
ရဲရင့်
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို အခြေခံပြီး မင်းကိုနိုင် ရေးသားသည့် “နောက်ကြည့်မှန်” လုံးချင်းဝတ္ထုကို ယမန်နေ့က ကျရောက်သည့် စာရေးသူ၏မွေးနေ့တွင် ဂုဏ်ပြုထုတ်ဝေဖြန့်ချိလိုက်သည်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ မင်းကိုနိုင်၏ စာပေအနုပညာအလင်းရောင်များကို ပြည်သူများထံ ဖြန့်ကြက်သွားစေရန်အတွက် ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်သည်။
ဝတ္ထုကို နောက်ကြည့်မှန်ဆိုပြီး နာမည်ပေးထားတယ်။ အချစ်ဝတ္ထု ရသဆန်ဆန်လေး ရေးထားတယ်။ ဒါပေမယ့် သူဖြတ်သန်းတဲ့ခေတ် အခြေခံပြီး သူဖန်တီးတာပါ။
မင်းကိုနိုင်သည် ပထမအကြိမ် ထောင်ထဲတွင် (၁၆) နှစ် ကြာနေခဲ့ရကာ ထောင်မှပြန်ထွက်လာပြီး နောက်ပိုင်း နောက်ဆုတ်သွားခြင်းမရှိဘဲ နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။ ယခင်ကဲ့သို့ သပိတ်မှောက်ကျောင်းသား အဆင့်မဟုတ်တော့ဘဲ နိုင်ငံအတွက် အမှန်တကယ်လိုအပ်နေသည့် အမျိုးသားသွေးစည်းညီညွတ်ရေးကို တစိုက်မတ်မတ် ပြောဆိုလုပ်ဆောင်လာခဲ့သည်။
နောက်ကြည့်မှန် လုံးချင်းဝတ္ထုသည် စာမျက်နှာ (၁၇၁) မျက်နှာပါရှိပြီး အလိုရှိသူများ ထိုင်းနိုင်ငံအတွင်း စာပို့ခအပါအ၀င် ဘတ် (၁၂၀) နှင့် အခြားပြည်ပနိုင်ငံများသို့ စာပို့ခအပါအ၀င် အမေရိကန် (၁၅) ဒေါ်လာဖြင့် စာတိုက်သေတ္တာအမှတ် (၉၃) မဲဆောက်စာတိုက် ထိုင်းနိုင်ငံ စာပို့သင်္ကေတ (၆၃,၁၁၀) သို့ ဆက်သွယ်မှာယူနိုင်သည်။
အဘ ဦးသက်ညွန့်၊ အမိ ဒေါ်လှကြည်တို့မှ မင်းကိုနိုင်ကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ သတ္တဗေဒအဓိကဖြင့် စတင်ပညာသင်ကြားခဲ့ကာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။
၁၉၈၉ ခု မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး နေအိမ်သို့အပြန် မင်းကိုနိုင်ကို စစ်အစိုးရက ဖမ်းဆီးပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာ (၁၉) ရက်တွင် ထောင်မှပြန်လွတ်ခဲ့သည်။ ထို့နောက်၂၀၀၆ ခု စက်တင်ဘာ (၂၇) ရက်တွင် ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၇ ခု ဇန်န၀ါရီလ (၁၁) ရက်တွင် ပြန်လွတ်လာကာ ၂၀၀၇ ခု သြဂုတ် (၂၁) ရက်ညတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅) နှစ် ကျခံနေရသည်။
၁၉၉၉ ခုနှစ်က ကိုမင်းကိုနိုင်သည် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့်အတူ ကနေဒါနိုင်ငံမှချီးမြှင့်သည့် JohnHumphreyFreedomAward(Canada) ဆုကို စတင်ရရှိခဲ့ပြီး အဆိုပါဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ချီးမြှင့်သည့်ဆု (၇) ဆု ရရှိထားသည်။
မင်းကိုနိုင် နောက်ဆုံးရရှိသည့်ဆုမှာ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၀၉ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ အမြင့်မားဆုံးဆုဖြစ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုဖြစ်သည်။
No comments:
Post a Comment