အောင်ထက်
ရေနက်ကွင်းလယ်မြေများ ကင်းပျောက်စေရန်အတွက် စစ်အစိုးရက ဖောက်လုပ်သော တူးမြောင်းမှာ နည်းစနစ် မမှန်ကန် သောကြောင့် ရေနက်ကွင်းဧရိယာ နည်းမသွားဘဲ ပိုမိုတိုးပွားလာနေသည်ဟု ဒေသခံ တောင်သူများက ပြောကြားသည်။
“ဒယ်အိုးကြီး (၃) လုံးလို့ ခေါ်ဆိုကြတဲ့ ကြာကန်၊ အဖျောက်၊ လက်ခိုက် ကျေးရွာ ရေနက်ကွင်းလယ်မြေတွေ ကင်းပျောက်ဖို့ နအဖက ပေ (၇၀) တူးမြောင်း ဖောက်လိုက်တယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း မမှန်တော့ အဲဒီ တူးမြောင်းကြောင့်ကို ရေနက်ကွင်းတွေ ပိုများလာတယ်” ဟု တွံတေးမြို့နယ် စမ်းရွာဒေသခံတို့က ပြောသည်။
နအဖ၏ “ဒယ်အိုးကြီး (၃) လုံး ဖော်ထုတ်ရေး” စီမံချက်အပေါ် ရေနက်ကွင်းဆိုးကျိုးကို နှစ်စဉ်ရင်ဆိုင်နေရသည့် ဒေသခံတို့က ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ညောင်ငူကျေးရွာ တောင်သူတဦးကလည်း “နွေပိုင်းမှာ ပြဿနာမရှိဘူး။ ဒီဒေသက မိုးကာလမှာ ရေများတယ်။ အဲဒီရေတွေက ကွမ်းခြံကုန်း၊ ထန်းတော ရေတံခါးကပဲ ထွက်ပေါက်ရှိတယ်။ ရေတံခါးက (၉) ပေအကျယ် (၈) ပေါက်ရှိတယ်။ ကွင်းတွေထဲက လာတဲ့ မိုးရေပမာဏနဲ့ ရေထွက်ပေါက်ကျဉ်းကျဉ်းက အင်အားမမျှဘူး။ အဲလို မိုးရေကို ချောင်းရေက မနုတ်နိုင်တော့ ဒီနယ်တကြော လယ်မြေတွေဟာ ရေပြန့်ကျယ်တွေ ဖြစ်နေတယ်” ဟု ရှင်းပြသည်။
ကွမ်းခြံကုန်းမြစ်ပေါက်မှ စီးဆင်းလာသော (သဘာဝ) ချောင်းမကြီးနှင့် (၂) ဖာလုံခန့်အကွာ၌ ပေ (၇၀) တူးမြောင်းကို လွန်ခဲ့သော (၁၀) နှစ်ခန့်ကတည်းက တည်ဆောက်ခဲ့သည်။
“တာရိုး ဘောင် (၂) ဖက်အထိ ပေ (၇၀) ရှိတယ်။ ရေစီးမြောင်းကတော့ ပေ (၅၀) လောက်ပဲ ရှိပါတယ်။ တူးမြောင်း ၀ဲယာမှာ (၁၀) ပေ ရေသွယ်မြောင်းလေးတွေလည်း ဖောက်လုပ်ထားတယ်” ဟု ဒေးဒနော ကျေးရွာတောင်သူတို့က ပြောသည်။
အဆိုပါ တူးမြောင်းသည် ချောင်းမကြီးနှင့် ယှဉ်လျက် ဆင်းလာပြီး အင်းဂလုံးကျေးရွာအနောက်ဘက်၌ ပေါင်းဆုံလျက် ကွမ်းခြံကုန်းမြို့အ၀င် ထန်းတောကျေးရွာ ရေထိန်းတံခါးမှတဆင့် ကွမ်းခြံကုန်းမြစ်အတွင်း စီးဝင်သည်ဟု သိရသည်။
တွံတေးမြို့နယ်၊ ဘုရားကြီးတောင်သူတို့ကမူ “ဒီလယ်တွေက နိမ့်လို့နစ်တာမဟုတ်ဘူး။ ရေထွက်ပေါက်မရှိလို့ နစ်နေတာ။ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတခုရှိတယ်။ ဒါက တူးမြောင်းနဲ့ ချောင်းမကြီးဆုံတဲ့ အင်းဂလုံး ရေရိုးကွေ့ကနေ ကွမ်းခြံကုန်းမြစ်ပေါက်အထိ တူးမြောင်းကို တောက်လျှောက် ဆက်ဖောက်ဖို့ပဲ။ (၃) မိုင်လောက် ဖောက်ရမယ်။ အဲလို ရေရိုး (၂) ခု ပြိုင်စီးရင် ကွင်းရေနုတ်အား ကောင်းသွားမယ်။ လယ်ကွက်တွေထဲ ဘယ်ရေက ကျန်တော့မှာလဲ။ ဒါပေမယ့် မြစ်ရေ (ရေငန်) မထိုးအောင်တော့ တူးမြောင်းတနေရာမှာ ရေထိန်းတံခါး တည်ဆောက်ရမယ်” ဟု ပြောဆိုသည်။
အဆိုပါ လယ်မြေတို့သည် မိုးကာလ၌ အမြဲ ရေလျှံနေတတ်သည့်အတွက် မိုးစပါးစိုက်ပျိုးရာတွင် မြေဆီသြဇာ သုံးစွဲ၍ အကျိုးမရှိခြင်းကြောင့် (၁) ဧက ပျမ်းမျှ (၁၅-၂၀) တင်းခန့်သာ ထွက်ရှိပြီး ဒေသဖွံ့ဖြိုးမှု လွန်စွာအားနည်းခဲ့ကြောင်း၊ နွေစပါးအနေဖြင့်လည်း ရန်ကုန် တောင်ပိုင်းခရိုင်ရှိ စိုက်ပျိုးမြေဧရိယာ၏ (၂) ရာခိုင်နှုန်းခန့်သာ အကျိုးဖြစ်ထွန်းသည်ဟု စိုက်ပျိုးရေး ပညာရှင်တဦးက သုံးသပ်သည်။
Saturday, February 27, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment