
ဒူဘိုင်းနိုင်ငံက ကြွေးမြီဒေါ်လာ သန်းထောင်နဲ့ချီပြီး မပေးနိုင်ဘဲ ဖြစ်နေရာက အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပက ဘဏ်တွေကို ကျောထောက်နောက်ခံ ပေးသွားမယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။
UAE နိုင်ငံမှာ လုပ်ငန်းတွေ လုပ်နေကြတဲ့ ဘဏ်တွေကို နောက်ထပ် ငွေကြေးပံ့ပိုး ကူညီသွားဖို့ ကမ်းလှမ်းလိုက်တဲ့အကြောင်း ဗဟိုဘဏ်က မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတုန်းကတော့ ဒူဘိုင်းနိုင်ငံက အစိုးရပိုင် Dubai World ကုမ္ပဏီက သူ့ရဲ့ ကြွေးရှင်တွေကို ပေးစရာရှိနေတဲ့ ဒေါ်လာ သန်း ၆၀,၀၀၀ ကို နောက်ထပ် ၆ လအထိ ဆိုင်းငံ့ပေးထားဖို့ ပြောဆိုခဲ့တာပါ။
ဒူဘိုင်းနိုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ကြီး တည်ဆောက်ခဲ့တာ အပါအ၀င် အိမ်မြေဆောက်လုပ်ရေး လုပ်ငန်းတွေ ကြီးထွားမှုနဲ့အတူ နိုင်ငံမှာ ကြွေးမြီတွေ တိုးပွားလာခဲ့တာပါ။
ဒီလို ဒူဘိုင်းနိုင်ငံက ကြွေးမြီပြဿနာက တက်သစ်စ နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ ဒူဘိုင်းကို အကြွေးပေးနေတဲ့ ဥရောပဘဏ်တွေကို ဂယက်ရိုက်ခတ် လာလေမလား ရင်းနှီးမြှုပ်နှံသူတွေက အထိတ်တလန့် ဖြစ်ကြပြီး ကမ္ဘာ့ စတော့ခ်ရှယ်ယာ ဈေးတွေလည်း ကျဆင်းခဲ့တာပါ။
ပါရှန်းပင်လယ်ကွေ့က စတော့ခ် ဈေးကွက်တွေကတော့ မူဆလင် အားလပ်ရက်ဖြစ်တဲ့ အိဒ်နေ့ ကုန်ဆုံးပြီး ဒီကနေ့ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment