ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 17, 2009

အကျဉ်းစခန်းဟောင်း ကိုကိုးကျွန်းကို ခရီးသွားသူများ စိတ်ဝင်စား

ဇာနည်ဝင်း
.နာမည်ကျော် အကျဉ်းစခန်းကြီးတခု ဖြစ်ခဲ့သော ကိုကိုးကျွန်းသည် ယခုအခါ အပန်းဖြေ ခရီးသွားသူများ စိတ်ဝင်စားသည့် ဒေသတခု ဖြစ်နေသည်။

ရန်ကုန်မှ သင်္ဘောတစီးက ခရီးသည် ၄၀၀ ၀န်းကျင်ကို တင်ဆောင်ပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ကိုကိုးကျွန်းသို့ သွားမည်ဟု ဆိုသည်။

“သင်္ဘောပေါ်မှာ၂ ညအိပ်မယ်၊ ကျွန်းမှာ ၂ ညအိပ်မယ်။ သောကြာနေ့မှာ သင်္ဘော စပြီးထွက်မှာ ဖြစ်ပါတယ်” ဟု လက်မှတ် အရောင်းဌာန တခု ဖြစ်သည့် ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ ၀န်ထမ်းတဦးက ဧရာဝတီကို ပြောသည်။

နိုင်ငံရေးသမားများကို ထိန်းသိမ်းခဲ့သည့်နေရာအဖြစ် အများက သိရှိကြသော ကိုကိုးကျွန်း အပမ်းဖြေ ခရီးစဉ်သည် ငွေကုန်ကြေးကျ များသော်လည်း လိုက်ပါလိုသူ များပြားလျက်ရှိကြောင်း ကိုကိုးကျွန်းသို့ သွားရန် ပြင်ဆင်နေသည့် ရန်ကုန်မြို့သားတဦးက ပြောသည်။

“လက်မှတ်ကတော့ အသွားအပြန်အတွက် နှစ်သောင်းခွဲ ကျတယ်။ စားတာ သောက်တာကတော့ ကိုယ်သုံးရင် သုံးသလောက် ကုန်မယ်။ ခုချိန်မှ လက်မှတ်ဝယ်မယ်ဆိုရင် ရက်သိပ်နီးနေပြီ။ လက်မှတ်ရဖို့ မသေချာတော့ဘူး” ဟု ရန်ကုန်မြို့သား ခရီးသည်က ဆိုသည်။

ခရီးသည်များက ပင်လယ်၏ အလှအပ၊ ကိုကိုးကျွန်း၏သဘာဝ၊ ရန်ကုန်မြို့ပြနှင့် မတူသော အခင်းအကျင်းတို့ကို သွားရောက် ခံစား အပန်းဖြေရေးအတွက် သင်္ဘောပေါ်သို့ တက်ရန် အဆင်သင့် ဖြစ်နေကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်ကလည်း ရန်ကုန်မြို့မှ ပြည်တော်ညွန့်အမည်ရှိ သင်္ဘောကြီးသည် ၀မ်းဗိုက်အတွင်း လူပေါင်း ရာနှင့်ချီ တင်ဆောင်ပြီး ကိုကိုးကျွန်းသို့ ခုတ်မောင်းသွားခဲ့ဖူးသည်။

သင်္ဘောပေါ်တွင် ထိုစဉ်က လိုက်ပါသွားသူ ခရီးသည်များမှာ အပန်းဖြေခရီးထွက်သူများ မဟုတ်ပေ။ ထိုခရီးသည်များမှာ အင်းစိန်ထောင်ထဲမှ နိုင်ငံရေးအကျဉ်းသား ၂၃၃ ဦး ဖြစ်လေသည်။

ထိုအုပ်စုတွင် ပါဝင်သည့် ကျောင်းသားတပ်ဦး ခေါင်းဆောင်ဟောင်းတယောက် ဖြစ်သူ ဦးလှဖေ ခေါ် ဦးတင့်ဇော်က ကိုကိုးကျွန်းနှင့် ပတ်သက်ပြီး အတွေ့အကြုံများကို ၁၉၉၂ ခုနှစ်တွင် ရေးသားခဲ့သည်။

