အောင်ထက်
MNL Grand Royal 2009 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကြော့ပွဲစဉ်၏ လာမည့် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်ယူနိုက်တက် FC နှင့် မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံ FC တို့ပွဲစဉ်မှာ လွန်စွာ စိုးရိမ်စရာအခြေအနေ ရှိနိုင်ကြောင်း ရန်ကုန်မြို့ အားကစားအသိုင်းအ၀န်းက ထင်ကြေးပေးနေကြသည်။
ထိုအသင်း (၂) သင်းသည် အောက်တိုဘာ (၁) ရက်နေ့က မန္တလေးမြို့၊ ဗထူးကွင်း၌ ဆုံတွေ့ကာ ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ကြပြီး ယခု ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ထပ်မံဆုံတွေ့ကြမည်ဖြစ်သည်။
ဗထူးကွင်းပွဲစဉ်၌ ဒေသစွဲ၊ အသင်းစွဲကြီးသော မန္တလေးပရိသတ်အချို့သည် ဘောလုံးပွဲကြည့်ပြီး ပြန်လာကြသည့် ရန်ကုန်ပရိသတ်တို့အား နေရာ (၃) နေရာ၌ ခဲများဖြင့် အငြိုးတကြီး ပစ်ပေါက်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ် (၇၉) နှင့် လမ်း (၃၀) ကြား၊ (၂၆) လမ်းနှင့် လမ်း (၈၀) ထောင့်နေရာနှင့် မန္တလေးဘူတာမှ ည (၁၀) နာရီခွဲထွက်ခွာသော အစုန်အထူးအမှတ် (၂) ရထားတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခဲပေါက်မှုဖြစ်စဉ် (၃) ခု၌ ရန်ကုန်ယူနိုက်တက် FC ပရိသတ် (၄) ဦး ဒဏ်ရာရရှိခဲ့ပြီး ရထားပြတင်းမှန်အချို့နှင့် ရွှေမန်းမေ ယာဉ် (၁၃) စီး၏ ကားမှန်များ ပျက်စီးခဲ့သည်။
အဆိုပါ ဘောလုံးပွဲသတင်းယူရန် သွားရောက်ခဲ့သည့် ရန်ကုန် စာနယ်ဇင်းသမားများကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဘိုနီတင်အောင်က မောင်းထုတ်ခဲ့သည်။ ထို့ပြင် ကြေးမုံသတင်းစာ ဓာတ်ပုံသတင်းထောက် ဦးစိုးညွန့်၏ ဓာတ်ပုံသတင်းရိုက်ကူးမှုကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပေးသော MNL ၀င်ခွင့်ကတ်ပြားကို စာနယ်ဇင်းသမားတဦးက လွှင့်ပစ်ခဲ့သည်အထိ အခြေအနေတင်းမာခဲ့သည်ဟု လျှပ်တစ်ပြက်ဂျာနယ်က ရေးသားသည်။
ရန်ကုန်ယူနိုက်တက် FC Fan Club အဖွဲ့ဝင် ရန်ကုန်မြို့ခံတို့အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည့် တရားခံ (၉) ဦးအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း အထက်ပါဂျာနယ်တွင် ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်။
စက်တင်ဘာလအတွင်း မန္တလေးတိုင်း၊ ဗထူးကွင်း၌ကျင်းပသော Delta United FC နှင့် ပွဲစဉ်တွင် (၁) ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သွားသော မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံ FC အားပေးပရိသတ်သည် တဖက်အသင်း ပရိသတ်များအား ကိုယ်ထိလက်ရောက် စော်ကားမှုများ ကျူးလွန်ခဲ့ကြသည်။ ထိုနေ့ပွဲစဉ်တွင် ကလေးတဦး ဒဏ်ရာရရှိခဲ့ပြီး Delta မှ ယာဉ် (၃) စီး ပျက်စီးခဲ့သည်။
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယခုလကျင်းပသည့် ရတနာပုံ FC ပွဲစဉ်တိုင်းလိုလို၌ ရတနာပုံ FC တံဆိပ်ပါ အပြာရောင်တီရှပ်၊ ခေါင်းစည်း၊ ဘောလုံးပွဲဝင်ခွင့်လက်မှတ်နှင့် ယာဉ်အကြိုအပို့များကို အခမဲ့ ၀န်ဆောင်မှုပေးခဲ့သည်။
Promotion တရက် စရိတ်သည် သိန်း (၃၀၀) ကျော်ရှိနိုင်သည်ဟု Alpine သောက်ရေသန့် တာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၃၁) ရက်နေ့က ကျင်းပသည့် Detla နှင့်ပွဲစဉ်တွင် ရတနာပုံ FC ၀တ်စုံဝတ် ရန်ကုန်မြို့ခံပရိသတ်များ သုဝဏ္ဏအားကစားကွင်းအတွင်း ပြည့်နှက်သွားခဲ့ပြီး စခန်းရဲနှင့် စစ်တပ်အပါအ၀င် အင်အား (၅၀၀) ခန့် လုံခြုံရေးယူခဲ့ရသည်။
“လာမယ့် နိုဝင်ဘာ (၈) ရက်ပွဲစဉ်မှာ ရတနာပုံ FC ရဲ့ Promotion ကို ထပ်ပြီး တိုးလိမ့်မယ်။ ယခင်ထက်အင်အား (၂) ဆ တိုးမြှင့်ချထားမယ်ကြားတယ်” ဟု ရတနာပုံ FC ရှယ်ယာဝင် လွယ်ဟိန်းဝန်ထမ်းတဦးက ပြောသည်။
လာမည့်ပွဲစဉ်တွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC ၀တ်စုံဝတ် ရန်ကုန်မြို့ခံပရိသတ်နှင့် ရန်ကုန်ယူနိုက်တက် FC အားပေးပရိသတ်တို့၏ အခြေအနေများ ရှုပ်ထွေးနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုနေကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment