
ခိုင်လင်း
နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်အထိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင်ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်အဆင့်အထိ ချပြဆွေးနွေးနေသည်။
နိုဝင်ဘာ (၁၄) ရက်က ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ပါဝင်သောအဖွဲ့နှင့် ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦးဆောင်သောအဖွဲ့အကြား တွေ့ဆုံခဲ့မှုအတွင်း မိမိတပ်ဖွဲ့ကို မိမိဘာသာအုပ်ချုပ်မည် ဆိုသည့် အချက်အပါအဝင် ဝတပ်ဖွဲ့၏ တောင်းဆိုချက်များကို နအဖဘက်က ငြင်းဆိုခဲ့ပြီး ဒီဇင်ဘာလကုန်ရက်မတိုင်မီ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နအဖ၏ဖိအားပေးခြင်း ခံခဲ့ရပြီးနောက် ဝတပ်ဖွဲ့က ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဝတပ်ဖွဲ့သည် ကိုးကန့်တပ်ဖွဲ့ကဲ့သို့ လွယ်လွယ်ကူကူတိုက်၍ ရမည်မဟုတ်ကြောင်းနှင့် မိမိတို့သည် မိမိဒေသကို အစွမ်းကုန်ခုခံကာကွယ်သွားမည်ဟု ဝတပ်မှူးတဦးက မကြာသေးမီက ပြောခဲ့သည်။
၎င်းက “ကိုးကန့်တပ်ဖွဲ့ကျတော့ သူတို့အချင်းချင်းထဲမှာကို စီးပွားရေးနဲ့ပတ်သက်လို့ ပြဿနာတွေရှိနေတယ်။ ကျနော်တို့ကျတော့ အဲလို မဟုတ်ဘူး။ သမိုင်းကြောင်းအရလည်း မတူဘူး။ ကျနော်တို့ လက်နက်ကိုင်ထားတာဟာ ငြိမ်းချမ်းရေးကို လိုလားလို့၊ မိမိဒေသကို မိမိကာကွယ်ဖို့ ကိုင်ထားတာ။ ကိုယ်ကတော့ သွားပြီး တိုက်မှာ မဟုတ်ဘူး။ သူတို့ ရန်စလာပြီ၊ ကျူးကျော်လာပြီဆိုရင်တော့ အစွမ်းကုန် ခုခံကာကွယ်သွားမယ်” ဟု ပြောသည်။
ယခု ဝဗဟိုကော်မတီ အရေးပေါ်အစည်းဝေးဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝတပ်ဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။
No comments:
Post a Comment