ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, February 15, 2011

ဆူးပစ်စမ်း မီးဘေး၊ ၈၀၀ ကျော် အိုးအိမ်မဲ့

ကျော်ခ

အိမ်ခြေ ၁၈၄ မီးလောင်မှုတရပ် မကွေးမြို့နယ် ဆူးပစ်စမ်းရွာ၌ ပြီးခဲ့သည့် စနေနေ့တွင် ဖြစ်ပွားခဲ့ရာ လူဦးရေ ၈ဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်သွားကြောင်း ဒေသတွင်း မီးသတ်ဌာနများနှင့် ရွာသားများက ပြောသည်။

အိမ်ခြေ ၂၇ဝ ကျော်ရှိ ဆူးပစ်စမ်းတွင် ယခုလ ၁၂ ရက်နေ့ မွန်းလွဲပိုင်း၌ မီးကြွင်းမီးကျန်မှတဆင့် စတင်၍ မီးလောင်ခဲ့ကြောင်းနှင့် ၎င်းကျေးရွာမှာ မကွေးနှင့် မိုင် ၄ဝ ကျော်၊ တောင်တွင်းကြီးနှင့် မိုင် ၂ဝ ကျော် ဝေးသဖြင့် မီးသတ်ကားများ သွားရောက်ရန် အချိန်ကြန့်ကြာသဖြင့် အိမ်ခြေအများအပြား မီးဘေး သင့်ခဲ့ရကြောင်း ယင်းနှစ်မြို့နယ် မီးသတ်ဌာနများက ဆိုသည်။

“မီးသွားငြှိမ်းဖို့ သွားရတဲ့ ခရီးကလည်း ဝေးတယ်။ ဟိုရွာရောက်တော့လည်း ရေရှားတော့ ရေတခါကုန်ရင် ရေကန်ကို တခါသွားပြီး သယ်နေရတော့ နိုင်နိုင်နင်းနင်း ငြှိမ်းနိုင်ဖို့က အခက်တွေ့တယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ ရွာတွေမှာ လောင်ရင် ဒါမျိုးတွေက ဖြစ်နေကျလိုပါပဲ” ဟု မကွေးတိုင်း မီးသတ်ဌာန တာဝန်ရှိသူတဦးက ပြောဆိုသည်။

မကွေးမှ မီးသတ်ကား ၂ စီးနှင့် တောင်တွင်းကြီးမှ ၂ စီးဖြင့် ငြှိမ်းသတ်ပေးခဲ့ကာ၊ ယခုမီးမှာ ပေါ့ဆမီးဟု တောင်တွင်းကြီး မြို့နယ် မီးသတ်ဌာန တာဝန်ရှိသူ တဦးက ပြောသည်။

ရေသယ်ယူရေး ခက်ခဲသောကြောင့် ထိရောက်စွာ မငြှိမ်းနိုင်သဖြင့် ရွာခံများနှင့် ရွာနီးနားချင်းများက ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များဖြင့်သာမက အဝတ်များကို ရေစွတ်၍ပါ ဝိုင်းငြှိမ်းခဲ့ရကြောင်း ဒေသခံများ အဆိုအရ သိရသည်။

“မြို့ပေါ်က မီးသတ်ကားတွေလာတာ တော်တော်နောက်ကျတယ်။ အနည်းဆုံး ၃ နာရီကျော်လောက်မှ ရောက်လာတယ်။ သူ့ကားထဲက ရေကလည်း ခဏလေး ပက်လိုက်တာနဲ့ ကုန်သွားတော့ ရေတခါ သွားသယ်နဲ့ အလုပ်မဖြစ်ဘူး။ အားလုံးဝိုင်းပြီး သတ်ကြလို့တာ ဒီလောက်နဲ့ ပြီးသွားတာ။ နို့မို့ဆို ရွာလုံးကျွတ်တယ်” ဟု ဒေသခံကုန်သည်တဦးက ပြောဆိုသည်။

မီးလောင်သွားသည့် အိမ်များမှ လှည်း၊ ထွန်နှင့် သိမ်းဆည်းထားသည့် ကောက်ပဲသီးနှံများ မီးထဲပါသွားသဖြင့် စိုက်ပျိုးရာသီရောက်လျှင် တောင်သူများအနေဖြင့် အခက်တွေ့မည်ဟု ဆိုသည်။

မီးဘေးဒုက္ခသည် ၈၀၀ ကျော်အတွက် မြို့နယ်နှင့် ရပ်ကွက် အာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ပြုလုပ်ပေးရန် စီစဉ်နေပြီး၊ အနီးတဝိုက် ရွာများက အစားအသောက်များ လှူဒါန်းကြသည်။ အချို့မှာ အနီးအနား ရွာများရှိ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေကြသည်။

No comments:

Post a Comment