ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 6, 2009

ဂျီအက်စ်အမ်ဖုန်းများ ချပေးနေ

မျိုးချစ်သူ
မြန်မာ့ဆက်သွယ်ရေးတွင် ဂျီအက်စ်အမ်ဖုန်းတလုံးကို ကျပ် (၁၇) သိန်းဖြင့် (၅) ရက်အတွင်း အမည်ပေါက် ၀ယ်ယူနိုင်ကြောင်း ဆက်သွယ်ရေးအရာထမ်းတဦးက ပြောသည်။

ယခင်က ဂျီအက်စ်အမ် တယ်လီဖုန်းများကို လျှောက်လွှာများဖြင့် လျှောက်ကြရပြီး အစိုးရဈေး ကျပ် (၁၅) သိန်း (၅) သောင်း ပေးသွင်းရကာ ဖုန်းကတ်ကို လျှောက်ထားသူကိုယ်တိုင် သွားရောက်ထုတ်ယူရသည်။

“အခုလို (၁၇) သိန်းနဲ့  အမည်ပေါက်ရမယ်ဆိုတဲ့အတွက် ဘယ်သူကမှ အချိန်ကုန်မခံတော့ဘူး။ ဆက်သွယ်ရေးက လုပ်စားတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ငွေ (၁) သိန်းခွဲပဲ ကွာတာဆိုတော့ သူတို့ဆီမှာပဲ ၀ယ်လိုက်ရုံပဲလေ” ဟု ဂျီအက်စ်အမ် ဖုန်းကတ်ဝယ်သူတဦးက ပြောသည်။

ထိုသို့ ဖုန်းအမည်ပေါက်ဝယ်ယူနိုင်ခြင်းမှာ ဆက်သွယ်ရေးဝန်ထမ်းများက ခွင်တခုအဖြစ် ငွေရှာသော စီးပွားရေးဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ ဖုန်းဈေးမမြင့်သည့်အတွက် အဆိုပါ ဂျီအက်စ်အမ်ကတ်များကို ၀ယ်သူများကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ် ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံအတွင်းတွင် အော်တိုဖုန်းပေါင်း (၁၅၃,၃၄၄) လုံး၊ ဂျီအက်စ်အမ် ဖုန်းပေါင်း (၃၇၅,၈၀၀) လုံးနှင့် စီဒီအမ်အေ ဖုန်းပေါင်း (၂၀၅,၅၀၀) လုံး ရှိနေသည်ဟု သိရပြီး နောက်ဆုံး အတိအကျ စာရင်းများကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ်လတွင် ရန်ကုန်၌ ဂျီအက်စ်အမ် တာဝါတိုင်များကို မြန်မာ့ဆက်သွယ်ရေးက ဖုန်းလိုင်းမကောင်းသော မြို့နယ်များတွင် စိုက်ထူခဲ့ကြောင်း လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးမှ သိရသည်။

ယင်းသို့ တာဝါတိုင်များ စိုက်ထူသော်လည်း ရန်ကုန်မြို့တွင်းရှိ ကွန်ဒိုကဲ့သို့ အထပ်မြင့်အဆောက်အအုံကြီးများတွင် ဖုန်းလိုင်း လုံးဝမကောင်းကြောင်း၊ တာဝါတိုင်ထောင်ရန်အတွက် ဆက်သွယ်ရေးဌာနနှင့် အပေးအယူပြုလုပ်မှသာ လာရောက်တပ်ဆင်ပေးလေ့ရှိကြောင်း သိရသည်။

No comments:

Post a Comment