ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, May 10, 2010

မဲဆောက်ဒေသတွင်း .တရားမဝင်မြန်မာအလုပ်သမား ၃၀၀ နီးပါး ထောင်ဒဏ်ချမှတ်ခံရ

ဖြိုးကြီး
.တရားမဝင်မြန်မာအလုပ်သမား ၃၀၀ နီးပါးကို မဲဆောက်တရားရုံးက ယနေ့နံနက်ပိုင်းတွင် ထောင်ဒဏ်များချမှတ်လိုက်သည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ အိုမီဂါစက်ရုံ၊ နွားရုံနှင့် အခြားကျဘန်းအလုပ်သမားများဖြစ်ကြောင်း တရားရုံးသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။

“သူတို့ကို ဒီမနက်ဘဲ ရုံးတင်တယ်၊ အဓိက ကတော့ မြန်မာနိုင်ငံကူးမှတ်ပုံတင်မရှိတာရယ်၊ အလုပ်လုပ်ခွင့်လက်မှတ် မရှိတာကြောင့် အခုလိုထောင် (၄၅) ရက် ချလိုက်တာ” ဟု ၎င်းကပြောသည်။


အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများကို ထောင်ဒဏ်ကျခံပြီးပါက မြန်မာနိုင်ငံဘက်ကမ်းသို့ ပြန်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ အလုပ်သမားကို ပြီးခဲ့သည့် စနေနေ့ကတည်းက စတင်ဖမ်းဆီးခြင်းဖြစ်ပြီး အလုပ်ရှင်အနေဖြင့် တဦးလျှင် ဘတ် (၂၀၀၀) ဖြင့် ပြန်လည်ခေါ်ထုတ်သွား၍ ရသော်လည်း အလုပ်သမားအားလုံးအတွက် သူဌေးက ငွေကြေးတက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။

“အိုမီဂါစက်ရုံက ဖမ်းတုန်းက အယောက် ၁၂၀ ကျော်တယ်၊ သူဌေးက အယောက် ၁၀၀ ကို လာရွေးသွားတော့ လွှတ်ပေးလိုက်တယ်၊ ကျန်တဲ့ ၂၃ ယောက်လောက်ကတော့ ဒီနေ့ထောင်ချတဲ့ အထဲပါသွားတယ်” ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်မလုပ်ကြခြင်းမှာလည်း ငွေကြေးမတက်နိုင်ခြင်းများရှိသည့်အပြင် လက်မှတ်လုပ်ပြီးပါက မြန်မာပြည်တွင် ကျန်ရစ်ခဲ့သည့် မိသားစုများထံ စစ်အစိုးရအာဏာပိုင်များက ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်ဟုအလုပ်သမားတဦးက ပြောသည်။

ယခုအလုပ်သမားများအား လာရောက်ဖမ်းဆီးသူများမှာ တက်ခ်ခရိုင်မှ အာဏာပိုင်များဖြစ်ပြီး အိုမီဂါစက်ရုံ၊ နွားရုံ၊ စတီးရုံ၊ အမိုးစိမ်းရုံ၊ အမိုးနီရုံ၊ (SSC-၁ )၊ (SSC- ၂) စက်ရုံများအပြင် ကျဘန်း ပန်းရံလုပ်ကိုင်သူများပါဝင်သည်။

မဲဆောက်ဒေသတွင်း ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်နေသည့်အတွက် အချို့စက်ရုံမှ အလုပ်သမားများမှာ ထွက်ပြေးတိမ်းရှောင် နေရလျှက်ရှိသည်။

No comments:

Post a Comment