင်္ဘောများလည်း မလာဘဲ မြန်မာနိုင်ငံက ရောင်းချတဲ့ ဓာတ်ငွေ့ကလည်း ပိုက်လိုင်းက ပို့ပေးခြင်းဖြစ်တော့ သင်္ဘောမလိုသေးပါဘူး၊ သင်္ဘောဆောက်တဲ့ လုပ်ငန်းမှာလည်း မထွန်းကားသေးပါဘူး။ မြန်မာ ရေတပ်သင်္ဘောတွေတောင်မှ စင်္ကာပူအစိုးရ ST Marine သင်္ဘောကျင်းတွေမှာ လာပြင်၊ ဆောက်လုပ် နေရပါတယ်။ သင်္ဘောပြင်လုပ်ငန်းကလည်း သိပ်မခက်ခဲတော့ နိုင်ငံခြားရောက် မြန်မာပညာရှင် မလိုပါဘူး။
သက္ကရာဇ် ၂ဝဝဝ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ကမ်းလွန်ဓာတ်ငွေ့ တွေ့ပြီး ရေနံကုမ္ပဏီကြီးများဖြစ်တဲ့ Total ပြင်သစ်၊ Unical အမေရိကန်တို့နဲ့အတူ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီတွေ တန်းစီပြီး မြန်မာနိုင်ငံက ကမ်းလွန်ဓာတ်ငွေ့ ဈေးကွက်ဝင်ဖို့ ကြိုးစားလာပါတယ်။ မြန်မာအစိုးရရဲ့ ပထမဆုံး ဓာတ်ငွေ့ ရောင်းရငွေကတော့ ရုရှားလုပ် MIG တိုက်လေယာဉ်ဖိုး ပေးလိုက်ရသလို ပြောပါတယ်။ စစ်တပ်အင်အားချဲ့ပြီး လက်နက်ဝယ်ရင်း အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ခေတ်မီ စစ်လက်နက်များကို ယှဉ်ဖို့ ကြိုးစားခဲ့ပါတယ်။
၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံရဲ့ ဝင်ငွေ ၆ ဘီလျံလောက်ရှိတဲ့အထဲ ဓာတ်ငွေ့ရောင်းရငွေက ရာနှုန်း အမြင့်ဆုံးရပါတယ်။ ထိုင်းနိုင်ငံကို ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ပြီးလို့ ရောင်းချ ဝင်ငွေရနေပြီဖြစ်ပြီး၊ တရုတ်နဲ့ အိန္ဒိယကိုလည်း ဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်နေကြပါတယ်။ ဒီတော့ စင်္ကာပူမှာ ရေနံနဲ့ ဓာတ်ငွေ လုပ်ငန်းကို လုပ်နေသူ မြန်မာစီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံဈေးကွက်ကို မျက်စိကျပြီး ဝင်ဖို့ ကြိုးစားပေမယ့် မရပါဘူး။ မြန်မာအစိုးရက နိုင်ငံခြားကုမ္ပဏီများနဲ့ သိုသိပ်ကျစ်လစ်စွာ Oil & Gas Industy ကို ချုပ်ထိန်းထားနိုင်ပါတယ်။ အပြင်လူများ ဝင်ခွင့် မရနိုင်ပါဘူး။ သို့သော်လည်း စင်္ကာပူမှာ Oil and Gas Industry လုပ်နေတဲ့ မြန်မာအတတ်ပညာရှင်များ၊ လုပ်ငန်းရှင်လေးများကတော့ မြန်မာပြည် ပြန်လာလုပ်ဖို့အတွက် မျှော်လင့်ချက်ကတော့ ထားနေဆဲပါ။
မြန်မာအလုပ်သမားများ အလုပ်အကိုင် အလားအလာ (၂ဝဝ၉)