“ကမ်းခြေ သဲသောင်ပေါ်သို့ လှမ်းတက်မိကြသော အခါ ကျနော်တို့ အားလုံး ရှစ်ယောက်တတွဲ တန်းစီ၍ မြောက်အရပ်သို့ မျက်နှာမူ၍ ရပ်နေကြရသည်။ - - - ထိုနေရာတွင် ပင်လယ်ကမ်းခြေသည် တောင်မှ မြောက်သို့ တန်းနေသည်။ ထို့ကြောင့် တန်းစီ ရပ်နေကြသော ကျနော်တို့၏ လက်ဝဲဘက်တွင် အဆုံး အစ မမြင်ရသော ပင်လယ်သမုဒ္ဒရာ၏ အစဖြစ်သည်” ဟု ဦးတင့်ဇော်က ထိုင်းမြန်မာ နယ်စပ်တွင် ထုတ်ဝေသည့် ဒေါင်းအိုးဝေ စာစောင်မှ သူ၏ အခန်းဆက် ဆောင်းပါးတပုဒ်တွင် ဖော်ပြ ရေးသားခဲ့သည်။

၎င်းတို့အား ကိုကိုးကျွန်းသို့ ပို့သည့် ကာလမှာ ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရခေတ်တွင် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးက စစ်အာဏာသိမ်းမှု ၂ ကြိမ် ပြုလုပ်ပြီး ၂ ကြိမ်စလုံးတွင် နိုင်ငံရေးသမားများအတွက် ကိုကိုးကျွန်းအကျဉ်းစခန်း အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့သည်။

၁၉၆၀ ပြည့်နှစ် မတ်လ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ဒီမိုကရေစီ အစိုးရက ကိုကိုးကျွန်း အကျဉ်းစခန်း အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု ဦးတင့်ဇော်က သူ၏ ဆောင်းပါးတပုဒ်တွင် ရေးထားသည်။

သို့သော်လည်း ၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးက အာဏာ ထပ်မံသိမ်းယူသောအခါ ကျွန်းအကျဉ်းစခန်းကို ပြန်လည် အသက်သွင်းခဲ့သည်။ ထို့ကြောင့် အစိုးရနှင့် အယူအဆ မတူသည့် နိုင်ငံရေးသမားများမှာ ကိုကိုးကျွန်းသို့ ရောက်ခဲ့ရသည်။

ကိုကိုးကျွန်းသည် မြန်မာပြည်မနှင့် မိုင်ပေါင်း ၂၀၀ ကျော် ဝေးကွာသော်လည်း နိုင်ငံရေးအကျဉ်းသားတချို့က ပင်လယ်ပြင်ကို ဖြတ်ပြီး ကိုကိုးကျွန်းမှ ထွက်ပြေးရန် စီစဉ်ခဲ့ကြသည်။

ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ မန်းငြိမ်းမောင်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့သည် ပင်လယ်ကို အောင်မြင်စွာ ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

မန်းငြိမ်းမောင်သည် ယခုအခါ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူလျက် ရှိသည်။ သူ၏ ကိုကိုးကျွန်းမှ လွတ်မြောက်ရေး ကြိုးပမ်းချက်များ၊ အတွေ့အကြုံများကို ရဲဘော်ရှောင်း ကလောင်အမည်ဖြင့် ရေးသားထားသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်သည် ၂၀၀၀ ပြည့်နှစ်က ပြည်ပတွင် ထွက်ပေါ်လာသည်။

နာမည်ကျော် ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများက အကျဉ်းသား အခွင့်အရေး ရရှိရန်အတွက် အကြိမ်ကြိမ် အစာငတ်ခံ ဆန္ဒပြပြီး တောင်းဆိုကြသည်။

နောက်ဆုံးတွင် ကိုကိုးကျွန်း အကျဉ်းစခန်း ဖျက်သိမ်းရေးအတွက် အကျဉ်းသားများက အစာငတ်ခံ ဆန္ဒပြကြရာ ၅၄ ရက် အကြာတွင် အာဏာပိုင်တို့က အလျှော့ပေးခဲ့သည်။ အကျဉ်းသားများကို အင်းစိန်ထောင်သို့ ပြန်လည် ပို့ဆောင်လိုက်သည်။ ထိုဆန္ဒပြမှုအတွင်း နိုင်ငံရေးအကျဉ်းသား ၈ ဦး သေဆုံးသွားသည်။

