ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 17, 2009

ငဝန် မြစ်တွင်းသင်္ဘောတိုက်မှု ၃၁ ဦးသေ၊ ၂၁ ဦး ပျောက်ဆုံးနေဆဲ

ဆလိုင်းဟံသာစန်း
ငဝန်မြစ်တွင်း သင်္ဘောနှစ်စီး တိုက်မှုကြောင့် လူ ၃၁ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပုသိမ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယနေ့ ပြောသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့တောင်ဘက် ရှမ်းဂူကျွန်းရွာအနီး ငဝန်မြစ်တွင် ပုသိမ်-သက္ကယ်သောင် ပြေးဆွဲနေသော "နေမျိုးထွန်း" အမည်ရှိ ခရီးသည်တင်သင်္ဘောနှင့် ဒီဇယ်ဆီတင် တွဲသင်္ဘောတစီးတို့ နိုဝင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်မှုဖြစ်ပွားခဲ့သည်။

ခရီးသည် ၁၇၈ ဦး လိုက်ပါသွားသည့် သင်္ဘောမှ လူပေါင်း ၁၂၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယမန်နေ့ အထိ သံဃာတပါး အပါအဝင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂၃ ဦး၏ အလောင်းများ ဆယ်ယူရရှိသည်ဟု ပုသိမ် ခ.ယ.က ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ဒါက မနေ့ကတင်တဲ့ သတင်းပို့ချက်အရပေါ့နော် ” ဟု သူက ပြောသည်။

သေကံမရောက် သက်မပျောက်သူများတွင် အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၂၄ ဦး ပါဝင်ပြီး သူတို့ကို ပုသိမ် ကမ်းနားလမ်းရှိ မြို့တော်ခန်းမတွင် နေရာချထားခဲ့သည်။

ပျောက်ဆုံးနေသူများကို ကြက်ခြေနီ၊ မီးသတ်တို့ပါဝင်လျှက် ရှာဖွေရေး လုပ်ဆောင်ဆဲ ဖြစ်သည်။

သို့သော် ခရီးသည် အရေအတွက်မှာ လက်မှတ်ဝယ်ယူသည့် စာရင်းအရ တွက်ချက်ထားခြင်းဖြစ်သဖြင့် ပျောက်ဆုံးသူ ပိုနိုင်သေးကြောင်း ခယက အရာရှိက သတိပေးထားသည်။

“သင်္ဘောက သေးတယ်၊ လူက များတယ်။ လူတွေက ဘာလို့ များလဲဆိုတော့ အထက်ဘက်ကနေ အလုပ်မရှိလို့ ဆင်းလာပြီးတော့ သက္ကယ်သောင်ဘက်က ဆားကျင်းတွေမှာ အလုပ်လုပ်ဖို့ သွားတဲ့လူတွေ၊ အဲဒီနေ့မှ စလင်ကလည်း အသစ်၊ သူက လမ်းကြောင်း မကျွမ်းကျင်တဲ့လူ” ပုသိမ် ကမ်းနားလမ်းမှ ဒေသခံတဦးက ပြောသည်။

ဆယ်ယူရရှိသည့် ရုပ်အလောင်းများအနက် ပိုင်ရှင်မရှိသည်များကို ပုသိမ်မြို့သို့ ပြန်လည်သယ်ယူခြင်း မပြုတော့ဘဲ ရှမ်းဂူကျွန်းရွာ၌ပင် သဂြုင်္ိဟ်ခဲ့သည်။

ရေယာဉ်တိုက်မှုကြောင့် အမျိုးသား ၄ ဦးကို ပုသိမ်မြို့ အသည်ကြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောဆိုသော်လည်း ရဲစခန်းက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

(တည်းဖြတ် ရဲရင့်အောင်)

No comments:

Post a Comment