မြန်မာပြည်က ကောင်းဆက် အလုပ်အကိုင်ရှာဖွေရေးကို မေးမြန်းကြည့်တဲ့အခါ စင်္ကာပူမှာ မြန်မာများကို ပိုမိုခန့်ထားကြပါတယ်။ အရှေ့အလယ်ပိုင်း အလုပ်အကိုင်ဈေးကွက်မှာ မြန်မာများအနေနဲ့ ငွေပိုရပေမယ့် အနေအထိုင်၊ အစားအသောက် သိပ်အဆင်မပြေတဲ့အတွက် မြန်မာအလုပ်သမားများဟာ စင်္ကာပူကိုပဲ ခင်တွယ်ကြတယ်။ စင်္ကာပူကလည်း အလုပ်ပိုပေးနိုင်လာပါတယ်။ ကြမ်းတမ်း၊ ညစ်ပတ်၊ အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ အိန္ဒိယအလုပ်သမားတွေပဲ လုပ်နိုင်ပါတယ်။ မြန်မာ၊ ဖိလစ်ပိုင်များကတော့ ပညာနဲ့လုပ်ရတဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာတွေမှာ နေရာရပါတယ်။ သင်္ဘောကျင်း လုပ်ငန်းမှာတော့ ပေပေတေတေ လုပ်ရတဲ့အတွက် စင်္ကာပူက ပိုလီဒီပလိုမာရထားတဲ့ မြန်မာများကတော့ တခြားစက်ရုံတွေမှာ လုပ်ကြတာများပါတယ်။ မြန်မာပြည်က တိုက်ရိုက်လာတဲ့ လူငယ်၊ လူကြီးများအတွက်ကတော့ သင်္ဘောကျင်း၊ ရေနံဓာတ်ငွေ ကုမ္ပဏီတွေမှာ အလုပ်ရလွယ်ပြီး၊ ငွေလည်း အသင့်အတင့် ရကြပါတယ်။ စင်္ကာပူရဲ့ အဓိက နိုင်ငံခြားပို့ကုန် နံပါတ် ၁ ကလည်း ရေနံထွက်ပစ္စည်းဖြစ်တော့ ဒီလုပ်ငန်းက ကောင်းစားနေဦးမှာဖြစ်ပါတယ်။
စင်္ကာပူမှာ အိန္ဒိယ၊ တရုတ်ပြည်မကြီး၊ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားများ သင်္ဘောကျင်းများရှိတဲ့ Jurong, Tuas တဝိုက်မှာ ပက်လက်ကားကြီးတွေအပေါ် တင်ပြင်ခွေပြီး အစုလိုက်သွားလာနေပုံတွေ၊ အလုပ်သမားတွေကို ထမင်းထုပ်ရောင်းပို့တဲ့ မြန်မာထမင်းဆိုင်တွေ၊ အလုပ်သမားတွေ တလကို ဒေါ်လာ ၁ဝဝ လောက်နဲ့ငှားပေးတဲ့ အလုပ်သမားတန်းလျားတွေမှာ လူငယ်အလုပ်သမားများ အစုလိုက်အပြုံလိုက် သွားလာလှုပ်ရှားနေပုံတွေ ပင်လယ်ရပ်ခြား စင်္ကာပူမှာ မိသားစုနဲ့ခွဲခွာ လာကြတဲ့ နိုင်ငံခြားအလုပ်သမားများရဲ့ မြင်ကွင်းတွေပါ။
သင်္ဘောကျင်း၊ ရေနံဓာတ်ငွေ့ လုပ်ငန်းများမှာ လုပ်ကိုင်သူ မြန်မာများကို လေးစားလျက် ကျန်းမာ၊ချမ်းသာစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါတယ်။
(ဇူလိုင်လ ၇ ရက်၊ ၂ဝဝ၉)
http://www.mizzimaburmese.com/edop/songpa/3378-2009-07-16-12-45-09.html
Subscribe to:
Post Comments (Atom)
No comments:
Post a Comment