ကိုကိုးကျွန်းအကျဉ်းစခန်းသို့ ပို့ဆောင်ခံရသူများထဲတွင် မြသန်းတင့်၊ လေထီးဦးအုန်းမောင်၊ ဗန်းမော်တင်အောင်၊ ဦးခင်မောင်မြင့်၊ ကေတီ ဦးကျော်တင့်၊ လူထုစိန်ဝင်း စသည့် ထင်ရှားသည့် စာရေးဆရာများ၊ နိုင်ငံရေးသမားများ ပါဝင်သည်။

စာရေးဆရာကြီး မြသန်းတင့်က ကိုကိုးကျွန်း အတွေ့အကြုံတချို့ကို “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ဟူသော ပင်ကိုယ်ရေး ဝတ္တုရှည်ကြီးတွင် မသိမသာ အနည်းငယ် တို့ထိ ရေးသားခဲ့သည်။

၂၀၀၃ ခုနှစ်တွင် အကျဉ်းသားဟောင်းတဦးကလည်း ကိုကိုးကျွန်းအတွေ့အကြုံများကို တိုက်ပွဲဝင် ရဲဘော်တဦး ကလောင်အမည်ဖြင့် ရေးသားသော “စစ်အုပ်စု သက်တမ်းရှည်နေသရွေ့” ဟူသော စာအုပ်တွင် မှတ်တမ်းတင်ခဲ့သည်။

ပြည်ပတွင် ထုတ်ဝေသည့် ထိုစာအုပ်တွင် ကိုကိုးကျွန်းပြန်တဦးဖြစ်သူ ရဲဘော်ဖိုးသံချောင်းက အမှာစာ ရေးသားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် နိုင်ငံရေးသမားများကို ကိုကိုးကျွန်းသို့ ပို့စဉ်က ပုဂ္ဂလိကသတင်းစာများ ရှိသောကြောင့် အများပြည်သူ သိရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် ပို့သည့်အခါတွင် စစ်အစိုးရက မည်သူမျှ မသိစေရန် ဖုံးဖိထားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

“အဲဒီ တုန်းက နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲကိုသာ အာရုံစိုက်နေတာဆိုတော့ ဗမာပြည်အရေးကို ဂရုမထားပါဘူး။ အကျဉ်းသားအခွင့်အရေး ကာကွယ်ရေးအဖွဲ့တို့၊ လူ့အခွင့်အရေးအဖွဲ့အစည်း စတာတွေကလည်း နောဇာနာမိ ငါမသိပဲ လုပ်နေကြ တာပါ။ အကျဉ်းကျနေသူတွေ ဟာ လက်ဝဲနွယ်သူတွေဖြစ်လို့ကလည်း အကြောင်းတချက်ဖြစ်မယ် ထင်ပါတယ်” ဟု ပြည်ပရောက် နိုင်ငံရေးသမားတဦး ဖြစ်သူ ရဲဘော်ဖိုးသံချောင်းက ဆိုသည်။

လက်ရှိ အခြေအနေတွင် အကျဉ်းသားဟောင်းများက ၎င်းတို့၏ အတွေ့အကြုံများကို မြန်မာနိုင်ငံအတွင်း ရေးသား ဖြန့်ချိနိုင်သည့် အခွင့်အရေး မရှိသေးသဖြင့် ကိုကိုးကျွန်းသည် နာမည်ကြီး အကျဉ်းစခန်းတခု ဖြစ်ခဲ့သည် ဆိုသည်မှာ လူသိနည်းသည့် အချက် ဖြစ်နေသည်။

အများ သိကြသည်မှာ ထိုနေရာသည် ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်ဟု အမည်ရကြောင်း၊ ဘင်္ဂလား ပင်လယ်အော်အတွင်း တည်ရှိကြောင်း၊ ရန်ကုန်မှ မိုင် ၂၆၀ ခန့် ဝေးကွာကြောင်း ဟူသည့် အချက်များသာ ဖြစ်သည်။

No comments:

Post a Comment