ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, June 2, 2009

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင်

မေကျော်
အင်္ဂါနေ့၊ ဇွန်လ 02 2009 17:12 - မြန်မာစံတော်ချိန်


မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင် ရာထူးမှ အနားယူ မည်ဟု ဌာနတွင်း သတင်းရပ်ကွက် အပြောအရ သိရသည်။

အသက် ၆၁ နှစ်အရွယ် ဒေါက်တာ ထွန်းလွင် မှာ သူ၏ တာဝန်လုပ်ငန်းများ လွှဲပြောင်းပေးနေ ပြီဟု စုံစမ်းသိရှိရသည်။

“ဆရာက ဒီမှာ မလုပ်တော့ပါဘူးခင်ဗျာ။ နားသွားပါပြီ၊ ကျန်းမာရေး ကြောင့်ပါ ”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဝန်ထမ်းတဦးက ပြောကြားသည်။

ဒေါက်တာထွန်းလွင်မှာ ၁၉၈၀ ခုနှစ်ခန့်မှသည် ညွှန်ကြားရေးမှူး တာဝန်ယူထားသည့်တိုင် မိုးလေဝသ သတင်းကြေညာသူ အဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

နာဂစ်မုန်တိုင်း မတိုင်မီ အချိန်ထိ မိုးလေဝသ သတင်းအတွက် အားထားရသူတဦး ဖြစ်ခဲ့ပြီး သတင်းလောကတွင်လည်း သတင်း ထုတ်ပြန်ရန် ပွင့်လင်းသူ အဖြစ် ကျော်ကြားခဲ့သည်။

၂၀၀၈ ခုနှစ် မေလ နာဂစ် မုန်တိုင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး မီဒီယာများတွင် မိုးလေဝသဌာနက သတင်းထုတ်ပြန်ချက်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းလွင်မှာ လူထု စိတ်ဝင်စားမှု ခံရသော ပုဂ္ဂိုလ် တဦးဖြစ်လာခဲ့သည်။

မုန်တိုင်း တိုက်ခိုက်ပြီးနောက် ဦးထွန်းလွင်ကို ထူးခြားစွာပင် ဒေါက်တာဘွဲ့ပေးအပ်လိုက်ရာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင် ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အငြိမ်းစား ဥပဒေအရ အသက် ၆၅နှစ်ထိ တာဝန်ထမ်းဆောင်နိုင်သော်လည်း ယခု အသက် ၆၁ နှစ် အရွယ်တွင် ရုတ်တရက် အငြိမ်းစား ယူလိုက်ခြင်းဖြစ်သည်။

ဒေါက်တာထွန်းလွင်ကို ၁၉၄၈ ခုနှစ်တွင် စစ်ကိုင်းတိုင်း ငါန်းဇွန်းမြို့နယ် ကုလားကျေးရွာတွင် မွေးဖွားခဲ့သည်။

ရူပဗေဒဘွဲ့ ရရှိခဲ့ပြီး အမေရိကန် ဖလောရီဒါ တက္ကသိုလ်မှ မိုးလေဝသနှင့် ဇလဗေဒ ဘာသာရပ်ကို သင်ယူခဲ့သည်။

၂၀၀၃ ခုနှစ်တွင် စက်မှုထူးချွန် ဒုတိယဆုကို ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် နအဖ စစ်အစိုးရက ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။

၂၀၀၆ တွင် နိုင်ငံတကာ မိုးလေဝသနှင့် ဇလဗေဒ အသင်းကြီး၏ အမြဲတန်း အသင်းဝင်၊ ၂၀၀၇ တွင် အာရှဒေသ သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် ပြင်ဆင်ရေး ကောင်စီ မြန်မာနိုင်ငံ၏ ဥက္ကဌအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။

(စိန်ဝင်း ဖြည့်စွက် ရေးသားထားသည်။)

No comments:

Post a Comment